Monday, December 1, 2008

Forward Mail (ဘီယာကြိုက်သူများ သတိပြုဖွယ်)


ခုတလော ရာသီဥတုက ကိုယ့်ဖက်ကိုပါတယ်လို့ ဆိုရမလားပဲ။ ပြောရရင်ဖြင့် အားကစား သမားတွေ အကြိုက်ပေါ့ဗျာ။ ညနေခင်း ရောက်ရင် စိတ်ထဲ မရိုးမရွနဲ့မို့ ကိုယ်ဖာ့သာကိုယ် အထိမ်းအမှတ် တစ်ခုခုလုပ်ပြီး ဗျစ်ဆိုင် သွားဖြစ်တယ်။ နှစ်သက်လို့လည်း မဟုတ်ပါဘူး၊ စွဲလမ်းလွန်းလို့လည်း မဟုတ်ရပါဘူး၊ စတိုင်လ် ထွင်တာလည်း မဟုတ်ပါဘူး။ တည်ငြိမ်မှု ကင်းနေတဲ့ စိတ်အစုံအတွက် ထွက်ပေါက် တစ်ခုအနေနဲ့ ရောက်ဖြစ် သောက်ဖြစ်ခဲ့ပါတယ်။ သောက်ဖြစ်ဖို့ အတွက် တစ်နေ့တစ်မျိုး ခေါင်းစဉ်တပ်ပြီး ရောက်ခဲ့ပါတယ်။ တနေ့က စနေနေ့မှာ အကြောင်းမဲ့ အလုပ်များလို့ သောက်ဖြစ်တယ်။ မနေ့က တနင်္ဂနွေနေ့၊ သူငယ်ချင်း တစ်ယောက်က ကိုယ့်အပေါ် ပြုမူတာကို တလွဲဆံပင်ကောက်ပြီး ညီးငြူနေတဲ့စိတ်ကို ရှင်းသန့်ဖို့ သွားသောက်တယ်။ ကနေ့ တနင်္လာနေ့ မိုးလင်းလင်းချင်းပဲ သူငယ်ချင်းနဲ့ပဲ နားလည်မှုတွေလွဲပြီး ကတောက်ကဆ ဖြစ်တယ်။ ဒီနေ့အတွက်တော့ စိတ်ရှင်းဖို့ ခေါင်းစဉ် ရသွားပြန်တယ်။ အကြောင်းပြချက် လေးရှိမှ သွားရတာ ကောင်းတာမို့ ကိုယ့်ကိုယ်ကို ပြဿနာကောင်ကြီး လို့တောင် ထင်မိမှားတယ်။ ဘုရားမကြိုက်၊ နတ်မကြိုက် (ကိုကြီးကျော်နဲ့ အမေကြမ်းမပါ)၊ ကြင်သူ မကြိက်ပေမယ့် ခေါင်းတခါခါ လည်တမော့မော့နဲ့ ညနေခင်းတိုင်း ရောက်ဖြစ်ခဲ့တယ်။

အရင်လို နက်ပေါ် ချက်တက်နေရရင် ထမင်းမေ့၊ ဟင်းမေ့၊ အပြင်ထွက်လည်ဖို့ မေ့နဲ့ လောကကြီးနဲ့ကို အဆက်အသွယ် ပြတ်နေမိတယ်။ ပြောတာလေး၊ ဖောတာလေး၊ ကျူတာလေးကို အကျေနပ်ကြီး ကျေနပ်ပြီး နတ်သြဇာအလား နတ်ပြည် ခြောက်ထပ်ကြားက မိုးတိမ်နယ် လွှင့်ပြန့်နေမိတာ အမှန်ပါ။ ခုတော့ ဆုံးဖြတ်ထားတယ်။ ဘယ်သူ့ကိုမှ စိတ်ဒုက္ခမပေးချင်တာနဲ့ ချက်တက်တာကို လျော့ရာကနေ ပိတ်ပစ်လိုက်တယ်။ သံယောဇဉ် မပြတ်နိုင်ပေမယ့် လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ကလေးမွေးပြီး ကိုယ့်အတွက် ကိုယ်ပိုင် အချိန်ရအောင် ပြန်လုပ်ယူရတယ်။ ပထမတော့ စာဖတ်မယ်ပေါ့၊ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက် ဆောင်းတွင်းဆိုတော့ အားကစား လုပ်မယ်ပေါ့ ဒါလည်း ဝေးသော အကြောင်းပါ။ ဟိုတလောက ဘတ်စကက်ဘော ကစားရင်း တမံတလင်းပေါ် ပြုတ်ကျတာ ခါးအနာက အကင်းမသေ သေးဘူး။ ဆေးပတ်တီး စည်းထားရသေးတယ် ခုထိပါ။ ဒါနဲ့ပဲ နေ့တိုင်း ဝေလေလေနဲ့ ဗျစ်ဆိုင်ကိုပဲ ရောက်ဖြစ်ခဲ့တယ်။

