Thursday, May 8, 2008

ကျွန်တော်ကျောင်းသားဘ၀ (၁၃)

ကျိုင်းတုံသို့ အိမ်ပြန်ခရီး…
မနက်(၈)နာရီကတည်းက ကားထွက်မယ့်အိမ်ကနေစောင့်တာ မွန်းလွဲမှ စထွက်ဖြစ်တယ်။ တာချီလိတ်မြို့အထွက် ရဲဂိတ်ကင်းရောက်တော့ ခေတ်စကားအရပြောရရင် “ရစ်” နေတာနဲ့ အချိန်တော်တော်ကြာ သွားတယ်။ သူတို့ပြောစကားအရ တင်လာတဲ့ သွပ်ကတရားမ၀င်ဘူး၊ ဟင်းချိုမှုန့်က တရားမ၀င်ဘူး၊ ဘိလပ်မြေအိတ်တွေက တရားမ၀င်ဘူးနဲ့ နောက်ဆုံး ခေတ်စကားအရပြောရရင် “ရစ်” နေရင် “ညှိ”လိုက်၊ ဒါဆို အဆင်ပြေသွားမယ်။ ဒါနဲ့ “ညှိ”လိုက်တယ်။

စီးလာတဲ့ GMC ကားကအတော့်ကို အင်ဂျင်ကောင်းပါတယ်။ သင်္ကြန်ပြီးစ မိုးတွေရွာထားတဲ့ လမ်းမှာ တင်ထားတဲ့ကုန်နဲ့ မမျှရုန်းနိုင် တယ်။ အဲဒီနေ့ တာချီလိတ်နဲ့ မိုင်(၂၀)ကျော်လောက်ဝေးတဲ့ တာလေမြို့ မှာညအိပ်တယ်။ မိုးချုပ်မှရောက်တာဖြစ်လို့ ပတ်ဝန်းကျင်လေ့လာဖို့ မဖြစ်နိုင်ဘူး။ တစ်မြို့လုံး မှောင်နဲ့မဲမဲပါ။ စားသောက်ဆိုင်လေးလောက် သာ အောက်လင်းမီးထွန်းလို့ လင်းထိန်နေတာ။ အဲဒီည စားသောက်ဆိုင် ရှေ့ကထင်းပုံပေါ်မှာ မှေးတစ်လှည့် နိုးတစ်ခါ အိပ်ခဏနဲ့ အရုဏ်ကျင်း မိုးသောက်တော့ ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ ဒီမှာက ယမ်ယမ် ခေါက်ဆွဲထုတ်ပြုတ်က မင်းသားပဲ သူမပါရင်မပြီးဘူး။

လမ်းတစ်လျှောက်လုံး မျက်စိပသာဒကျစရာ ဘာမှ မရှိပါဘူး။ တစ်ဘက်က ကမ်းပါးယံအမြင့်ကြီး၊ တစ်ဘက်က ချောက်ကမ်းပါး၊ ချောက်ကမ်းပါးအောက်က ရေအလျင်စီးတဲ့အသံက ကြောက်စရာပါ။
ပစ္စည်းအပြည့်တင်ပြီး မိုးကာအလုံအုပ်ထားတဲ့ ကားခေါင်မိုးပေါ် ကိုင်စရာ ဆိုလို့ မိုးကာကို ချည်ထားတဲ့ ကြိုးကိုပဲ မြဲမြဲကိုင်ထားရတယ်။ မငိုက်ရဲဘူး။ လမ်းဘေးသစ်ကိုင်း ရိုက်ပြီး ပြုတ်ကျမှာကတစ်ကြောင်း၊ လမ်းချော်ပြီး ချောက်ထဲကျမှာကြောက်တာက တစ်ကြောင်းမို့ သမ္ဗုဒ္ဓေ ဂါထာကို အကြိမ်ကြိမ်ရွတ်ပြီး နိုးနိုးကြားကြားနဲ့ လိုက်ခဲ့ရတယ်။ ကားဆရာရဲ့ ကားမောင်းကျွမ်းကျင်မှု၊ ကားရဲ့ ကြံ့ခိုင်မှုတို့ကြောင့် မိုင်းဖြတ်မြို့ကို ညနေ ၆ နာရီလောက် ရောက်တယ်။

No comments: