Tuesday, June 16, 2015

ကမ္ဘာ့နည်းပညာ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်ပေါ်လာသော အဆိပ်ကန်ကြီး





မွန်ဂိုးလီးယားနိုင်ငံ ရဲ့အတွင်းကျကျ ချောင်တစ်နေရာမှာ အဆိပ်ကန်ကြီး တစ်ကန် ရှိပါတယ်။ တစ်ကမ္ဘာလုံးက သုံးနေတဲ့ စမတ်ဖုန်း ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ၊ ဝတ်ဆင်နိုင်တဲ့ နည်းပညာအပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့ ပြောနေကြတဲ့ စိမ်းလန်း နည်းပညာ တွေကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့် ဓာတုစွန့်ပစ် ရေတွေ ဒီကန်ကြီးထဲ စုနေတာပါ။ မြို့တစ်မြို့စာ လောက်ရှိတဲ့ Baogang Steel and Rare Earth ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင် စက်ရုံကြီးက မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို အပြည့် နေရာယူထား ပါတယ်။

ကောင်းကင်ယံကို စိတ်ကြိုက် ပုံသွင်းနေတာ ကတော့ မိုးထိအောင် မြင့်မားနေတဲ့ အအေးခံ အဆောက်အအုံ မြင့်တွေရယ် ၊ မီးခိုးတလူလူ ထွက်နေတဲ့ ခေါင်းတိုင် တွေရယ်ပါပဲ။ ဒီမြို့တစ်မြို့စာ စက်ရုံကြီးရဲ့ အနောက်ဘက် တစ်ခြမ်းလုံးမှာတော့ နောက်ထပ် မြို့တစ်မြို့စာ လောက်ရှိတဲ့ ကန်ကြီးတစ်ကန် ရှိပါတယ်။ ဒီကန်ထဲမှာ ရှိနေတာ ရေတွေတော့ မဟုတ်ပါဘူး။ မည်းနက် ချွဲကျိ နံစော် နေတဲ့ အဆိပ်သင့် စွန့်ပစ်ဓာတု အညစ်အကြေး တွေသာ ဖြစ်ပါတယ်။

ဒီကန်ကြီးထဲကို အညစ်အကြေး ရေတွေက ပိုက်ဒါဇင်ပေါင်း များစွာကနေ စီးဝင် နေပါတယ်။ ကန်ပတ်ပတ် လည်က သန့်စင်စက် ရုံတွေကနေ ဂျိမ်းခနဲ ရေဆိုးတံခါး ဖွင့်လိုက်သံ၊ ဒီရေဆိုးတွေ ပိုက်လုံး ကြီးတွေထဲကနေ ဝေါခနဲစီးလာသံ၊ ရေကန်ကြီး ထဲကို ပွက်ခနဲ၊ ပွက်ခနဲ ကျသွားသံ၊ ထောင်းခနဲထွက် လာတဲ့ ဆာလဖာ အဆိပ်ငွေ့ အနံ့တွေဟာ တကယ်ပဲ ငရဲပြည် ရောက်နေသလို ခံစားရပါတယ်။

ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်တဲ့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တို စက်မှုမြို့ တစ်မြို့သာ ရှိပါသေးတယ်။ ဘောင်တိုမြို့ ဟာ မွန်ဂိုလီးယားမှာ တော့ အကြီးဆုံး စက်မှုမြို့ကြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဖြန့်ချိရောင်းချ နေတဲ့ စမတ်ဖုန်းနဲ့ အခြား ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ဖို့ တရုတ်နိုင်ငံက ဒီမြို့မှာလာပြီး သူ့ကုန်ကြမ်း တွေကို ကုန်ချောပြင် ပါတယ်။ ဒီ ကုန်ချောပြင်ဖို့ မြို့တစ်မြို့စာ လောက်ကြီးတဲ့ ဘောင်ဂန်စတီး နဲ့ ရှားပါးသတ္တု သန့်စင်စက်ရုံ ကနေ အခုလိုပဲ မယုံနိုင် လောက်တဲ့ ဓာတုစွန့်ပစ် ရေတွေ စွန့်ထုတ် နေတာပဲ ဖြစ်ပါတယ်။

ဘောင်တိုမြို့ အကြောင်း ကြားဖူးတဲ့သူ ခပ်ရှားရှားပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ စမတ်ဖုန်းကနေ အီလက်ထရွန်းနစ် ပစ္စည်းတွေ အားလုံးအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို အကြီးဆုံး၊ အများဆုံး သန့်စင် ပေးနေတဲ့ စက်မှုမြို့ကြီး ဖြစ်ပါတယ်။ ဒီ စက်မှုမြို့ကြီးရဲ့ အဆိပ်ကန်ကြီးဟာ တစ်ကမ္ဘာလုံးရဲ့ နည်းပညာ ဆာလောင်မှုကြောင့် ဖြစ်လာတာ လို့ပြောရင် မှားမယ် မထင်ပါဘူး။

