Tuesday, July 1, 2008

အတုယူထိုက်သော ဆရာများ

အတုယူထိုက်သော ဆရာများ

လူ့အဖွဲ့အစည်းများတွင် မိဘနှင့်သားသမီး၊ အလုပ်ရှင့်နှင့် အလုပ်သမား၊ ဆရာနှင့် တပည့် ဟူသော စုံတွဲ အဖွဲ့အစည်းများ ပါဝင်နေပါသည်။ ယင်းတို့ရှိရာတွင် ဆရာဟူသည် ပညာပေးသူဖြစ်၍ တပည့်ဟူသည် ပညာ သင်ယူသူဖြစ်သည်။ ဆရာသည် တပည့်ထက် အသိဥာဏ် ဗဟုသုတ အစစသာလွန်သည်။ ယင်းသို့ သာလွန် နေသည့်အခါအားလျှော်စွာ ဆရာသည် တပည့်အား ပညာသင်ပေးသူသာ ဖြစ်သင့်၍ တပည့်ထံမှ တစ်ဖန် ပညာသင်ယူသူ မဖြစ်သင့်ဟု ယူဆကြသည်။

တပည့်ဖြစ်သူ၏ ဆုံးမစကား၊ အကြံပြုစကားများကို အလေးတမူ နားမထောင်နေသင့်၊ မှတ်ယူမနေသင့် ဟု ယူဆကြသည်။ ယင်းယူဆချက်များကြောင့်ပင် အချို့ ဆရာဖြစ်သူတို့သည် တပည့်ဖြစ်သူက မှားကွက်၊ ဟာကွက် များထောက်ပြ၍ တင်ပြလာသောအခါ လက်မခံကြဘဲ ပစ်ပယ်တတ်ကြ လေသည်။
အချို့သည် ပစ်ပယ်ရုံသာမက ငါလိုဆရာမျိုးကို မင်းက ဆရာလာလုပ်ရသလား ဟု ဆရာမာန်တက်ကာ တပည့် ဖြစ်သူကို လှိမ့်၍ ဖိငေါက်တတ်သည်။ ရှက်ရမ်းရမ်းတတ်သည်။ ရိုက်နှက်တတ်သည်။

သို့ရာတွင် လောကကြီးတွင်း၌ သိစရာများ၊ အသိပညာများ များမြှောင်လှပေသည်။ မကုန်နိုင် မခန်းနိုင်ချေ။ အသိဥာဏ် ဟူသည်မှာလည်း အာသဝေါကုန်ခန်း ရဟန္တာမဖြစ်သေးသမျှ လုံးဝဥဿုံ မပြည့်စုံနိုင်သေးပေ။
သို့ဖြစ်၍ တစ်ခါတစ်ရံ သတိတရား အသိတရား ချွတ်ချော်တိမ်းပါးကာ မှားယွင်းနိုင်ပါသေးသည်။ ထိုအခါ တပည့် ဖြစ်သူက ထိုမှားကွက် ဟာကွက်ကို ထောက်ပြ၍ အမှန်တရားသို့ရောက်ရန် တင်ပြလာတတ်ပေသည်။ ထိုအခါ တပည့်ဖြစ်သူ၏ တင်ပြချက်သည် မှန်ကန်ပါက ဆရာမာန်မတက်ဘဲ ကြည်ဖြူစွာ လက်ခံသင့်ကြ ပေသည်။ မိမိ အမှားကို ရဲဝံ့စွာ ဝန်ခံသင့်ကြပေသည်။ ထိုသို့သော ဆရာမျိုးသည် အတုယူထိုက်သော ကြည်ညို ထိုက်သော ဆရာမျိုးဖြစ်လေသည်။

5 comments:

Unknown said...

ဆရာကောင်းတွေ တွေ့ဖူးသလို.... မာန်တက်နေတဲ့ တတ်ယောင်ကား ဆရာတုနဲ့လဲ ကြုံဖူးတယ်ဗျို့။

wynn.sun said...

ကျွန်တော်တို့ ဆီမှာ ကိုဝင်းဇော်ပြောတဲ့ စိတ်ဓါတ်မျိုးတွေ သိပ်မထားကြသလိုပဲဗျ.. မာန်မာနထောင်လွှားနေတဲ့ ဆရာအောက်မှာ မိမိကိုယ်ကို ယုံကြည်မှုချို့ ယွင်းကုန်တဲ့သူတွေ တွေ့ ဖူးပါတယ်။

ဇနိ said...

လက်ခံပါ၏။
း)

witnyin said...

အင်း... ဟုတ်တယ်.... ဒဂုံ (1) မှာ အဲဒါမျိုးက အဆိုးစုံးပဲ.....

ရွှေပြည်သူ (ShwePyiThu) said...

အစ်မငယ်ငယ်တုန်းကတော့ အစ်မသူငယ်ချင်းက “လိုရင်းပဲ ရေးရမှာလား ဆရာမ” လို့မေးတာကို “လိုရင်းပဲပြောပါ” လို့ သူ့ကို မလေးမစား ပြောတယ်ဆိုပြီး ဆရာမအကြီးအကျယ်ဆူလို့ စာသွားမေးတဲ့ အစ်မတို့၂ယောက်လုံး ငိုပြီး မနည်း ပြန်ရှင်းပြခဲ့ရပါတယ်။ အဲဒီတုန်းက ဆရာမက ကျောင်းကို ပြောင်းလာခါစဆိုတော့ အလုပ်နေရာအသစ်မှာ တပည့်တွေ သူ့ကိုမလေးမစား ပညာစမ်းကြမလားလို့ စိုးရိမ်နေခဲ့တယ် ထင်ပါတယ်။ ဆရာမကို စိတ်ဆိုးခြင်း မကျေနပ်ခြင်း မရှိခဲ့ပေမယ့် တကယ်ကို ၀မ်းနည်းစရာ အမှတ်တရပါ။ မောင်လေးပို့စ်လေးကို ဖတ်ပြီး သတိရမိလို့ပါ။