မကြာမတင်ကပဲ ဘီယာသောက်တဲ့ ဆိုးကျိုးကို သူငယ်ချင်း ဆူးလင်းသစ် ရဲ့ Forward Mail ကနေ လက်ခံရခဲ့တယ်။ သူ့စာမှာ ဘီယာနဲ့ အရက် ရောနေတာ တွေ့ရပါမယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းနည်းတဲ့ ဘီယာကို များများသောက်ရင် လည်း အရက်လိုပဲ မူးတတ်တာမို့ အတူတူပဲ ဆိုလိုချင်တာ ဖြစ်မယ် ထင်ပါတယ်။ ဆရာဝန်မပေါက်စလေးရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ Forward Mail ကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။ သိပြီးသားများဖြစ်ရင်လည်း နာလည်စွာနဲ့ ကျော်ဖတ် သွားနိုင်ကြောင်းပါ။ အားလုံးကို လေးစားလျက်ပါ။

ဘီယာကြိုက်သူများ သတိပြုဖွယ်

မီချီဂန် ယူနီဗာစီတီမှ သိပ္ပံပညာရှင်များ၏ လေ့လာချက်အရ တစ်နေ့လျှင် ဘီယာတစ်ပုလင်း သောက်တဲ့သူတွေဟာ ဘီယာဖြတ်လိုက်တဲ့ သူတွေထက် (၅) နှစ်ပိုစောပြီး မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ တွေ့ရှိချက်အရ အယ်လ်ကိုဟောဟာ မုန့်ချိုအိတ်ကို ရောင်ရမ်းစေကြောင်း သိရပါတယ်...။ အရက် ပိုသောက်လေလေ မုန့်ချိုအိတ် ရောင်ရမ်းလေလေဖြစ်ကာ မုန့်ချိုအိတ်ကင်ဆာ ပိုဖြစ်နိုင်လေလေ ဖြစ်တယ်လို့ မစ်ချဲအန်ဒါဆင်က ရှင်းပြလိုက်ပါတယ်...။
မေ, Ref:Men's Health ,2008 October

အောက်ပါတို့မှာ ဆရာဝန်များ မေတ္တာရပ်ခံထားသော အရက်သောက်ခြင်းနှင့် ပတ်သက်၍ လိုက်နာအပ်သော အချက်ကြီး(၁၀)ချက် ဖြစ်ပါသည်။
(၁)
ရေဆာတိုင်း အရက်ကို မသောက်လေနှင့်။
(၂)
အရက်ကို ဖြေးဖြေးချင်း အချိန်ယူ၍ သောက်ပါ။ ရေသောက်သကဲ့သို့ တစ်ချိန်တည်း မသောက်ပါနှင့် ပထမတစ်ခါသောက်ပြီး နောက်တစ်ကြိမ် သောက်လိုလျှင် နာရီဝက်ခန့် အချိန်ခြားပါစေ။ တတိယ အကြိမ်သောက်လိုသေးက အနည်းဆုံး တစ်နာရီကျော်ခြားပါစေ။ အဖော်ကောင်းသည်ဆိုပြီး စတုတ္ထအကြိမ်ဆက်ကာ မသောက်မိပါစေနှင့်။
(၃)
အရက်ကို တတ်နိုင်သမျှ ဆိုဒါရည်တို့ဖြင့် ရောသောက်ပါ။ ရေရောထားသော အရက်ကို တစ်ဖြည်းဖြည်း ဇိမ်နှင့်သောက်ပါ။
(၄)
သောက်နေကျ ရေချိန်ထက် တိုးမသောက်ပါနှင့်။ ဖြစ်နိုင်လျှင် နေ့စဉ် အချိန်မှန် သောက်ခြင်းကို ရှောင်ပါ။
(၅)
"ငါအရက်ဘယ်လောက်သောက်သောက် မမူးပါဘူး"၊ "ငါ ဒီလောက်တော့အပျော့ပေါ့ " ဆိုသော စကားမျိုးကို မပြောမိစေနှင့်။ "ကျွန်တော်သောက်တာ တော်တော်များနေပါပြီ" ဆိုသောစကားမျိုးကို ဆောင်ပါ။
(၆)
အစာစားမထားဘဲ အရက်မသောက်မိပါစေနှင့်။
(၇)
ဖြစ်နိုင်လျှင် အရက်သောက်ချိန်၌ လက်ဖက်ရည် စသည့် အခြား သောက်စရာများဖြင့် အစားထိုးပါ။
(၈)
ပင်ပန်းနွမ်းနယ် နေသည့်အခါတွင် ရေချိုးလိုက်ပါ။
(၉)
စိတ်ညစ်သည့် အခါတိုင်း အလုပ်ပင်ပန်း သည့်အခါတိုင်း အရက်သောက်ခြင်း မျိုးကို ရှောင်ပါ။
(၁၀)
အလုပ်အကိုင် မလုပ်ရသေးမီ အထူးသဖြင့် နံနက်အချိန်တွင် အရက် သောက်ခြင်းကို အထူးရှောင်ပါ။

