မြို့ထဲ မရောက်ဖြစ်တာကြာလို့ပဲလား လူဦးရေကပဲ အရင်ကထက် ပိုများပြားလာ သလားတော့မသိ။ ရန်ကုန် တစ်မြို့လုံး ပလက်ဖောင်းပေါ် လျှောက်ရတာလဲ မလွတ်လပ်၊ ပလက်ဖောင်း ဈေးသည်ကလဲ နေရာအနှံ့ မျက်စိ ပဿာဒ မကျပေမယ့် ရန်ကုန်မြို့ရဲ့ ထုံးစံတစ်ရပ်လို ဖြစ်နေပါပြီ။ နိုင်ငံတကာမှာ ရေနံဈေးတွေ လှိမ့်တက်နေပေမယ့် ရန်ကုန်မြို့လည် ၆ လမ်းသွား လမ်းမ ပေါ်မှာတော့ အမျိုးအစား စုံလင်လှတဲ့ ကိုယ်ပိုင် ကားတွေ အပြင် နံပါတ်စုံ၊ အရွယ်စုံ ခရီးသည်တင် လိုင်းကား တွေကလဲ အပြည့်အသိပ်၊ ခရီးသည်တွေ ကလဲ အလုအယှက်ပါပဲ။
အလာတုန်းက taxi နဲ့ဆို ဟန်ကျပေမယ့် သူငယ်ချင်းအဆွယ် ကောင်းတာနဲ့ လိုင်းကားနဲ့ ပြန်ဖို့ ဆူးလေ ဘုရားလမ်း ကားဂိတ်မှတ်တိုင်ကို ရောက်ခဲ့တယ်။ ကားဂိတ်ရောက်တော့ ခရီးသည် ၂၀၀ ကျော်လောက် ရှိမယ်။ လိုင်းကား စောင့်နေကြတာ၊ ကျွန်တော်တို့လဲ ပလက်ဖောင်းဘေး အပင်ရိပ်အောက် ထိုင်စောင့် နေမိတယ်။ လိုင်းကားအချို့ ခရီးသည်တွေ ပြည့်နေပေမယ့် မထွက်သေးပါဘူး ..
ကဲ အားလုံးပဲ ဆင်းပြီးမှ တက်ကြပါဗျာ
ယောက်လမ်း၊ ၃-လမ်း၊ ရွှေတိဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ
ဘားလမ်း၊ ဆူးလေ၊ သမ္ဗုဒ္ဓေ နှစ်ညအိပ်၊ သုံးရက်ခရီးမဟုတ်ဘူး၊ အခုထွက်မှာ
အစ်ကို၊ ၃၀၂၂ သွားတာ ငါးမိနစ်ပဲ ရှိသေးတယ်။ ရှေ့မှာ ကားတွေကျပ်နေတယ်။ ဒီမှာ ခဏထိုင် လိုက်ရင် အဆင်ပြေသွားမှာ၊ ၃၄၇၀ လဲ ခုနကမှ လိမ်ဖယ်၊ လိမ်ဖယ်နဲ့ တက်သွားတာ၊ ကျွန်တော် ဂျာနယ်ခဏ တက်ရောင်း အုံးမယ်နော်
ခရီးသွား လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ
နိုင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးကြီး သီလရှင်ဝတ်မယ် ကြော်ငြာပြီးမှ .. .. အကြောင်း စုံစုံ လင်လင် သိချင်ရင်၊ တောသား လူလည်က မြို့တက်ပြီး အကြံအဖန် လုပ်တာ ရဲကင်းနဲ့ ပက်ပင်းတိုးတဲ့ အကြောင်း …..
အမှောင်ထဲမှာ အဖော်မပါဘဲ သွားတဲ့ ရှစ်နှစ်သား လူငယ်လေးရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်း ကတော့ .. ..
ရှာရာဗိုဗာ ကတော့ ခွေးကိုပဲ ချစ်သတဲ့ ကမ္ဘာကြီးကတော့ ပြားသွားပြန်ပြီ
ငုံးဥပြုတ် တစ်ရာ တစ်ရာ တစ်ရာ
ဟေ့ကောင် ငုံးဥ ခဏနေအုံး
ခင်ဗျားဟာ ကြာတာကိုဗျာ
အေးပါ ပြီးတော့မယ်
ရေနံဈေးကြောင့် သမ္မတဘုရှ် ကြေကွဲနေရတဲ့ အကြောင်း
ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်း၊ ရသစုံစုံ လင်လင် ဖတ်ချင်ရင် တစ်စောင်မှ နှစ်ရာ၊ ဒီနေရာမှာပဲ ရမှာ၊ ဆိုင်တွေမှာ သွားဝယ်ရင် လေး ငါး ခြောက်ရာ .. .. ဒီမှာက အပျင်းပြေဖတ်၊ အပျော်ဖတ်၊ အိုက်ရင် ယပ်ခပ်လို့ရတယ်
ဂျာနယ် ပြီးရင် ဆင်းလေကွာ
လူကြီးမင်းတို့ အိမ်တွေမှာ အရှေ့မြောက်ထောင့် အိမ်မြှောက်စုပ်ထိုးရင် ဘာဖြစ်မလဲ၊ တောင်ပို့မြင်တိုင်း ဖွတ်ထွက်မယ်လို့ မတွေးနဲ့၊ အမွှေးတိုင်နဲ့ သောက်ရေသာ ကပ်ပေး၊ အဲဒီအိမ် စီးပွားမတက်ရင် ကျွန်တော့်ကို လာပြော
(သူ့ဟာ သူတောင် စီးပွားမတက်ဘဲနဲ့ များ)
မြေပဲလှော် ငါးဆယ်၊ ကြွပ်ကြွပ် ရွရွ လေး၊ မြေပဲလှော် ငါးဆယ် .. ..
