Tuesday, June 3, 2008

လမ်းခွဲ

ထိုနေရာကား
သားနှင့်အဖ
အတူနေရာ အိမ်ရာဖြစ်၏။

ထိုမြေယာကား
သားနှင့်အဖ
အတူထွန်ယက် လယ်မြေကွက်တည့်။

ထိုနေရာကား
သားရှင်ပြပွဲ၊
အဖေနွှဲရာ၊ ရွာလယ်ဇရပ်
စေတီမြတ်သည့်။

ထိုနေရာကား
သားလက်ထပ်ပွဲ
အဖေနွှဲရာ၊ ရွာဦးမဏ္ဍပ်
မြေကွက်လပ်သည့်။

သားနှင့်အဖ
အတူတကွ၊ နေခဲ့ကြလည်း
မနှစ်ပြာသို ၊ နှင်းရည်စိုစွ
ညတစ်ည၀ယ်
အဖေခွဲခွာ၊ ပြန်မလာပြီ။

ဤနေရာကား
သားနှင့်အဖ ၊ ကွဲကွာလေသည့်
လူ့ပြည်လောက ၊ ဘ၀လမ်းဆုံး
သင်္ချိုင်းကုန်းသည့်။ ။
(မောင်နွေအေး)

No comments: