Monday, December 15, 2008

Congratulations ပါ .. ..


မိမိရဲ့ ကျန်ရှိနေမဲ့ ဘဝတစ်လျှောက်လုံး အတွက် လက်တွဲဖော်ကို ရွေးချယ်တဲ့ အခါမှာ တစ်ချို့က မိမိတို့ချင်း စုံမက်ချစ်ခင်ကာ နှလုံးသား အရေးကို ဦးစားပေးပြီး ရွေးချယ်ကြပါတယ်။ တစ်ချို့ကျတော့ အဖေအမေ မိဘတွေ သင်ထားပေးတဲ့အတိုင်း၊ မိဘများက ထိမ်းမြားပေးတဲ့ အတိုင်း ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး ရွေးချယ်ခဲ့ကြ ပါတယ်။ လက်ထပ်ဖို့ ဘယ်လိုပဲ ဆုံးဖြတ်ခဲ့ကြ ပါစေပါ။ အဓိကပန်းတိုင်ကတော့ တူနှစ်ကိုယ် ရွှေလက်တွဲရဖို့ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီး တာကတော့ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် ထားရှိရမယ့် နားလည်မှုပါပဲ။ တစ်ဦးအပေါ် တစ်ဦး နားလည်မှုတွေ ကြည်ကြည်လင်လင် ဖလှယ်နိုင်ပါမှ အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် အိမ်ထောင်စု တစ်ခုရဲ့ ပြယုဂ်ဖြစ်တဲ့ မင်္ဂလာပွဲ အခမ်းအနားကို နားလည်မှု အပြည့်ရှိတဲ့ မင်္ဂလာပွဲတစ်ခု ဖြစ်သင့်ပါတယ်။ ကြီးကျယ်ခမ်းနားပြီး ပကာသန ဆန်တဲ့ မင်္ဂလာပွဲကြီးတွေရဲ့ နောက်ကွယ်မှာ ဂုဏ်သိက္ခာတွေ၊ မာန်မာနတွေရဲ့ကြားမှာ နားလည်မှု ဆိုတာ ရှာတွေ့နိုင်ဖို့ မလွယ်လှပါဘူး။

ရှေးတုန်းကတော့ ပုဆိုးတန်းတင်ရင် အကြင်လင်မယား ဖြစ်တယ်။ အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် အသိပေးလိုက်တာနဲ့ အကြင်လင်မယား အရာမြောက်တယ် လို့ ဆိုခဲ့ကြပါတယ်။ ဒီဖက် တိုးတက်လာတဲ့ လူနေမှု အခြေအနေအရ ဒီစနစ်တွေဟာ မှေးမှိန်ပျောက်ကွယ် နေပြီဖြစ်ပေမယ့် အခုထိ လက်ခံ ကျင့်သုံးနေသေးတဲ့ မဖွံ့ဖြိုးသေးတဲ့၊ ရှေးထုံးကို မပယ်နိုင်သေးတဲ့ ကျေးလက်နေ ပြည်သူတွေ အများအပြား ကျန်ရှိပါသေးတယ်။

