Monday, December 29, 2008

စိတ်ကူးယဉ်တယ် .. ..


ပိုက်ဆံမပေးရဘဲ အာကာသထဲ က သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေတဲ့ အင်္ဂါဂြိုဟ်ဆီကို အလည်သွားရင် ကောင်းမလား။ ဗမာငွေသိန်း ၅-၆ ဆယ် မကုန်ဘဲ စင်္ကာပူမှာ ဘွဲ့လွန်အတွက် ကျောင်းသွားတက်ရင် ကောင်းမလား။ စိတ္တဇလိုအတွေးနဲ့ ပိန်တာရိုးဖြစ်နေတဲ့ တစ်ဖက်သတ် ချစ်ချစ်ကို တွေ့ရဖို့ ဂျပန်သွားပြီး ပဂေးဆန် သွားလုပ်ရင် ကောင်းမလား။ မနက်က MRTV-4 မှာတွေ့လိုက်ရတဲ့ 08 model ပြိုင်ကားနီနီကို ကိုယ်တိုင်မောင်းပြီး မြို့ထဲလျှောက်ပတ် နေရရင်ကောင်းမလား။ ဒီမနက်မှာ ရှစ်မိုင်ရွှေဘဲက ဘရိတ်ဖတ်ကို အိမ်ကနေမှာစားရရင် ကောင်းမလား ဆိုပြီး ဆောင်းအေးအေး မနက်ခင်းမှာ အပျင်းအထူကြီးကို ဖက်ပြီး အိပ်ရာကမထနိုင် သေးပါဘဲ အတွေး ရေယာဉ်ကြောမှာ အလိုက်သင့်မျှောရင်းနဲ့ တစ်ကိုယ်တည်း စိတ်ကူးယဉ် နေမိပါတယ်။ အခမဲ့ရတဲ့ စိတ်ကူးယဉ်တာတွေက တော်တော်ကြီးကို ဖီလင်ရှိပေမယ့် ဘေးကနေကြည့်နေတဲ့ သူများရှိရင် ပျစ်ပျစ်နှစ်နှစ် အပြောခံရပါလိမ့်မယ် ငပျင်း၊ ဟဲ့ ...... ငပျင်းကြီး ရယ်လို့ပါ။

ငယ်ဘ၀တုန်းကတော့ ကျွန်တော်ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကတော့ ရိုးလွန်းပါတယ်။ ဘောလုံး သွားကစားရင် နာမည်ကျော် ဘောလုံးကစားသမား တွေဟာ ကျွန်တော်ရဲ့ သူရဲကောင်းတွေ ဖြစ်သလို၊ ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက် တွေဖြစ်ကြပါတယ်။ ညဘက် တီဗွီကြည့်ရင် ဇာတ်လမ်းထဲပါတဲ့ မင်းသားက ကျွန်တော်ဖြစ်ခဲ့ပါတယ်။ သိပ်လှတဲ့ မင်းသမီးနဲ့ တွဲကခဲ့ရတာကလည်း မမောနိုင်ခဲ့ပါဘူး။ ဒါကြောင့် စိတ်ပန်းလူပန်းနဲ့ အိပ်မပျော်ပေမယ့် တစ်ရေးနိုးရင် မိုးအလင်းပါပဲ။

အလုပ်တစ်ခုကို တာဝန်ခံပြီး လုပ်လာရတဲ့ အခါမှာ စိတ်ကူးယဉ်တာတွေ၊ အိပ်မက်ဆန် တာတွေ နည်းနည်းတော့ လျော့လာတယ်။ ကားမောင်းရင်းနဲ့ စိတ်ကူးယဉ်နေရင်လည်း ကိုယ်မောင်းတဲ့ ကားက ချောက်ထဲ ရေဆင်းသောက်ဖို့ပဲ ရှိတော့မှာလေ။ ဒါကြောင့် လျော့သွားတာကို ပြောတာပါ။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်က ဒီအထိ ရောက်လာမယ် မထင်ခဲ့ပေမယ့် ခုတော့ အဲဒီကယက်က ကားပေါ် ပြန်မတက်နိုင်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်။ ကိစ္စမရှိပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ လုပ်နေမှ လူပီသပါတယ်။ ဒါနဲ့ ဘလောဂ့်ဂင်းတယ်။ လည်တယ်။ ဖတ်တယ်။ ဒါနဲ့ပဲ စိတ်ကူးယဉ်တာ နည်းနည်း ပိုစိပ်လာတယ်။ တွေးမိသမျှ ဘလောဂ့် ရေးဖြစ်တယ်။ ရေးသမျှတွေလည်း တန်ဖိုးကြီးတဲ့စာတွေ မဟုတ်လောက် သေးတာတော့ ကိုယ့်ကိုယ်ကို ချင့်ချိန်မိပါတယ်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ ပျော်ပါတယ်။ အဲဒီ အပျော် သေးသေးလေးကပဲ ဆက်ပြီး စိတ်ကူးယဉ်နေစေဖို့ ဖြစ်လာပါတယ်။

