ညဘက်စကားပြောသူများ
မရောက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို ညအိပ်ရောက်ခဲ့တယ်။ ညစာ စားသောက်ကြပြီး ရှေး ဟောင်းနှောင်းဖြစ်များ ထိုင်ပြောကြရာ ည(၁၁)နာရီ ထိုးမှန်းမသိ ထိုးသွားတယ်။ အဲဒီအချိန်မှာ ဘေးချင်းကပ်အိမ်ကနေ “ဝေးဟေးဟေး” ဆိုပြီး ညာသံပေးတဲ့ အော်သံကြောင့် ကျွန်တော် ထိတ်လန့် သွားမိတယ်။ သူငယ်ချင်းရဲ့ အမျိုးသမီးက သဘောကျစွာ ပြုံးရင်း . . .
“ အော် .. ဟိုဘက်အိမ်က ဖိုးထူး ယောင်နေတာပါ၊ သစ်စက်မှာ လုံခြုံရေးလုပ်တာလေ၊ စက်ရုံထဲ ညဘက် လုံခြုံရေး စောင့်ရင်း အမြဲတမ်း ညာသံပေးပြီး အော်တာတဲ့၊ အိမ်ပြန်အိပ်ရင်လည်း အိပ်ပျော်တာတောင် ယောင်ပြီး ထအော်တယ်။ အကျင့် တစ်ခုလိုဖြစ်နေပြီလေ .. .. ”
ဟုရှင်းပြတယ်။
အစ်မက သဘောကျစွာ ရယ်မောပြောဆိုနေတဲ့အချိန်မှာပဲ အိမ်အောက်ထပ်ကနေ အိပ်မောကျနေတဲ့ သူငယ်ချင်းရဲ့ ညီမောင်တစ်ယောက်ရဲ့ အော်သံကြောင့် ကျွန်တော် ဒုတိယမ္ပိ ထိတ်လန့်သွားရပြန်တယ်။
“ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် …. အားလုံးပေါင်း ရှစ်ယောက် တက်လာတယ် ဆရာရေ့ ”
“ ကိုရင့်ညီအလတ်ကောင် ယောင်တာပါ ငါ့မောင်ရယ်၊ သူ့မောင် နှစ်ယောက်စလုံး ကားစပါယ်ယာ လိုက်နေကြတာ လေ၊ အခုယောင်နေတာက မောင်သိန်းဦးပေါ့ ”
အစ်မရဲ့ စကားမဆုံးခင်မှာပဲ ဆက်တိုက်ထွက်ပေါ်လာတဲ့ အသံတစ်ခုကို ထပ်မံကြားလိုက်ရ ပြန်တယ်။ ဒီတစ်ခါ တော့ ကျွန်တော် ထိတ်လန့်သွားခြင်း မရှိတော့ပါဘူး။ ယောင်ပုံက..
“ ရင်ခွင်နန်းတော်ပါတယ် ဆရာရေ့ ….”