မိမိတစ်သက်မှာ တစ်ခါသာ ကျင်းပရတဲ့ မင်္ဂလာပွဲမို့လို့ မင်္ဂလာမောင်နှံတို့ဟာ မိမိတို့ရဲ့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာနဲ့ ကျင်းပချင်ကြမှာပါ။ ငွေကြေးချမ်းသာ တဲ့အသိုင်းအ၀ိုင်း တွေကတော့ နာမည်ကြီး ဟိုတယ်ခန်းမတွေမှာ ငှားရမ်းပြုလုပ်ကြပါတယ်။ တစ်ချို့ကျတော့လည်း အိမ်ရှေ့မှာ မဏ္ဍပ်လေးထိုးပြီး မင်္ဂလာဆောင် ကြပါတယ်။ တစ်ချို့ကျတော့လည်း ရပ်ကွက်ဓမ္မာရုံမှာ ဧည့်ခံပွဲလုပ်ပြီး မိမိတတ်စွမ်းသမျှ စွမ်းအားလေးနဲ့ မင်္ဂလာအခမ်းအနား လေးကို အခမ်းနားဆုံး ဖြစ်အောင် လုပ်ကြလေ့ရှိပါတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအရ တစ်ဦးနဲ့ တစ်ဦး စုံဖက်လက်ထပ် ကြတဲ့နေရာမှာ မင်္ဂလာမောင်နှံ နှစ်ဦးနဲ့တင် မပြည့်စုံဘဲ သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး အသိုင်းအ၀ိုင်းများပါ ပါဝင်ပတ်သက် နေတဲ့အတွက် မင်္ဂလာပွဲကို ခမ်းနားစွာနဲ့ ကျင်းပပြုလုပ်ခြင်းဖြင့် တစ်သက်သာ အတွက် ဂုဏ်ယူစရာ အမှတ်တရလေး ဖြစ်စေတဲ့အပြင် နှစ်ဘက်ဆွေမျိုး တွေအတွက်လည်း ဂုဏ်ယူစရာ ၊ ဂုဏ်တက်စရာ၊ အမှတ်ရစရာ အဖြစ် ထင်ကျန်ရစ် နေမှာပါ။ ဒါကြောင့် ဘဝတစ်သက်တာ အတွက် တစ်ကြိမ်သာ ကျင်းပရတဲ့ လက်ထပ်မင်္ဂလာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ကြတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ဒီခေတ်ကာလကြီးမှာ၊ ဒီစီးပွားရေး အခြေအနေကြီးမှာ ခမ်းနားမှုနဲ့ ငွေကြေးပမာဏဟာ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် များပြားလှတဲ့ ငွေကြေး တွေကို ရက်ပိုင်းအတွင်း ကျင်းပတဲ့ မင်္ဂလာပွဲမှာ မကုန်ကျသင့်ပါဘူး။ တစ်သက်လုံး ထိန်းသိမ်းသွားရမယ့် အိမ်ထောင်ရေး သာယာလှပဖို့ အတွက် လိုအပ်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံ ထားသင့်ပါတယ်။ အောင်မြင်ပျော်ရွှင်ပြီး ပြည့်စုံသာယာတဲ့ မိသားစုဘ၀တစ်ခု ပိုင်ဆိုင်နိုင်ဖို့က အိမ်ထောင်ရှင်တိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်စုတစ်ခု ထူထောင်ရာမှာ တစ်ဦးပေါ်တစ်ဦး ရာနှုန်းပြည့် နားလည်မှုတွေ ပေးနိုင်မယ့် ပကာသနကင်းတဲ့ သာမာန် မင်္ဂလာပွဲလေးနဲ့လည်း လုံလောက်ပါတဲ့ အကြောင်းတင်ပြ လိုက်ရပါတယ်။

( လုပ်ငန်းတူ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ကရ၀ိတ်ခန်းမမှာ ရေခဲမှုန့်၊ ကိတ်မုန့်နဲ့ ဧည့်ခံပါတယ်။ ဧည့်ခံပွဲက ခမ်းနားတယ် ဆိုပေမယ့် အဆွေအမျိုးတွေ နဲ့ပဲ မင်္ဂလာပွဲ ပြီးသွားပါတယ်။ ဧည့်သည်တွေ အလာနည်းပါတယ်။ တစ်ရက်ထဲပဲ နောက်တစ်ခုက ရွှေတိဂုံဘုရားလမ်း၊ ကျားတိုက်ဓမ္မရုံမှာ ကျင်းပတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေး အခမ်းအနားလေးပါ။ ကုသိုလ်လည်းရ မင်္ဂလာလည်းဖြစ်မို့ သဘောကျမိပါတယ်။ လူတွေ တော်တော် စည်တာမို့ နောက်ကျလို့ နေရာတောင် မရခဲ့ပါဘူး။ လူတွေက ရှုပ်နေတာမို့ မနေတတ်တာမို့ နှုတ်ဆက်သင့်သူတွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့ ပါတယ်။ မင်္ဂလာမောင်နှံ နှစ်ဖော်တို့ အိုအောင်မင်းအောင် ပျော်ရွှင်စွာနဲ့ အေးချမ်းတဲ့ မိသားစုဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနိုင်ကြ ပါစေလို့ ဆုတောင်းလိုက် ပါတယ်။)



10 comments:

khin oo may said...

တို့ကတော့လတ်မှတ် ထိုးပြီး ယူခဲ့ပါတယ။် ကိုယ်ချစ်တဲ့သူကို ရရင်ပြီးရောလို့။ တွေးခဲ့တယ်။

May Moe said...

"တစ်သက်လုံး ထိန်းသိမ်းသွားရမယ့် အိမ်ထောင်ရေး သာယာလှပဖို့ အတွက် လိုအပ်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံ ထားသင့်ပါတယ်။" သဘောတူပါတယ် :D

Anonymous said...

ကျွန်တော်လဲ ဒီအကြံလေးကို သဘောတူပါတယ် အကိုဝင်းဇော်
မဒမ်လောင်းကတော့ သိတယ်မို့လား ဗျောက်ဖောက်တော့မှာဗျ
အဲဒီအစီအစဉ်သာဆိုရင်လေ.. မယုံရင် အမနှင်းဇော်ကိုသာမေး
ကြည့်ပါတော့ဗျာ.. သူကသဘောတူရင်တောင် ယောက္ခမလောင်း
တွေကို ကြောက်ရအုံးမယ်.. ဟဲဟဲ ပြောတော့ပါဘူးဗျာ.. ကြာ
ရင် ကျွန်တော့အကြောင်းတွေ ပေါ်ကုန်တော့မယ်.. ပျော်ရွှင်ပါစေ
ဒီပို့စ်လေးအတွက်ကျေးဇူးပါ အကိုဝင်းဇော်

Anonymous said...

