Thursday, August 14, 2008

ဥပက္ခောအချစ်ရဲ့ လွမ်းချင်း



ချစ်သူကို စတင်ပိုင်ဆိုင်ရတဲ့ နေ့က ကျွန်တော့်ဘ၀ဟာ တောင့်တမှု ကင်းစွာနဲ့ သက်ဝင် လှုပ်ရှားလာပါတယ်။ ခုဆို ကျွန်တော့်အတွက် အချိန်တိုင်း၊ အရာရာတိုင်းကို ချစ်သူက လွှမ်းမိုးနေသလို ခံစားရတယ်။ တစ်ခါတစ်ခါ လေထဲ လွှင့်မျော နေတဲ့ တိမ်စိုင် တိမ်လိပ်ပမာ၊ တစ်ခါတလေ တော့လည်း အိပ်မက်ထဲတောင် ချစ်သူက ကောင်းကင် ပြာပြာကြီး အဖြစ်နဲ့ ကျွန်တော့်ကို လွှမ်းခြုံထားသလို နွေးထွေး စေတဲ့အတွက် ကြည်နူး ရတာ အမှန်ပါပဲ။

ချစ်သူကြောင့် အထီးကျန်ခဲ့တဲ့ နေ့ရက်တွေေ၀၀ါးသွားတယ်။ ချစ်သူက စိုပြည်မှုတွေနဲ့ လန်းစေတယ်။ မရေးဖြစ်တာ ကြာပြီ ဖြစ်တဲ့ ပန်းနုရောင် ဒိုင်ယာရီရဲ့ မှိန်ပျပျ အသည်းပုံ စာရွက်ပေါ်မှာ မင်ပြာပြာ တွေတဲ့ မှတ်တမ်းလေး ဖြည့်ခဲ့တယ်။ ရေးပြီးသမျှ အလွတ် ရနေသလို ခံစားမိတယ်။ အဖန်ဖန် တလဲလဲ ရေရွတ် နေမိတဲ့ အဖြစ်လေးပါ။ ချစ်သူရယ်၊ ကျွန်တော်ရယ်၊ အမှတ်တရ ဒိုင်ယာရီရယ် အားလုံးဟာ ဒီအချိန်မှာ ချိုမြိန်မှု တွေနဲ့ ပြွတ်သိပ် နေတဲ့ နီနီရဲ စတော်ဘယ်ရီ သီးလေး တွေလိုပါပဲ။

တိမ်ကင်းတဲ့ ညတစ်ညကပေါ့။ အိမ်ရှေ့ကွင်းပြင်ကနေ ဒဏ္ဍာရီဆန်တဲ့ ကြယ်လေးတွေနဲ့ အတူ တည်ငြိမ်တဲ့ လမင်းကြီးကို မော့ကြည့်ရင်း မချင့်မရဲနဲ့ ချစ်သူကို စကားတစ်ခွန်း လှမ်းပြောမိတယ်။

ငါ .. နင်နဲ့နေရတာ သိပ်ပျော်တယ် .. .. နင်ကို မခွဲနိုင်ဘူး .. .. နင့်ကို အရမ်းချစ်တာရော နင်သိရဲ့လား .. ..

သက်ပြင်း တိုးတိုးလေးချရင်း ချစ်သူကို မေးလိုက်မိတယ်။ တကယ်တော့ ကျွန်တော်ချစ်တာကို ချစ်သူ သိတာပေါ့။ ချစ်သူသိတာကို သိသိကြီးနဲ့ မေးလိုက်တော့ အလိုမကျတာပဲလား အံ့သြ သွားတာပဲလား မသိဘူး ချစ်သူက မျက်လုံးလေး ၀ိုင်းစက်နေအောင် ပြူးပြီး ကျွန်တော့်ကို ပြန်ကြည့်တယ်။ ချစ်သူရဲ့ မျက်ဝန်းအစုံဟာ လရောင်အောက်မှာ ရွှန်းစို လဲ့ဖြာလို့ ထင်နေမိပါတယ်။

ကျွန်တော်က ချစ်သူကို ကြင်ကြင်နာနာ ပြုံးပြရင်း ကောင်းကင်ပေါ်က လမင်းကို ပြန်ငေးအကြည့်မှာ မည်းမှောင်တဲ့ တိမ်စိုင်တိမ်လိပ်တွေက လမင်းကို တမဟုတ်ချင်းပဲ လွှမ်းခြုံသွားတယ်။ တခဏတာ မှင်သက်မှုနဲ့ အတူ လွန်ကဲတဲ့ စိုးရိမ်စိတ်နဲ့ ချစ်သူလက်ကို ယုယုယယ ကမ်းလင့်လိုက်ချိန်မှာ ချစ်သူက လရောင်နဲ့အတူ နှုတ်ဆက် ထွက်ခွာသွား ရက်တယ်။ သူမရဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်စကားက .. .. .. ဘိုင် တဲ့ .. .. ။ လေပြေအဝှေ့မှာ လှုပ်ခတ်သွားတဲ့ သစ်ရွက်ခြောက် လေးတွေရဲ့ တိုးညင်းတဲ့ အသံကြောင့် မှင်သက်နေတဲ့ စိတ်အစုံကို စုစည်း နေမိတယ်။

ရင်နဲ့အမျှ ဝေဒနာပြင်းပြင်း ခံစားရတဲ့အချိန်ကတော့ ချစ်သူက ဘိုင်.. .. .. လို့ နှုတ်ဆက် ထွက်ခွာ သွားတဲ့ အချိန်လေးပါပဲ။

3 comments:

Unknown said...

ကောင်းတယ်ရောင်းရောင်း
သိပ်နုလွန်းလို့နန်းမတော်မယ်နုရဲ့မျိုးဆက်များလား
ထင်ယောင်မှတ်မှားမိတယ်ကွယ်
ဒီထက်နည်းနည်းပိုရှည်ရှည်လေးသာရေးမယ်ဆိုယင်
ကောင်းတဲ့ဝတ္ထုတိုတစ်ပုဒ်ဖြစ်လာနိုင်တယ်လို့ထင်မိတယ်
ဆက်ရေးပါ
ခံစားမှုကိုသရုပ်ဖော်တာကောင်းတယ်
စာသားကလည်းရေးထားတာအဖြတ်အတောက်ကောင်းတယ်
မကောင်းသေးတာကခပ်ရှည်ရှည်လေးသယ်သွားမနိုင်သေးတာကိုပဲ
ဆက်ရေးပါ
စာရေးဆရာဖြစ်နိုင်ပါတယ်
ခံစားရချက်ကတော့သက်သာမယ်မထင်ဘူးနော်
အခွာခံရတော့ဘိုင်လေးပေါ့
အဟိ
ခင်မင်တဲ့
နီနီ

megumi said...

ရေးထားတာလေး ကောင်းတယ်သိလား။ မိုက်တယ်။ :P :P

Nge Naing said...

အပေါ်က ရေးထားတဲ့ niniwin နဲ့ megumi နှစ်ယောက်စလုံးရဲ့ မှတ်ချက်တွေကို ထောက်ခံပါတယ်။