လူကြီးမင်းတို့ ညဘက်တွေအိပ်တဲ့အခါ အိပ်မက်တွေ မက်တတ်တယ်၊ ညဦးပိုင်း မက်တဲ့ အိပ်မက်၊ ညဦးပိုင်း မက်တဲ့အိပ်မက် နဲ့ အရုဏ်တက် မက်တဲ့ အိပ်မက် ရယ်လို့ သုံးစားရှိတယ်။ ဘယ်အချိန် မက်ရင် ဘာဖြစ်မယ်၊ အိပ်မက်ရဲ့ လက္ခဏာနဲ့ နိမိတ်ကို ဗေဒင်ဆရာဆီ သွားပြီး ဆန်တစ်အိတ်၊ ငွေအစိတ် ကုန်စရာ မလိုဘူး။ ကျွန်တော့်ဆီက စာအုပ်လေးသာ ၀ယ်သွား
စာအုပ်လေးသာ ၀ယ်သွား၊ ကိုယ်တိုင် သိနားလည်လာမယ်၊ ဟိမ၀န္တာ တောကြီးက ဆရာသခင်များ ပြုစုထားတဲ့ တောင်အတိတ်ကျွန်းမှာ အောင်နိမိတ်ထွန်းစေမယ်။ အိပ်မက် နိမိတ်ကျမ်း၊ ၀ယ်လို့မရတဲ့ ပညာကို ဒါနတရားနဲ့ ရောင်းချပေးတာ။ ငွေတစ်ရာကျပ် ထဲပဲ၊ ကွမ်းစားဆေးသောက် ကျပျောက် မသွားဘူး။ တစ်ဘ၀လုံး လက်စွဲထားရမှာ အိပ်မက်နိမိတ် ကျမ်း .. ..
ဟောဒီက အစ်မက တစ်အုပ်တဲ့၊ ဒီအဒေါ်ကြီးကတော့ နှစ်အုပ်တဲ့၊ ပညာရဲ့ တန်ဖိုးကို အစစ် အမှန် နားလည်ကြသူတွေကတော့ ၀ယ်ကုန်ကြပြီဗျာ .. ..
သံချေးတွေ စွန်းတာ၊ ကွမ်းတံတွေးတွေ စွန်းတာ၊ ဘာစွန်း၊ ညာစွန်း ဘာစွန်းစွန်းပေါ့ အင်္ကျီတွေ၊ အ၀တ်အစားတွေ စွန်းတာ ပေတာ စိတ်သာချ ဂြိုဟ်တု အစွန်းချွတ်ဆေး၊ လက်ပစ်ဗုံးပေါက်ရင် ဖာလို့မရဘူး၊ အိမ်ကရေပုံးတော့ ဖာဖြစ်အောင်ဖာ၊ အိုးဖာတဲ့တိပ်၊ ဒန်အိုး၊ ဒန်ခွက် ရေပုံး ဘာပဲဖာဖာ တစ်လက်မကို ငွေတစ်ရာပဲ .. ..
ဟိုအစ်ရှေ့ နည်းနည်းတိုး၊ ဟိုအစ်ကို ဘေးလေးကပ်ပေးပါ။ ဟေ့ကောင်တွေ ဆင်းတော့၊ ကားထွက်တော့မယ် ..၊ ရောင်းချင်ရင် အောက်ကသာရောင်း၊ အစ်ကိုရေ ငါးပူး ကပ်လာပြီ၊ မောင်းတော့ .. ..
နောက်ဆုံးကားစပယ်ရာ ရဲ့ အသံကြားရတော့မှပဲ ကျွန်တော်လဲ သက်ပြင်းချ နိုင်ပါတော့တယ်။

8 comments:
ကျနော်လည်း နောက်ဆုံးကျမှပဲ သက်ပြင်းချဖို့ သတိရတော့တယ်ဗျ။ မွန်းကျပ်နေတဲ့ ဘ၀တွေကလည်း မပြောင်းလဲ။ ကျနော်တို့ရဲ့ သက်ပြင်းချသံတွေကလည်း မပြောင်းလဲ၊
ပို့စ်ဖတ်နေရင်းနဲ့ ကျနော်လဲ အသက်ရှုကြပ်လာသဗျာ..။ :)
ဖြတ်သန်းနေတဲ့ ဘ၀တွေပါပဲ ..ကိုဝင်းဇော် ရေ..
သရုပ်ဖော်ပီပြင်ပါတယ် ၊၊
very good post. I can see the realities about my own country.
ဟိုက်ရှားပါး
ဖတ်နေရင်းနဲ့ ကို ဆူးလေနားရောင်သွားသလိုပဲ
ပီပြင်ပါပေ့ ကိုဝင်းဇော်ရေ
ရန်ကုန်ဟာ နုပျိုဆဲ။ အရင်လိုပါပဲဗျာ။ အဲ.. တိုးတက်တာတွေလည်း ရှိမှာပေါ့နော်။ ဥပမာ ပိုပူလာတာတို့၊ လူပိုရှုပ်တာတို့ပေါ့။
ဒါပေမဲ့ ရန်ကုန်ဟာ ရန်ကုန်ပါပဲဗျာ။
ဟဟ..တကယ်ပဲဗျ။အသက်ရှူတွေရောကြပ်ချွေးတွေထွက်
လာသလိုပဲဖတ်နေရင်းနဲ့ :)
ဆူးလေဂိတ်ကနေ ၄၃ စီးခဲ့တဲ့အချိန်တွေကို ပြန်သတိရလိုက်တာဗျာ။
Post a Comment