Tuesday, August 12, 2008

ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးသောက်ပါ



Hi-way ၁၀ ဘီးကုန်တင် ယာဉ်မောင်း တစ်ယောက် အတွက် လမ်းအန္တရာယ် ကင်းကင်း မောင်းနှင်နိုင်ဖို့ရာမှာ ညပိုင်း အချိန်ကိုပဲ အားထားပြီး သွားလာရလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာလို့ ၆ လမ်းသွား၊ ၈ လမ်းသွား ဟိုင်းဝေးလမ်းတွေ မဟုတ်ပါဘူး။ လမ်းကကျဉ်းတော့ နေ့ခင်းဘက်မှာ ခရီးသည်တင်ကားတွေကို ဦးစားပေးတဲ့အနေနဲ့ လည်းဖြစ်ပါတယ်။ ဒီလို ကမောက်ကမ အချိန်တွေကြောင့် အစားမမှန်၊ အအိပ်မမှန်တာမို့ ခေါင်းကိုက်ရင်၊ ကိုယ်လက် မအီမသာဖြစ်ရင်၊ ရာသီဥတုကြောင့် နေမကောင်းရင် တွေ့ရာ လမ်းဘေး ကွမ်းယာဆိုင်က ရောင်းတဲ့ ဆေးဝါးကိုပဲ ၀ယ်ယူမှီဝဲ ခဲ့ရပါတယ်။ ဆေးကို ဘယ်အချိန်မှာ ဘယ်လို သောက်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ကတော့ ကိုယ့်ဖာသာပဲ ဆုံးဖြတ်ပြီး ရေသန့်ဘူးနဲ့ သောက်ချလိုက် တာပါပဲ။ အနာနဲ့ဆေး တည့်သွားရင်တော့ ကောင်းပါရဲ့၊ တစ်ခါတလေလည်း ပိုဆိုးတာနဲ့ ကြုံတွေ့ရပါတယ်။

ခန္ဓာကိုယ် အကျိုးရှိစေဖို့ ဆေးတွေသောက်ရတယ်။ သောက်လိုက်တဲ့ ဆေးဟာ အဲဒီဆေးရဲ့ ဓာတုဂုဏ်သတ္တိ ကြောင့်ဖြစ်စေ၊ အစာအိမ်ထဲမှာ ရှိတဲ့ အစာကြောင့် ဖြစ်စေ ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိစေပါတယ်။

အစာသည် အစာအိမ်အတွင်းမျက်နှာပြင်နဲ့ ထိတွေ့တဲ့အခါ အစာခြေရည်တွေ ထွက်လာအောင် အစာအိမ် မျက်နှာပြင်က လှုံ့ဆော်ပေးပါတယ်။ ဒီအခါ အစာအိမ်ရဲ့ pH အက်စစ်ရည်ဟာ အစာခြေအရည်ကြောင့် လျော့နည်း သွားပါတယ်။ ဒီလို နိမ့်ကျသွားတဲ့ Low pH အခြေအနေမှာ အချို့ဆေးတွေနဲ့ မတည့်ပါဘူး။ ထိုဆေးရဲ့ အာနိသင်ကို ထိခိုက်/ယုတ်လျော့ စေပါတယ်။ ဒါကြောင့် အဲဒီလိုဆေးတွေကို အစာ မစားခင် နာရီဝက်၊ တစ်နာရီလောက် ကြိုတင် သောက်ထားသင့်ပါတယ်။ ဒါမှလည်း အဲဒီဆေးတွေရဲ့ ထက်မြက်တဲ့ အာနိသင်ကို ပြည့်ပြည့်၀၀ ခံစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့၊ အာနိသင်ပြင်းတဲ့ ဆေးတွေကိုတော့ ထမင်းစားရင်း ထမင်းနဲ့ အတူ ဒါမှမဟုတ် ထမင်းစားပြီးမှ သောက်သုံးသင့်ပါတယ်။ အစာအိမ် အတွင်းမျက်နှာပြင်ကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေက တော့ အကြမ်းဖျင်းအားဖြင့် အက်စပရင်၊ Mefanamic အက်စစ်နဲ့ napnoxen တို့ဖြစ်ပါတယ်။