ဒီပို့စ်လေးကို ရေးချင်ခဲ့တာက အရက် နဲ့ ဘီယာ ဆိုးကျိုးကို သိစေချင်တာပါ။ ဒါပေမယ့် ကိုယ်မကောင်းတာ လုပ်တာကို ချပြသလို ဖြစ်မိပါတယ်။ စာလာဖတ်သူတွေကို စော်ကားသလိုလည်း ဖြစ်မိတယ်လို့ ယူဆမိပါတယ်။ ဒီအတွက် အနူးအညွတ် တောင်းပန်ပါတယ်။ စာဖတ်သူ အားလုံးကိုပါပဲ ။

ဆူလင်းသစ် ရေးသားသည်

http://suelinnthit.myanmarbloggers.org

suelinnthit@gmail.com



11 comments:

မသက်ဇင် said...

လူငယ်များဖတ်သင့်တဲ့ ပိုစ့်ကောင်းလေးတခုပါ---

Nge Naing said...

အရက်ပဲဖြစ်ဖြစ် ဘီယာပဲ ဖြစ်ဖြစ် စိတ်ကို ကြွစေပေမယ့် ခန္ဓာကိုယ်ကို နွမ်းစေတယ်၊ ဦးနှောက်ကို ထိခိုက်စေနိုင်တယ် ဒီပို့စ်ထဲမှာအတိုင်း လူတရာမှာ ၁ ယောက်တောင် လိုက်နာနိုင်မယ်မထင်ဘူး။ တချို့ ကျန်းမာရေးအတွက် အကြောင်းပြပြီး တနေ့နည်းနည်းစီသောက်မယ်ဆိုပြီး တရက်နှစ်ရက် တော့ လုပ်ဖြစ်တာ တွေ့ဖူးတယ် နောက်တော့လည်း အကြောင်းပြချက်တခုခုနဲ့ တပတ်စာကို တခါတည်း မော့ချလိုက်တာတွေလည်း တွေ့ဖူးပါတယ်။ ဒါကြောင့် အရက်တို့ ဘီယာတို့ကို လုံးဝမသောက်တာ အကောင်းဆုံးပါပဲ။

စိုင်းနောင့် said...

ဗဟုသုတွေအတွက် ကောင်းတယ်ဗျ။ ဒါပေမယ့် သိသိကြီးနဲ့ ဆော်နေတုန်းပဲ။ အစ်ကိုနဲ့လည်း တစ်ရက်လောက် တွေ့ချင်တယ် ရန်ကုန်လာဖြစ်ရင် အော်လိုက်ပါမယ်။

Anonymous said...

လူ့မင်းသားများအတွက်တော့ သတိပြုသင့်တဲ့ သိပ်ကောင်းတဲ့ အချက်လေးတွေပဲပေါ့ဗျာ ...
:)

Anonymous said...

ကျေးဇူးဘဲ အကိုရေ..တော်ပြီ ဒီနေ့ကစပြီး သောက်တော့ဘူး ဖြတ်ပြီ
:)
အကိုလည်း ဖြတ်ဦးနော်.. ဟဲဟဲ :P

Anonymous said...

