Monday, August 18, 2008

အဝေးတစ်နေရာက



တစ်ကိုယ်တည်း သိပ်အထီးကျန် နေတဲ့အချိန်မှာ သံယောဇဉ် တွေဟာ အလျံတငြီးငြီး တောက်လောင် လင်းလက် လာတတ်တာ သဘာဝလို့ ထင်မိပါတယ်။ အမြင့်ဆုံး တောင်ထွတ်ပေါ် တက်ပြီး အားအင် ရှိသလောက် အော်ခေါ် လိုက်မိ ပါတယ်။ ချစ်သူ့ နာမည်ကိုပါ။ ဒီလိုပွင့်အန် ထွက်လိုက်မှ ကိုယ့်ကိုယ်ကို ပေါ့ပါးသွားတယ် လို့ ထင်မိပါတယ်။ ဒီလိုနဲ့ တစ်ဖက် ကမ်းပါးယံကိုနေ ပဲ့တင်လာတဲ့ သူလေးရဲ့ နာမည်လေးကို ဆက်တိုက် ဆက်တိုက် ပြန်ကြားလိုက်ရလို့ ပျော်သွားသလို၊ အားတက်သွားမိပါတယ်။ ကျွန်တော့် ခန္ဓာကိုယ် ပြင်ပကနေ ကျွန်တော့်နားထဲ ၀င်လာစေချင်ခဲ့တဲ့ စကားသံတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော့် သံယောဇဉ်တွေ ဖြစ်ပါတယ်။ ချစ်သူကို ဖြူသလား မဲသလား၊ ပိန်သလား ၀ သလား၊ မမြင်ရ မတွေ့ရ လေပဲနဲ့ သူလေးရဲ့ နာမည်ကိုပဲ တွင်တွင် ခေါ်နေမိပြီး၊ ပြန်လာတဲ့ ပဲ့တင်သံ တွေကြောင့် ဒီတောင်ထိပ်မှာ ငါတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ အတွေးနဲ့တင် ကျေနပ်နေမိပါတယ်။

တစ်ကိုယ်တည်း စိတ်လိုလက်ရ အသံဝင်သည်အထိ အော်ဟစ်ပြီး သူလေးနဲ့ အဖော်ပြုတာ ကျေနပ်မှ မောမောနဲ့ ခြေပစ်လက်ပစ် တစ်ထောင်လောက် နစ်နေတဲ့ နှင်းမွေ့ယာထဲ လှဲချလိုက်ပါတယ်။ လွမ်းတဲ့စိတ်က ဖြေလျော့ မသွားခဲ့ပါဘူး။ သူလေးကို လွမ်းမြဲလွမ်းလျက်ပါ။ ဒါပေမယ့် ကျွန်တော့်အလွမ်းက အေးစက်စက် ဖြစ်မနေပါဘူး။ နွေးထွေးလျက်ပါ။

ဒီအချိန်မှာ ပြောနိုင်တာကတော့ ကွန်တော်ဟာ သူလေးကြောင့်
ဆူးလေဘုရားလမ်းကိုလည်း မလွမ်းခဲ့ပါဘူး ..
တန်ဖိုးကြီးတဲ့ သားမွေးထည်ကိုလည်း မလွမ်းခဲ့ပါဘူး ..
(၈)မိုင်လမ်းဆုံက ရွှေဘဲစားသောက်ဆိုင်ကိုလည်း မလွမ်းခဲ့ပါဘူး ..
ကျိုင်းတုံ ဟိုခုံဈေးဟောင်းပျံကျတန်းက တရုတ်ဆေးစိမ်အရက်တွေကိုလည်း မလွမ်းခဲ့ပါဘူး ..
မန္တလေးတက္ကသိုလ် ရေနီမြောင်းဘေးက ဦးချစ်အကြော်ဆိုင်ကိုလည်း မလွမ်းခဲ့ပါဘူး ..
မမြင်တွေ့လိုက်ရတဲ့ ချစ်သူမျက်နှာရေးရေးကို ပုံဖော်ရင်းနဲ့တော့ လွမ်းခဲ့ရပါတယ် .. .. ဆိုတာ ၀န်ခံပါတယ် .. ။
(အခုနေ သေမယ်ဆိုရင်တောင် အဲဒီမတိုင်ခင် ခဏလေး တွေ့ခွင့်ရချင်ပါတယ်)

ဒါတင်မကပါဘူး သူလေးနဲ့ ပတ်သက်သရွေ့ .. ..
ဘာအတွက်နဲ့ ဖတ်ခဲ့တဲ့ စာတွေ၊ ကဗျာတွေကို သတိမရမိပါလိမ့် ..
ဘာဖြစ်လို့ ကျွန်တော်နှစ်သက်ခဲ့တဲ့ သီးချင်းလေး တစ်ပိုင်းတစ်စလောက်တောင် မညည်းဆိုမိခဲ့ပါလိမ့် ..
ဘယ်အတွက်ကြောင့် သူလေးနဲ့ ချက်တက်တိုင်း ပြောနေကျစကားလုံးတွေကိုတောင် မမှတ်မိပါလိမ့် ..
အော် သတိရမိပြီ ..
ချစ်သူလေးကို ပေးခဲ့ဖူးတဲ့ အမွေးပွနဲ့ အသားသွတ် ခွေးရုပ်လေးကို သတိတရ ဖြစ်လိုက်မိတယ်။
ဘာမဟုတ်တဲ့ ဒီလက်ဆောင်လေးကိုမှ ဘာကြောင့် အရေးပါခဲ့သလဲ ..
ဆက်တွေးကြည့်ပေမယ့် ကျွန်တော် ရှေ့ဆက်မရဖြစ်မိပါတယ် .. ။

