Saturday, June 28, 2008

အစာလည်းဆေး ဆေးလည်းအစာ

အစာလည်းဆေး ဆေးလည်းအစာ

နေ့စဉ်နဲ့အမျှ စားသောက်နေကြတဲ့ အစားအစာတွေဟာ အသက်ရှင် ရပ်တည်နေနိုင် ကြဖို့အတွက် စားနေကြ ရတာပါ ဆိုတဲ့ အသိတရားဟာ ဟောင်းနွမ်းသွားပါပြီ။ သည်ကနေ့ခေတ် မှာတော့ နေ့စဉ် စားသောက်နေ ကြတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ် အချိုးအစား ကျနပြေပြစ်ဖို့၊ အရွယ်တင် နုပျိုပြီး သွယ်လျလှပဖို့၊ ပုံမှန် သွားလာ လှုပ်ရှား ပေါ့ပါး သွတ်လက်စေဖို့ … စတဲ့ ကျန်းမာရေး အသိတရားတွေနဲ့ အညီ ကျန်းမာရေးကို မျှော်ကိုး အားထား ချက်တွေနဲ့အတူ စားသောက်နေကြတဲ့ ခေတ် ဖြစ်နေပါပြီ

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ မြန်မာ့ မိရိုးဖလာ အယူအဆကို ပိုမို နားလည်သဘောပေါက်လာကြပြီး အစားအသောက်ကို ပြုပြင်မွမ်းမံပြီး စီစဉ် စားသောက်တတ်ကြတဲ့ အကျင့်လည်း စွဲမြဲ ခိုင်မာလာနေကြပြီ ဖြစ်ပါတယ်။ သည်ကနေ့ ခေတ်ကာလဟာ ကျန်းမာရေး အသိပညာပေးမှု တွေကျယ်ပြန့် ထွန်းကားနေသလို ကျန်းမာရေး ဗဟုသုတ ကြွယ်ဝလာကြတာနဲ့အမျှ အစားအသောက်ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားရပုံအကြောင်း၊ ဆီးချို သွေးချိုရောဂါ အတွက် အစားအသောက် နဲ့ ထိန်းကွပ်ပြီး ပြုပြင် စီစဉ်စားသောက် တတ်ရမယ့်အကြောင်း တွေကို သိလာနေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအသောက်ရဲ့ စုစည်းမှု မမှန်ကန်မှုကြောင့် ခန္ဓာတွင်း ဓာတ်တည့်မှု သဘောတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဖိစီးမှု ခံရခြင်းတွေကိုလည်း သိလာကြရပါပြီ။


အစားအစာဟာ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို ထိန်းထားပေးနိုင် ပါတယ်။ အစားအစာဟာ မှန်ကန်စွာ စားသောက်တတ် ခဲ့ရင် ဆေးဝါးထက် အစွမ်းထက်ပြီး ရေရှည် အစွမ်းသတ္တိ ထက်မြက်ပြီး ထိရောက်တဲ့ အာနိသင် ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

အစားအသောက်ကို ဆင်ခြင် တိုင်းထွာစားသောက် တတ်ပါမှ ကျန်းမာ ရွှင်လန်းတဲ့ ဘ၀ကို ရယူနိုင်မယ်။ ရောဂါ ဘယကို ရှောင်ကွင်းနိုင်မယ်လို့ သိလာကြတာနဲ့အတူ နေ့စဉ်စားသောက်မှုထဲ မပါမဖြစ် ထည့်သွင်း စားသောက် ဖို့ အစားအစာလေး တချို့ကို တင်ပြချင်ပါတယ်။ ဖော်ပြမယ့် အစားအစာဟာ သင့် မီးဖိုချောင်မှာ အဆင်သင့်ရှိပြီး သားလည်းဖြစ်နိုင်ပါတယ်။ ကျန်းမာရေး အကျိုးအမြတ် မတန်တဆ ရနိုင်လောက်တဲ့ အစားအစာ တွေကိုညွှန်း ချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါတဲ့ ဆာလဖာဓာတ်ပေါင်းကြောင့် အရသာ စူးရှရှနဲ့ အနံ့ပြင်းပြင်း ရှိနေပေမယ့် ကျန်းမာရေး အတွက် အထူးကို ကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူမှာ ပါတဲ့ ဆာလဖာဓာတ်ပေါင်းဟာ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီတွေကို ထိထိရောက်ရောက်နဲ့ လျှော့ချပေး နိုင်စွမ်းပါတယ်။ သွေးတိုးနှုန်း မြင့်မားနေတာကို လျှော့ချပေးပါတယ်။ သွေးကြောထဲ သွေးခဲလေးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီတော့ သွေးကြောကျဉ်း ပိတ်ဆို့မှုမဖြစ်အောင် ကြက်သွန်ဖြူက စွမ်းဆောင်ပါတယ်။ သွေးတိုး ဝေဒနာရှင်တွေ အထူး မှီဝဲသင့်ပါတယ်။ ကြက်သွန်ဖြူကို စားမယ်ဆိုရင် သူ့ချည်းအတိုင်း စားရင် ပိုပြီး အာနိသင် ရှိပါတယ်။ ကြက်သွန်ဖြူဟာ အပူဓာတ်နဲ့ ထိတွေ့ရင် သူ့အာနိသင်ဟာ လျော့ပါးသွား နိုင်တဲ့အတွက် ဟင်းချက်တဲ့အခါ ကြက်သွန်ဖြူကို အခွံမခွာဘဲ ထည့်ချက်တော့မှ အာနိသင် လျော့မသွားဘူးလို့ လည်းသိရပါတယ်။

အကောင်းဆုံးကတော့ ကြက်သွန်ဖြူ ဥကြီးနှစ်လုံးကို တစ်ပတ်မှာ လေးကြိမ်မှ ငါးကြိမ်အထိ စားပေးသင့် ပါတယ်။ အသုပ်စုံ သုပ်စားရင်လည်း ကြက်သွန်ဖြူကို ပါးပါးလှီးပြီး နိုင်နိုင်စားပေးပါ။ သင့်ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်ပါတယ်။

သံလွင်ဆီ

ဆီတကာ့ဆီတွေထဲမှာ ဟင်းသီး ဟင်းရွက်ဆီက အကောင်းဆုံးဖြစ်ပြီး တိရစ္ဆာန်ဆီက ရတဲ့ဆီက အဆိုးဆုံးပါပဲ။ ဟင်းသီးဟင်းရွက်ဆီထဲမှာ သံလွင်ဆီက သာလွန် ကောင်းမွန်ပြန်ပါတယ်။ မြန်မာပြည်မှာတော့ သံလွင်ဆီကို အသုံးအလွန်နည်းပြီး သုံးရကောင်းမှန်းလည်း သိပ်မသိကြဘူး။ သံလွင်ဆီဟာ ခန္ဓာကိုယ်တွင်း အဆီ ကိုလက်စထရော ကို လျှော့ချပေးတဲ့နေရာမှာ တခြားအရာတွေထက် အာနိသင် ပိုများပါတယ်။ သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း အင်တီအောက်ဆီးဒင့် ကြွယ်ဝ ပါတယ်။

မြန်မာတွေအဖို့ကတော့ သံလွင်ဆီကို စားဆီအဖြစ် အလေ့အကျင့် ရဦးမှာ မဟုတ်ပါဘူး။ ဒီတော့ သုံးဖြစ်အောင် က ချက်ပြုတ်ကြတဲ့အခါ ထည့်သုံးတဲ့ ထောပတ်နဲ့ မာဂျရင်းအစား သံလွင်ဆီကို သုံးစေချင်ပါတယ်။

ခရမ်းချဉ်သီးအချဉ်ရည်များ (ဆောဖ့်များ)

ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ လိုင်ကိုပင်းန် (Lycopene) လို့ခေါ်တဲ့ ကယ်ရိုတီနွိုက် ရောက်ခြည်ဆဲလ် ဟာ ငရုတ်သီးတွေကိုလည်း အနီတောင့် တွေ ဖြစ်သွားစေပါတယ်။ ကယ်ရိုတီနွိုက် ရောင်ခြည်ဆဲလ်ရဲ့ အာနိသင်ကြောင့် ခရမ်းချဉ်သီးဟာ အနီရောင်ဖြစ်ရတယ်။ ဒီသဘာဝဟာ ခန္ဓာဝဖြိုးမှုကို ဟန့်တားပေးပါတယ်။ အမျိုးသမီးများ ခါးတုတ်လာမှုကို ကာကွယ်ပေးပါတယ်။ စိတ်ညစ်၊ စိတ်ဓာတ်ကျမှုကို ပြေပျောက်စေပြီး စိတ်ရွှင်လန်း တက်ကြွလာစေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း မစားနိုင်ရင် ခရမ်းချဉ်သီးဆော့ဖ် အဖြစ် စားသုံး ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးကို နီစေတဲ့ Lycopene ဓာတ်ဟာ နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ၅ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်ပါတယ်။ Lycopene ဓာတ်ဟာ ခရမ်းချဉ်သီးကို အချဉ်ရည် (ဆော့ဖ်)အဖြစ် ပြောင်းလဲလိုက်တဲ့အခါ အာနိသင် ငါးဆလောက် ပြင်းလာကြောင်း ဖော်ပြထားပါတယ်။ ဆေးအဖြစ် သောက်သုံးချင်ရင် တစ်ပတ်ကို ခရမ်းချဉ်သီးရေ နှစ်ဖန်ခွက် (၅၀၀ မီလီလီတာ) သောက်ရပါမယ်။ အကောင်းဆုံးကတော့ ထမင်းစားတဲ့အခါ ခရမ်းချဉ်သီးကို အသုပ်အဖြစ်လည်းကောင်း၊ တို့စရာ အဖြစ်လည်းကောင်း စားသောက်ပေးခြင်းက မြန်မာ့စားသောက်မှု သဘာဝနဲ့ ပိုမိုနီးစပ်မှုရှိပါတယ်။

လူတိုင်းလူတိုင်း ကျန်းမာရွှင်လန်းပြီး ဘဝတစ်လျှောက်လုံး ပြုံးပျော် ရွှင်လန်းနိုင်ပါစေ….။

1 comment:

RePublic said...

ခုလို ဗဟုသုတ တွေအတွက် ..ကျေးဇူး
အားပေးလျက်ပါခင်ဗျာ...