အကြောင်းကတော့
နေသာတဲ့နံနက်ခင်းတစ်ခုတွင် လူတစ်ယောက်သည် ကျဉ်းမြောင်းသော တံတားတစ်ခုကို ဖြတ်သန်းနေခိုက်၊ သူ့အောက်ရှိ မြစ်ကမ်းပါးဘေး သစ်ရိပ်အောက်တွင် ငါးမျှားနေသော တံငါသည်တစ်ယောက်ကို မြင်သည်။ မြစ်မှာ ရေနက်ပြီး ညင်သာစွာ စီးဆင်နေသည်။ ထိုလူသည် တံတားပေါ်ရပ်၍ တံငါသည်ကို စောင့်ကြည့် နေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တံငါသည်သည် သူချထားသော ငါးမျှားကြိုးကို ဆွဲယူလေသည်။ ငါးမျှားကြိုး အဆုံးတွင် အလွန်ကြီးသော ငါးတစ်ကောင်ပါလာသည်။
တံငါသည်သည် ငါးကို ငါးမျှားချိတ်မှဖြုတ်၍ ရေထဲသို့ ပြန်လွှတ်လိုက်သည်။ နောက်ထပ်မိနစ် အနည်းငယ် အကြာတွင် နောက်ထပ် ငါးကြီးတစ်ကောင် ရပြန်သည်။ တံငါသည်သည် ထိုငါးကြီးကိုလည်း မြစ်ထဲသို့ ပြန်လွှတ် လိုက်ပြန်သည်။ တတိယအကြိမ်တွင်မူ ငါးအသေးတစ်ကောင် ဖမ်းမိသည်။ ထိုငါးကို သူ့တောင်းထဲ ထည့်ပြီး နောက် အိမ်ပြန်ရန် ပြင်ဆင်တော့သည်။ တံတားပေါ်မှ လူသည် အလွန်အံ့အားသင့်သွားသဖြင့် တံငါသည်အား မေးသည်။
“ ခင်ဗျားဘာကြောင့် ကြီးမားပြီး လှပတဲ့ ငါးကြီးတွေကို ရေထဲ ပြန်လွှတ်ပြီး၊ ငါးသေးသေးကိုမှ ယူတာလဲ ”
တံငါသည်က မော့ကြည့်ပြီး ပြန်ဖြေလိုက်တာက..
“ ဒယ်အိုးက သေးသေးလေးမို့ပါဗျာ ” တဲ့
1 comment:
ကျနော့်အနေနဲ့ ဒီအဖြစ်လေးကို ဟာသလို့ မယူဆပါဘူး။ လောကကြီးမှာ တော်တော်ရှားပါးနေပြီဖြစ်တဲ့ ရောင့်ရဲနိုင်ခြင်း လို့ပဲမြင်ပါတယ်။
Post a Comment