ရော်ရည်မှန်း တမ်းတလက်အစုံက သူလေးကိုယ်ထင်ပြ သယောင်ရှိလို့ လက်ကမ်းခါမှ ပိုလို့ဝေးတဲ့ ကောင်းကင် ဆီကို နှုတ်မဆက် ထွက်ခွာသွားတာ နာရီပေါင်းကြာခဲ့ပြီလေ .. ကျွန်တော့်ရှေ့က မြင်ကွင်းတွေ နီးလာလိုက် ဝေးသွားလိုက်ဖြစ်တယ်။ အချိန်မှတ် ကိရိယာလို ပြောင်းပြန်လည်လိုက် ရှေ့ရောက်လာလိုက်။ ဂဏှာမငြိမ် လွန်းလှပါတယ်။ ချစ်သူက ကျွန်တော်နဲ့ အနီးဆုံးမှာ ရောက်နေလား၊ လက်လှမ်းမမီရာ အဝေးဆုံးကို ထွက်ခွာ သွားပြီလား၊ ရှိနေခြင်းနဲ့ မရှိတော့ခြင်း အခြေအနေနှစ်ခု တစ်ပြိုင်နည်း ဖြစ်ပေါ် နေတာမို့ အတွေးနဲ့ မိုးဦးတိမ်လို လျင်မြန်စွာ ရွေ့လျားလျက်ပါ .. ။

ကျွန်တော် တန်ဖိုးအထားဆုံး၊ အချစ်မြတ်နိုးဆုံးဟာ ဘာလဲ ..
ကျွန်တော်အတွက် ချစ်ခင် မြတ်နိုးအပ်ရာ အဖိုးအနဂ္ဃထိုက် ချစ်ခြင်းတရားဆိုတာ ဘာလဲ ..
တစ်ကယ်တော့ ကျွန်တော့်အဖို့မှာ အဓိက လိုအပ်ချက်ကြီး ဆိုတာ သိပ်တော့လည်း များများစားစား ရှိလှတာ မဟုတ်ပါဘူး .. ဝေးတစ်နေရာက သူလေး သိနိုင်ပါစေ .. .. ။

5 comments:

Nge Naing said...

ရွာနားကမြက် ရွာနွားမစားဆိုတဲ့ ငယ်ငယ်တုန်းက မြန်မာစာဖတ်စာအုပ်မှာ သင်ရတဲ့ စကားပုံလေးတခုက ၀င်းဇော်ရဲ့ ဒီ Post လေးကို ဖတ်ပြီးတော့ သွေးထွက်အောင်မှန်နေသလိုပဲ။ အနီးမှာရှိတာကို မစဉ်းစားပဲ အဝေးကိုမှ လှမ်းမျှော်နေတဲ့ ၀င်းဇော်အတွက် ခံစားမှုချင်း တူညီရင်တော့ ဘယ်လောက်ပဲ ဝေးဝေး ဝေဒနာတွေကို မျှဝေပြီး အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လားရှိုးသူ said...

မြင်ရ၊ တွေ့ရ၊ ထိတွေ့ရမှ အချစ်ဆိုရင်တော့ အဲဒီ အချစ်ကို ကိုယ်ပြက်ရယ်ပြုမယ် ဆိုလားမသိဘူး သီချင်းစာသားလေး၊ နားလည်၊ ကိုယ်ချင်းစာပါတယ်။ မွေးနေ့ဆုတောင်း အတွက် ကျေးဇူး အထူးတင်ပါတယ်။

တားမြစ် ထားသော... said...

အာ။ ကိုဝင်းဇော် အချစ်တွေ ခံစားလို့ပပဲ။
ကောင်း၏။ ချစ်သူခြင်း ဆုံဆည်းနိုင်ပါစေဗျာ။

Myo Win Zaw said...

လောကမှာ အချိန်တွေသာ နောက်ဆုတ်လို့ရရင် ချစ်သူလက်ကို ခိုင်ခိုင်တွဲကာ လောကဓံတရားကို ရင်ဆိုင်ရတဲ့အရသာကိုခံစားခြင်တယ် ခုတော့ ကိုဝင်းဇော်လို တောင်ပေါ်တက်အော်လို့မရဘူး တွေဝေခဲ့လို့ တပါးသူရင်ခွဲထဲ တို့လို့တွလြောင်းတွေနဲ့ သူမကို ရင်ထဲကဘဲ တိုးတိုးလေးဘဲခေါ်နေရတယ်..

ဆောင်း said...
This comment has been removed by the author.