Wednesday, May 7, 2008

အိမ်ရှေ့က ခုံတန်းလေး

အိမ်ရှေ့က ခုံတန်းလေး

သစ်အဟောင်းကလေးနဲ့
ဖြစ်သလို ဆောက်ထားခဲ့တာပါ။

ဒါပေမဲ့
အချိန်တန်ရင်
မထိုင်ရ မနေနိုင်ဘူး။

နေ၀င်သွားပြီဆိုရင်
အိမ်ရှေ့က ခုံတန်းလျားမှာ
လူငယ်တွေစုစည်း
ခေတ်ကြီးကို တည်းဖြတ်
ဇာတ်လမ်းတွေကို ထုဆစ်
အဖြစ်အပျက်တွေကို မော်ကွန်းရေး
လူဖြစ်ခြင်းကို ချစ်တဲ့တေးတွေ
သီကြွေးခဲ့ကြတယ်။

ဆောင်းတွင်းမနက်တွေဆို နေပူဆာလှုံကြ
အိမ်နီးနားချင်းတွေစုပြီး စကားပြောကြ
ရွာရေး ရပ်ရေးတွေ တိုင်ပင်ကြ
ခုံတန်းလျားလေးဟာ အားလုံးရဲ့ ဗဟိုချက်မ။

သစ်အဟောင်းကလေးနဲ့
ဖြစ်သလိုဆောက်ထားပေမဲ့ . .
အိမ်ရှေ့က ခုံတန်းလျားလေးဟာ
တို့တစ်တွေရဲ့ အနာဂတ်လမ်းစ . . . ။ ။
(သက်လွင်နှင်း)

2 comments:

~P~ said...

ကြုံတုန်းလေး..ကဗျာပါဖတ်သွားတယ်...မိုက်တယ်ကဗျာလေးက ။ အား ပေးလျှက်ပါ။

အညာသား said...

ကဗျာလေး မိုက်တယ်။
ဆိုလိုတဲ့အဓိပ္ပါယ်လေးကို သဘောကျတယ်။