ဆေးအများစုဟာ လူ့အသည်းထဲကနေ ဇီဝတွင်း ဖြစ်ပျက်မှုခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေ အင်ဇိုင်းကြောင့် ကြေညက် သွားပါတယ်။ ဒါပေမယ့် အချို့အစားအစာတွေက အင်ဇိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ စပျစ်သီး ဟာအချို့ အင်ဇိုင်းတွေရဲ့ အလုပ်လုပ်မှုကို တားဆီးတယ်လို့ သိရပါတယ်။ ဆေးရဲ့အာနိသင်နဲ့ ဘေးထွက် သက်ရောက်မှုကို လွှမ်းမိုး နိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေက ပြောပါတယ်။ အချဉ်စားပြီး သွားရင် ဆေးမသောက်ရဘူး ဆိုတဲ့ ပညတ်ချက်လေးပါ။ နိဂုံး အနေနဲ့ ဘာဆေးကိုပဲ သောက်သောက် ဆရာဝန်ညွှန်ကြား ချက်နဲ့အညီ သောက်သုံးခြင်းဟာ အန္တရာယ် ကင်းကင်းနဲ့ အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ဖြည့်စွက် အကြံပြုနိုင်ပါတယ်။ လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင် တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးကို လေးစား လျက်ပါ။

ဝန်ခံချက်။ ကိုယ်တိုင်အတွေ့အကြုံနှင့် Mind your body, July, 20, 2005 ကိုမှီငြမ်းပါတယ်။

3 comments:

WWKM said...

လာလည်တယ် မောင်လေးရေ..
ဆီဘုံး မတွေ့လို့...
ကျန်းမာပျော်ရွှင်ပါစေ..

Nge Naing said...

ပို့စ်လေးက သိပ်ကောင်းပါတယ်။ အင်တာနက်လာဖတ်နိုင်တဲ့ သူတွေအတွက် တန်ဖိုးရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေး ပို့စ်လေးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ မရှိဆင်းရဲတဲ့သူကပိုများပြီး Medicare Care စနစ်လည်း မရှိဘူးဆိုတော့ ဆရာဝန်ပြခကို ကိုယ့်အိတ်ကပိုက်ဆံနဲ့ကိုယ် စိုက်ရတယ်။ ပြီးတော့ ဆေးတော်တော်များများကို ဆရာဝန်လက်မှတ်မပါပဲနဲ့ ပိုက်ဆံရှိရင် ၀ယ်ချင်သလိုဝယ်လို့ရပြီး သုံးချင်သလို သုံးလို့ရနေတယ်။ ဆေးဆိုင်ဖွင့်တဲ့သူကလည်း ဆေးပညာနဲ့ ဘာလက်မှတ်မှ ရှိစရာမလိုဘူး ဆိုတော့ ၀င်းဇော်အကြံပေးတဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ဖို့ကို ဆင်းရဲတဲ့သူရော ချမ်းသာတဲ့သူရော သိပ်လိုက်နာကြမယ် မထင်ဘူး။ Medicare စနစ် ကောင်းကောင်းရှိမှ ဖြစ်နိုင်မှာမို့ မြန်မာပြည်မှာ Medicare စနစ်ကောင်းကောင်း ဆုတောင်းလိုက်ပါတယ်။

Nge Naing said...

မြန်မာပြည်မှာ Medicare စနစ်ကောင်းကောင်းပေါ်ထွန်းပါစေလို့ ပြောချင်တာကို စာရိုက်တာ မပြည့်မစုံ ဖြစ်သွားလို့ ပြန်ဖြည့်လိုက်ပါတယ်။