ပို့စ်ကောင်းလေးတစ်ခုဖတ်သွားပါတယ် မောင်လေးဝင်းဇော်ရေ.
အစ်မမှာ မောင်ဝင်းဇော်ရဲ့လင့်ခ်ရှိမနေလို့ မရောက်ဖြစ်ဖူးဖြစ်နေတယ်.
အခုတောင် Welcome ကိုကလစ်ကြည့်တာ မောင်ဝင်းဇော်ဖြစ်နေလို့
ရောက်လာတာ. အစ်မ လင့်ခ်သွားပြီနော်.
အစစ အရာရာ အဆင်ပြေပါစေကွယ်.

အစ်မ၀ါ

su wai said...

ပကာသနတွေ ဖုံးလွှမ်းနေတဲ့ ဂုဏ်တုဂုဏ်ပြိုင် မင်္ဂလာပွဲတစ်ခုထက် နားလည်မှုတွေနဲ့ ပကာသနကင်းတဲ့ သာမန်မင်္ဂလာပွဲလေးက ပိုပြီး စိတ်ချမ်းသာစရာ ကောင်းပါတယ်။ တစ်ချို့ကျတော့ တသက်မှာ တစ်ခါဆိုပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ချင်ကြတယ် ထင်ပါရဲ့… ကိုယ့်အတွေးနဲ့ကိုယ် လုပ်ကြသည်ပေါ့လေ…။

ပို့စ်တွေတိုင်းလိုလိုမှာ ဦးဦးဖျားဖျား ကော်မန့်လာပေးတတ်တဲ့အတွက်တော့ ကျေးဇူးကမ္ဘာ .. ( အရုပ်ကလေး စကားကို ခဏငှားသုံးလိုက်တာ :P )

စိုင်းနောင့် said...

ဒီဘက်မှာတော့ အေးအေးချမ်းချမ်းပဲဗျ၊ အရှေ့ဘက် နေ၀န်းနီ ဘလော့ရပ်ဝန်း ဘက်မှာတော့ ဘာတွေ ရှုပ်လဲတော့မသိဘူး။ ရောက်ခဲ့ပေမယ့် နားမလည်ဘူး။ ကျွန်တော့် မင်္ဂလာဆောင်လဲ လာမှာမဟုတ်လား၊ ဖိတ်လိုက်ပါ့မယ် အစ်ကို ၀င်းဇော်။

Anonymous said...

ပို့စ်ကောင်းလေး လာဖတ်တယ် မောင်လေးရေ။ ဆိုလိုရင်း လည်းကောင်းတယ်။ အမြဲလာဖတ်ဖြစ်တယ်။

Sonata Cantata said...

မင်္ဂလာပွဲ သွားဖြစ်တိုင်း မင်္ဂလာဦး ဇနီးမောင်နှံအတွက် ဆုမွန်ကောင်းလေး သတိတယပေးဖြစ်ပါတယ်။ ဒီပို့စ်ပိုင်ရှင်ကိုရော ဘယ်တော့ Congratulation လုပ်ရမတုံး?

ကိုအောင် said...

ကိုဝင်းဇော်ရော ဘယ်တော့ မင်္ဂလာဆောင်မလဲ။
လာစားမယ်နော် ...။

Heart Breaker said...

မိန်းမမယူခင် ဒီပို့စ်ဖတ်လိုက်ရမှာ၊ ခုတော့ ရေစုန်မျှောပြီ၊ (နောက်တာပါ)၊ မင်္ဂလာဆောင်ခါနီးတုန်းက မိန်းမနဲ့လည်း စကားများ ရတယ်၊ နှစ်ဘက်မိဘနဲ့လည်း အခြေအတင် ဖြစ်ခဲ့ ရတယ်။ ဟိုဘက်မိသားစုက သူတို့မြို့နယ်နဲ့နီးတဲ့ နေရာမှာ ဧည့်ခံပွဲလုပ်ချင်တယ်၊ ဒီဘက်ကလည်း သက်သာတဲ့နေရာမှာ လုပ်ချင်တယ်နဲ့ ပျော်စရာတွေတောင် ပျောက်ကုန်တယ်။ ပြီးတော့ လည်းပြီးသွားတာပါပဲ၊ ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ပြည်စုံ တဲ့ မိသားစုဘ၀အတွက်တော့ နှစ်ယောက်သားအတူတူ နားလည်မှု ယူကြရတာပါပဲ။ ပို့စ်လေးကောင်းတယ်။