အဟဲ ပို့စ်လေးအတွက် ကျေးဇူးပါဗျို့
အင်း ရာသီဥတုလေးကလည်း လူငယ်များအကြိုက်ဆိုတော့ အဟီး
ဒါပေမယ့် အစွဲသောက်တာတော့ မကောင်းဘူးဗျို့ ...

Welcome said...

Welcome ဘလောဂ့်မှ
အမှန်က အရက်နဲ့ ဘီယာတို့ရဲ့ ဆိုးကျိုးကို ရေးပြချင်တာ တစ်ခု တည်းဖြစ်ပေမယ့် စာဖတ်သူတွေရဲ့ စိတ်အမြင် မကြည်မလင် ဖြစ်စေခဲ့တာကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။
စာလာဖတ်တဲ့ ညီငယ်၊ ညီမငယ်နဲ့ လူကြီးလူကောင်း အားလုံးကို တောင်းပန်စကားပြောချင်ပါတယ်။ နားလည်ပေးစေချင်ပါတယ်

Heart Breaker said...

သေချာဖတ်ကြည့်တော့လည်း မဆိုးပါဘူး။ ပညာပေးစာလေး ပါပဲ။
တလွဲစေတနာနဲ့ ဖတ်ရင်တော့ တလွဲစာပဲဖြစ်သွားမှာပါ။
ဒါပေမယ့် အများနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုဖြစ်လေတော့ အများ ကောင်းကျိုးအတွက် ရေးတာပဲ ကောင်းပါတယ်။ တစ်ပါးသူ နစ်နာစေလိုတဲ့ ဆန္ဒမပါရင် ရေးသာရေးပါ။ ဖတ်ပါမယ်။ မှားရင်လဲ အကြံပြုလို့ရတာပေါ့။

Nge Naing said...

ဒီပို့စ်လေးကို ဖတ်ရတာ သူများကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပညာပေးချင်တဲ့ စေတနာကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကျတော့ အရက်တွေ ဘီရာတွေရဲ့ဆိုးကျိုးကို သိရက်နဲ့ သောက်တယ်ဆိုတာ သဘာဝမကျပါဘူး။ အရက်ကို ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် မသောက်တာ အကောင်းဆုံးပဲဆိုတာ ထပ်ပြောချင်ပါတယ်။ ချက်တက်တယ်ဆိုတာ အချိန်ဖြုန်းတာ သက်သက်မို့ ချက်တက်လို့ ရခဲ့တယ်ဆိုတဲ့ အမှားတွေကို တွေ့သွားတာ ကောင်းပါတယ်။ လေထဲ တိုက်ဆောက်ဖို့ မစဉ်းစားတော့ပဲ ၀င်းဇော်ရဲ့ ဘလော့ဂ်ဟာ သမုဒယတွေကင်းတဲ့ ဟိုးအရင်တုန်းကလို ကွန်ပြူတာ ပညာပေး၊ ကျန်းမာရေးပညာပေးလေးတွေ သုတ၊ ရသ၊ ဟာသလေးတွေနှောပြီ ဝေဆာနေတဲ့ ဘလော့ဂ်လေး ပြန်ဖြစ်လာပါစေလို့ စာဖတ်ပရိတ်သတ် တယောက်အနေနှင့် မျှော်လင့်ပါတယ်။

Welcome said...

Welcome ဘလောဂ့်မှ အစ်မငယ်နိုင်

ကျေးဇူးတင်ရှိပါတယ် အစ်မခင်ဗျား။ ရေးချင်တဲ့ ဆန္ဒတစ်ခု တည်းကို ဦးစားပေးမိခဲ့တာကို ၀န်ခံပါတယ်။ နောက်ဆင်ခြင် နိုင်အောင် အသိပေးတဲ့အတွက် ၀မ်းသာပါတယ်။ အမှားကို သိမှ အမှန်ကို ပြုပြင်နိုင်မှာမို့လို့ ဒီလို ထောက်ပြတာကို ကျေနပ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
လေးစားလျက်ပါ။

Anonymous said...

ကြိုက်လို့သောက်တာတော့ မဟုတ်ပါဘူး။ သောက်ရင်း သောက်ရင်း ကနေပြီး ကြိုက်သွားတာပါ။