Monday, July 7, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။

( မင်းသုဝဏ်/၁၉၆၂၊ဒီဇင်ဘာ-၅ )

စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူသားတို့ဟာ လူသားအချင်းချင်း လူပီသစွာ စောင့်ရှောက် ကာကွယ်ပေးကြ တယ်။ အေးအတူ ပူအမျှ နေထိုင်စားသောက်ကြရင်း တစ်ဦးကိုတစ်ဦး ကူညီ ရိုင်းပင်းကြ ကုန်တယ်။ ထိုလူသား များ ရှိတဲ့ ပတ်ဝန်းကျင် သည် ငြိမ်းချမ်း သာယာခြင်း ရှိကုန်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ကုန်တယ်။ ဒါကြောင့် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူသားတို့ ဤလူ့လောကတွင် အများအပြားပင် လိုအပ်ပါတယ်။ လူသား အချင်းချင်း ကာကွယ်ပေးခြင်းသည် မွန်မြတ်သော မင်္ဂလာတရား ဖြစ်ပါတယ်။ ကူညီ စောင့်ရှောက် တတ် တဲ့သူကို လည်း လူအများက နှစ်လို ချစ်ခင်ကြတယ်။

ကဗျာကဝိကြီး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူအချင်းချင်း စောင့်ရှောက်ကာကွယ်သူအကြောင်း ဂုဏ်ပြု ကဗျာလေး ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

ပထမဆုံး ဖတ်မိကတည်းက စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးပါ။ ခုလို ပြန်ဖတ်လို့ရအောင် မျှဝေပေးတာ ကျေးဇူးပါပဲ မောင်လေးဝင်းဇော်ရေ...

RePublic said...

ဆရာကြီးမင်းသုဝဏ်ရဲ့ အနက်အဓိပွါယ် ပြည့်စုံတဲ့ကဗျာ ကောင်းလေးတစ်ပုဒ်ပါဗျာ ...

Smilemay said...

စမိုင်းမေ ဒီကဗျာလေး ရချင်တာ ကြာပြီ
ယူသွားပြီနော့