အီလက်ထရွန်းနစ် ပစ္စည်းတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ သံလိုက် တစ်မျိုးတည်းကိုပဲ စဉ်းစားကြည့် ရအောင်။ ၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာ့သံလိုက် လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းကို တရုတ် တစ်နိုင်ငံ တည်းက ဖြည့်ဆည်းခဲ့ ပါတယ်။ အဲဒီ ၉၅ ရာခိုင်နှုန်းသော တရုတ်သံလိုက် ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိတဲ့ ကုန်ကြမ်းကို ဘောင်တိုမြို့ရဲ့ မြောက်ဘက် က ဘရမ်းအိုဘို သတ္တုတွင်း ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး လောကမှာ ပြိုင်ဘက်ကင်း နေရခြင်းကိုက ရှားပါးသတ္တု တွေကို အများဆုံးနဲ့ အမြန်ဆုံး ပိုင်ဆိုင် သန့်စင်ရောင်းဝယ် အသုံးပြုနိုင် လို့ပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် ပံ့ပိုးပေး နေတာကတော့ မွန်ဂိုလီးယား နိုင်ငံထဲက ဘောင်တိုမြို့ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ လျှို့ဝှက် စီးပွားရေးခံတပ် မြို့ကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်ကန်တွေ၊ လျှို့ဝှက် ခံတပ်တွေ၊ သတ္တုတွင်း တွေကိုတွေ့ လို့ ဘောင်တိုမြို့ ဟာ လူသူကင်းမဲ့ နေတဲ့ တစ္ဆေမြို့လို့တော့ မထင်လိုက်ပါနဲ့။ ၁၉၅ဝ ပြည့်နှစ်မှာ လူဦးရေ ၉၇ဝဝဝ ပဲရှိခဲ့တဲ့မြို့မှာ အခုဆိုရင် မြို့နေလူထု ဦးရေ ၂ သန်းခွဲ အနည်းဆုံး ရှိပါတယ်။

ဒီတော့ ဘောင်တိုမြို့ ဘာဖြစ်နေလဲ။ တရုတ်အတွက် သတ္တုသန့်စင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ပေးနေရပေမယ့် တိုးတက်ပြောင်းလဲ လာတဲ့ခေတ် အခြေအနေ၊ အဆမတန် များလာနေတဲ့ လူဦးရေ၊ ဒီ လူဦးရေနဲ့  မကိုက်ညီ တော့တဲ့ မြို့ပြစနစ်၊ အစရှိတာတွေဟာ ညှိမရဘဲ အပြိုင် အစွန်းထွက်နေတဲ့ ပြဿနာတွေ ဖြစ်လို့လာ နေပါပြီ။ သတ္တုသန့်စင် လုပ်ငန်းအတွက် တစ်မြို့လုံး အနှံ့ မီးကြိုး၊ ဖုန်းကြိုးတွေ သွယ်တန်း ထားသလိုပဲ ဧရာမရေဆိုး ထုတ်ပိုက်တွေကို သွယ်တန်း ထားပါတယ်။ လမ်းအောက်မှာ၊ လမ်းဘေးမှာ၊ လမ်းပေါ်မှာ၊ တံတားနဲ့ ယှဉ်လျက် ဘယ်နေရာကို ကြည့်ကြည့် ရေဆိုးထုတ်ပိုက်တွေ ရှိနေပါတယ်။ လမ်းတွေပေါ်မှာ စက်ရုံ အလုပ်ရုံပေါင်း မြောက်မြားစွာ အတွက် ဒီဇယ်နဲ့  ကျောက်မီးသွေး သယ်ယာဉ်ကြီး တွေဟာ ၂၄ နာရီပတ်လုံး ဥဒဟိုပြေးလွှား နေပါတယ်။

ဒီမြို့ကြီး ဆက်လက်ရှင်သန် နိုင်ခြင်းရှိ - မရှိ၊ ဖော်ပြခဲ့တဲ့ အဆိပ်ကန်ကြီးရဲ့  ကမ္ဘာ့မြေအောက် ရေနဲ့ ဂေဟစနစ်ကို ဒုက္ခပေးနိုင်မယ့် အဖျက်စွမ်းအား ၊ အဲဒီမြို့ရဲ့ လေထုညစ်ညမ်း မှုနှုန်း၊ ဘာကြောင့် တရုတ်နိုင်ငံက မွန်ဂိုလီးယား ထဲမှာ ဒီလို သန့်စင် စက်ရုံကြီး တွေ တည်ဆောက် အသုံးပြုတာလဲ ဆိုတာတွေကို မတွေးခင်၊ မမေးခင်၊ မဖြေခင် မှာကျွန်တော်တို့ လက်နဲ့မကွာ ဆောင်ထားကြတဲ့ စမတ်ဖုန်း တွေရဲ့ နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ အဆိပ်ကန် ကြီးတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အသိ၊ သတိရှိကြဖို့ လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

ဝင်းဇော်

No comments: