Sunday, July 20, 2008

အသားစားသူ (နှင့်) အရိုးဝါးသူ


အသားစားသူ (နှင့်) အရိုးဝါးသူ

တစ်နေ့ နံနက်တွင် ကြက်သားသည် ဒေါ်ဆွဲဆိုင်သို့ ဈေးဝယ်သူ အမျိုးသမီး နှစ်ယောက် ၀င်လာသည်။

တစ်ယောက်က အသက်(၅၀)ခန့်၊ အသားဖြူဖြူ၊ ၀၀ရုပ်ရည် သန့်သန့်၊ အကောင်းစား နိုင်ငံခြားဖြစ် ပါတိတ် ၀မ်းဆက်ကို ၀တ်ထားသည်။ လက်ဝတ် ရတနာများမှာ နံနက်ခင်း နေရောင် ခြည်အောက်တွင် ဖိတ်ဖိတ် တောက် နေသည်။ သူ့နောက်မှ အသက်(၂၀)ခန့် အမျိုးသမီး ငယ်လေး တစ်ဦးက နိုင်ငံခြားဖြစ် ပလပ်စတစ် ဆွဲခြင်းကို ဆွဲပြီး လိုက်ပါလာသည်။ အိမ်ဖော်မလေး ဖြစ်ဟန်တူသည်။

နောက်ဈေးဝယ် အမျိုးသမီး တစ်ယောက်ကတော့ အသက်(၄၀)ကျော်ခန့်၊ ပိန်ပိန် မဲမဲခြောက်ခြောက်၊ အ၀တ်အစား ခပ်နွမ်းနွမ်း၊ လက်ထဲတွင် ကျွတ်ကျွတ်အိပ် တစ်လုံးကို ကိုင်လာသည်။

ဒေါ်ဆွဲ ။ လာအစ်မတို့ ကြက်သားတွေလတ်တယ်၊ ကောင်းတယ်နော်။ ဟု ဒေါ်ဆွဲက ပျူပျူငှာငှာ ခေါ်လိုက်သည်။

၀၀အမျိုးသမီးက အဲဒီကြက် တစ်လောက်လုံးရဲ့ အသားတွေကို လိုချင်တယ်။ အရိုးမပါစေနဲ့နော် ဟု ဆိုလိုက် သဖြင့် ...

ဒေါ်ဆွဲ ။ ရမယ်--ရမယ်၊ စိတ်သာချ ဟုဆိုကာ သွတ်လက်စွာဖြင့် အသားများနွှာပြီး ချိန်ပေးလိုက်သည်။

၀၀ အမျိုးသမီးကြီးသည် တစ်တောင်ခန့်ရှိ ပိုက်ဆံအိတ်ကြီးထဲမှ အနွမ်းဆုံး ပိုက်ဆံများကို ရွေးပြီးပေးကာ ပြန်ထွက်သွားသည်။ ဒေါ်ဆွဲသည် ကျန်ဈေးဝယ်တစ်ဦးကို ကြည့်လိုက်ပြီး ..

ဒေါ်ဆွဲ ။ ဒီအစ်မကကော ဟု မေးလိုက်သည်။ ပိန်ပိန် အမျိုးသမီးက

ခုနက ကျန်ခဲ့တဲ့ ကြက်ရိုးတွေ လိုချင်ပါတယ်။ ချိန်ပေးပါ ဟု ဆိုသဖြင့် ဒေါ်ဆွဲက အရိုးများကိုချိန်ပေးလိုက်သည်။ ထိုအမျိုးသမီးသည် ကျွတ်ကျွတ်အိတ် ထဲသို့ အရိုးများကို ထိုးထိုး ထောင်ထောင် ထည့်ပြီး ကျသင့်ငွေကို ပေးကာ ပြန်ထွက်သွားပါသည်။

ဒေါ်ဆွဲသည် ငွေများကို ရေတွက်ကြည့်နေရင်း ပြောလိုက်သည့်စကားမှာ

ဒေါ်ဆွဲ ။ အင်း… တစ်ယောက်ကတော့ အသားတွေချည့် စားပြီး ၀တုတ်ပြဲနေတာပဲ၊ ဟိုတစ်ယောက်ကျတော့ အရိုးတွေပဲ ၀ါးနေလို့လား မသိဘူး။ ပိန်ကပ်နေတာပဲ။ အင်း ငါကတော့ အသားရော၊ အရိုးပါ ရောင်းလိုက်ရလို့ နေ့တွက်ကိုက်ပါပြီ။ လောကကြီးဟာ ဘယ်နေရာမှ မတူညီပါလားနော် … ဟူ၍ ဖြစ်ပါသည်။

မောင်အေးနှစ်(ပညာရေး)တင်ပြသည်။

5 comments:

ကိုတိုး said...

အစ်ကိုရေ အသားစားသူနှင့် အရိုးဝါးသူ ကိုလာဖတ်သွားတယ် အစ်ကို သာဓကတွေ ပေးတာကောင်းပါတယ်။...... comment သိပ်မပေးတတ်လို့ စာများများမရေးခဲ့တာပါ အစ်ကို.. ပျော်ရွှင်ပါစေဗျာ..............

မောင်စေတနာ said...

ကျွန်တော်ကတော့ ကြက်ခေါင်း၊ ကြက်ရိုးပဲ ကြိုက်တယ်ဗျို့။ ကြက်ခေါင်းစားရင် မင်းဖြစ်တယ်ဆိုလို့။ ဟီး ဟီး။

မသက်ဇင် said...

ဘယ်အရာမှာမဆို သူ့ ဟာနဲ့သူ ကတော့
အသုံးဝင်နေတယ်လို့ ထင်ပါတယ်။
ခင်မင်စွာဖြင့်
မသက်ဇင်

နှင်းပွင့်ဖြူ said...

မှန်လိုက်လေခြင်း မှန်လိုက်လေခြင်း
လောကကြီးဟာ ဘယ်နေရာမှ မတူညီပါဘူး

Anonymous said...

မှန်ချက်...
ဟုတ်တယ် လောကမှာဘယ်နေရာမှမတူဘူးလေ
မတူတာတောင်မှ ပြသနာတွေဖြစ်နေတတ်တဲ့လောက
တူများတူရင်တော့မတွေးရဲစရာ ...
ပြောချင်တာနဲ့လွဲနေမလားတော့မသိ
စိတ်ထဲရှိတာရေးသွားတာ... :D