Monday, July 14, 2008

မိုဘိုင်းဖုန်းသုံးခြင်း နှင့် ဦးနှောက်ကင်ဆာ






မိုဘိုင်းဖုန်းသုံးခြင်း နှင့် ဦးနှောက်ကင်ဆာ

မိုဘိုင်းဖုန်းအသုံးပြုခြင်းဖြင့် ဦးနှောက် ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ ယူဆချက် မမှန်ကန်တဲ့ အကြောင်း မကြာသေး မီက ထွက်ပေါ်လာတဲ့ လေ့လာချက် တစ်ခုက ဖော်ပြထား ပါတယ်။ ဒီလေ့လာမှုကို လန်ဒန် အခြေစိုက် ကင်ဆာ သုတေသနဌာနခွဲနဲ့ ဗြိတိသျှ တက္ကသိုလ် (၃)ခုတို့ (၄)နှစ်ကြာ ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပြီး ကာလရှည်ကြာ မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ဦးနှောက်အကျိတ် (Glioma) ဖြစ်ပေါ်မှု တို့အကြား ဆက်စပ်မှု မရှိကြောင်း ကောက်ချက်ချ ခဲ့ကြပါတယ်။ မိုဘိုင်းဖုန်းကို ပုံမှန်အသုံးပြု သူများ၊ တစ်သက်လုံး စွဲစွဲမြဲမြဲ အသုံးပြုနေသူများ၊ နာရီပေါင်းများစွာ တစ်ဆက်တည်း အသုံးပြုသူများ စသည်ဖြင့် အုပ်စုခွဲလေ့လာ ခဲ့ပေမယ့် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ အထောက် အထား မတွေ့ရကြောင်း British Medical Journal မှာ ရေးသား ဖော်ပြထားပါတယ်။ ဒီတွေ့ရှိချက်ဟာ ဗြိတိန် တစ်နိုင်ငံတည်းရဲ့ ရလဒ်မဟုတ်ဘဲ၊ အမေရိကန်နဲ့ ဥရောပတိုက်တစ်လွှား နိုင်ငံပေါင်း (၁၃)နိုင်ငံက တစ်ပြိုင်တည်း သုတေသနပြု လေ့လာမှုက ရရှိလာတဲ့ ရလဒ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်း အသုံးပြုမှု တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မိုဘိုင်းဖုန်းက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လိုင်း တွေကြောင့် ခေါင်းကိုက်ခြင်းကအစ ဦးနှောက်အကျိတ် ဖြစ်ပွား ခြင်းမျိုးအထိ ကျန်းမာရေးအရ အန္တရာယ်ရှိနိုင်တဲ့ အကြောင်း စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ခိုင်မာတဲ့ သက်သေ အထောက်အထား တော့မတွေ့ရသေးပါဘူး။ ဗြိတိန်မှာ ဦးနှောက်ကင်ဆာ ဖြစ်ပွားသူပေါင်း တစ်နှစ်ကို (၄၀၀၀) နီးပါးရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လူပေါင်း(၂၀၀၀၀)လောက် ရှိကြောင်း သိရပါတယ်။

McKinney နဲ့ Swerdlow တို့အပါအ၀င် Leeds, Manchester နဲ့ Nottingham တက္ကသိုလ်တို့က သိပ္ပံပညာရှင် တွေ အနေနဲ့ Glioma ဦးနှောက် အကျိတ် ဖြစ်ပွားနေသူ (၉၆၆) ယောက်ကို အခြား ကျန်းမာသူ (၁၇၁၆)ဦးနဲ့ နှိုင်းယှဉ်ပြီး အသုံးပြုတဲ့ မိုဘိုင်းဖုန်း အမျိုးအစား၊ ဖုန်းခေါ်ဆိုမှု အကြိမ် အရေအတွက်နဲ့ ကြာမြင့်ချိန် တွေကို အခြေခံ လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဦးနှောက်ကင်ဆာ ဝေဒနာရှင်တွေ အနေနဲ့ ၄င်းတို့ မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဦးခေါင်းဖက် အခြမ်းမှာ အကျိတ်ဖြစ်ပေါ်တာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ ပေမယ့် သိပ္ပံ ပညာရှင် တွေကတော့ ဒါဟာ လူတွေ ထင်ယောင်ထင်မှား မှု သို့မဟုတ် အမှတ်မှားမှု သာဖြစ်တယ်လို့ ဆိုထား ပါတယ်။

ဒီသုတေသနပြု လုပ်ဆောင်ချက်အရ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် ကင်ဆာဖြစ်ပွားမှုတို့အကြား အဆက်အစပ် မတွေ့ရှိရတဲ့ အပြင် အခြားရေဒီယိုလှိုင်းနဲ့ ထိတွေ့ လုပ်ကိုင်နေသူတွေကို လေ့လာချက် အရလည်း ခိုင်မာတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရတဲ့ အကြောင်း McKinney က ပြောကြားခဲ့ ပါတယ်။

3 comments:

Anonymous said...

ဆောင်းပါလေးက ဗဟုသုတဖြစ်စေတယ်ဗျာ.. သိပ်ကောင်းပါတယ်

Anonymous said...

အခုလို ဖော်ပြပေးတော့ မိုဘိုင်းဖုန်း သုံးသူတွေ ကတော့ အကြိုက်ဘဲပေါ့။ ကျွန်တော် အတွက်ကတော့.. ဟင့်..ဟင့်... ဟမ်းဖုန်း လိုချင်တယ်......

ရွှေပြည်သူ (ShwePyiThu) said...

ဒီအကြောင်းလေး သိရတာ ၀မ်းသာစရာပါ။ အလုပ်အရ ဖုန်းအရမ်းပြောရတဲ့ လူတွေအတွက်လည်း မထိခိုက်တာ သိရတော့ အရမ်းကောင်းပါတယ်။ အမြဲတမ်း ဗဟုသုတရစရာလေးတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် မောင်လေးဝင်းဇော်ရေ...