တတိယအကြိမ်ယောင်သံဆန်းကြောင့် နေ့ခင်းက ရုပ်ရှင်ကြည့်ထားလို့ ညဘက် ရုပ်ရှင်အကြောင်းယောင်တယ် ထင်ပြီး…
“ အင် .. ရင်ခွင်နန်းတော်ဆိုတာ ရုပ်ရှင်ဇာတ်ကား နာမည် ကိုပြောတာတင်ထယ် ” လို့ အစ်မကို စကားဦး သန်းလိုက်သည်။
“ ဘယ်ကလာ ဟုတ်ရမလဲ ငါ့မောင်ရယ်။ အဲဒါကြောင့် မင့် လူပျိုကြီး ဖြစ်နေတာပေါ့။ ရင်ခွင်နန်းတော်ပါတယ် ဆိုတာ ပန်းခြံ မှတ်တိုင်ပါတယ်လို့ ပြောတာဟဲ့ ” ဟု ရှင်းပြတယ်။
ကျွန်တော့် သူငယ်ချင်းရဲ့ ညီအငယ်တစ်ယောက် ယောင်သံကြောင့် ကျွန်တော် ပြုံးရမလို ရယ်ရမလို ဖြစ်နေမိ ပါတယ်။
2 comments:
ကျွန်တော်ငယ်ငယ်တုန်း အဲလိုယောင်တတ်ပါတယ်၊၊
ခုကြီးလာတော့ ညာယောင်နေရတယ်ဗျာ..ဟီး
ဒီ Post လေးကို ဖတ်ပြီး အကျင့်ပါတယ်ဆိုတာ အိပ်မက်ထဲက မသိစိတ်ထဲမှာမှ မဟုတ်ဘူး နိုးနေတဲ့အချိန် သတိဝိရိယနဲ့ ထိန်းထိန်းသိမ်းသိမ်းနေတဲ့ အချိန်မှာတောင် သတိလက်လွတ်ပြီး အကျင့်ပါနေတာကို ဖျောက်လို့မရတာ သွားသတိရတယ်။ စစ်တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားဖူးတဲ့ အသိတယောက် စစ်သင်တန်း ၆ လ အပြီးမှာ စစ်တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားရင်းပြန်မိဖူးတာကို ပြန်ပြောပြဖူးပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက် တပ်ထဲကထွက်ပြေး နယ်ပြန်ဖို့ အဝေးပြေး ဘတ်စ်ကားဂိတ်တခုမှာ လူအုပ်ကြားမှာ ကိုယ်ရောင်ဖျောက်ပြီး ရောက်နေခဲ့တယ်။ အဲဒီအချိန်မှာ Whistle မှုတ်သံတခုကို ကြားရပြီး ချက်ချင်းပဲ သူတို့နှစ်ယောက်က တိတ်-- (တစ်) လို့ အော်ပြီး သတိထဆွဲ တယ်၊ ရှေ့ကြည့်၊ တန်းသတိ၊ သက်သာ၊ အေးစေတွေ စတဲ့ အမိန့် နှစ်ခွန်းသုံးခွန်းအော်နေတာကို လိုက်လုပ်နေသေးတယ်လို့ပြောတယ်။ ပြီးတော့မှ ဒါတပ်မဟုတ်ဘူး ကားဂိတ်ဆိုတာကို သတိရပြီး သူတို့ကို အမိန့်ပေးနေတဲ့ အသံနဲ့ ဝေးရာကို ရှောင်ပြေးဖို့လုပ်တဲ့အချိန် အနားမှာ ရောက်နေပြီဖြစ်တဲ့ အရပ်ဝတ်နဲ့ စစ်သားတွေက လာခဲ့ဆိုပြီး ဆွဲခေါ်တာခံလိုက်ရတယ်။ အဲဒီအချိန်မှ တအံ့တသြနဲ့ နားမလည်ဖြစ်နေကြတဲ့ ခရီးသည်တွေကလည်း သဘောပေါက်ပြီး ရီကြတယ်လို့ပြောတယ်။ အခုခုကို အကျင့်ပါပြီးရင် ဖျောက်ဖို့ဆိုတာ သိပ်ခက်တယ်။ ရှင်မောဂ္ဂလန်တောင်မှ မျောက်ဘ၀က ရေအိုင်တွေကို ခုန်ပြန်ကျော်လွှား ကစားဖူးတာကို အကျင့်ပါပြီး ရဟန္တာဘ၀ထိ ဆွမ်းခံကြွရင်း မြောင်းရှိတဲ့နေရာ တခုမှာ လမ်းဆင်းမလျှောက်ပဲ ခုန်ကျော်ပြီး သွားဖူးတယ်ဆိုတာ ဖတ်ဖူးပါတယ်။ အဲဒါကြောင့်မို့ ဘယ်သူမဆို ကောင်းတာတွေကိုပဲ အကျင့်ပါအောင် လုပ်သင့်ပါတယ်။ မကောင်းတာကြီးကို အကျင့်ပါနေရင် မလိုချင်လို့ ဖျောက်ပေမယ့် လွယ်လွယ်နဲ့ ဖျောက်လို့မရတာ စိတ်ညစ်စရာကြီး ဖြစ်မှာပဲ။
Post a Comment