Tag ရေးဖို့ ပြောလာတဲ့ ညီငယ် ဖိုးဂျယ် ရေ အစ်ကို့ရဲ့ စိတ်ကူးယဉ်တဲ့ နေရာကတော့ ခုတင်ပေါ်ဖြစ်ပြီး စိတ်ကူးယဉ်တဲ့ အချိန်ကတော့ အိမ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာထချိန် ဖြစ်တယ်။ မရှိတဲ့ ရည်းစားတစ်ယောက် အကြောင်းကို စိတ်ကူးယဉ်ပြီး စာတွေရေးဖြစ်တာ၊ ကဗျာတွေ ဖွဲ့ဖြစ်တာတွေကို ပြန်ပြောင်း အမှတ်ရစေဖို့ Tag ထားတာကို ကျေးဇူးပါ။ အိုကေပါစေ ညီငယ် ဖိုးဂျယ်

ကိုယ်ကသာ အတက်ခံနေရတာ (ဆောရီး) Tag ခံနေတာ၊ ဒီတစ်ခါတော့ ဘော်ဒါသယ်ချင်း ကိုကို၊ မမ၊ ညီမငယ်တွေကို ပြန် Tag လိုက်ပါအုန်းမယ်။ အေးအေးကြီးတွေ နေတတ်တဲ့ ဘော်ဒါသယ်ချင်းကိုကို၊ မမ တွေကတော့

ကိုသစ်ဆင်း

ကိုကျားလေး

မကြီးပါချူး

အစ်မကဗျာ

မနီနီဝင်း

နတ်မိမယ်လေးများ

ညီမငယ် ကြယ်ပြာ နဲ့

ညီမငယ် ဝါဝါ တို့ပဲ ဖြစ်ပါတယ်။ အချိန်ရရင်၊ အပန်းလည်း မကြီးရင် ပေါ့ပေါ့ပါးပါး ကိုယ့်စိတ်ကူးအိပ်မက်လေး တွေကို ရေးသားပေးပါအုန်းလို့ .. ..


12 comments:

Anonymous said...

အကိုရေ စိတ်ကူးယဉ်လေးလာဖတ်သွားတယ်ဗျာအကို။ ဘောလုံးသာမားတွေက အကိုကရဲ့အိမ်မက်ဆိုရင် အကိုက ဘောလုံးပွဲကို တော်တော်လေးနှစ်သက်ပုံရတယ်နော်အကို။ စိတ်ကူးယဉ်လေးကောင်းတယ်အကိုရေ။

သက်တန့် said...

အကိုဝင်းဇော်ရေ...
စိတ်ကူးယဉ်ထားတာလေး လာဖတ်ပါတယ်... ရေးသမျှက တန်ဖိုးကြီးစာတွေ မဟုတ်ဘူးဆိုတာတော့ မဟုတ်ပါဘူးနော်... :)

mirror said...

အစ်ကိုရေ..ကားမောင်းရင်းတော့ စိတ်ကူးမယဉ်မိစေနဲ့နော်။စိတ်ကူးလဲယဉ်၊
သတိလဲ ထားပေါ့

Anonymous said...

(မရှိတဲ့ ရည်းစားတစ်ယောက် အကြောင်း) ဆိုတော့ ကိုယ့်ကိုယ်ကို ကြော်ငြာနေသလိုပါပဲ။
သိပါတယ်ရှင်။

ဖိုးဂျယ် said...

အကိုရေ စိတ်ကူးယဉ်တာ သတိလဲထားဦးနော်
ရေသောက်ဆင်းနေဦးမယ်
အိမ်ခါနီးပဲ စိတ်ကူးယဉ်ပေါ့
ခင်မင်လျှက် ဖိုးဂျယ်

Anonymous said...

စိတ်ကူးလေးကတော့ မိုက်တယ်..

Anonymous said...

စိတ်ကူးယဉ်တာလေးကောင်းတယ် အကိုရေ..မရှိသေးတဲ့ ရည်စားလဲရှိလာပါစေဗျာ
နှစ်သစ်မှာပျော်ရွှင်ပါစေနော်

s said...

စိတ်ကူးယဉ်တဲ့အကြောင်းလေးကိုခိုးချလို့ရအောင်လာဖက်သွားပါတယ်ရှင် :P အပိာ ။ဒီအကိုကတော့ ရည်စားမရှိတာပါ ထည့်ကြွားနေပြန်ပါပြီ။

Heart Breaker said...

လူတိုင်း လူတိုင်း စိတ်ကူးယဉ်သမားတွေပါပဲ၊ ကိုယ်ဖြစ်ချင်တာတွေကို မဖြစ်ခင် ကြိုတင် စိတ်ကူးကြည့်ပြီး၊ စိတ်ကူးနဲ့အညီ ဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြတယ်။ စိတ်ကူးကွန့်မြူး တဲ့သူရဲ့ တီထွင်မှုတွေက အများအကျိုးကို ဆောင်ပါတယ်။ အချစ်အတွက် စိတ်ကူးယဉ် တာထက် အနာဂတ်အတွက် စိတ်ကူးယဉ်တာ ပိုတန်ဖိုးရှိပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်စွာနဲ့မရှိသေးတဲ့ရည်းစားလည်းရပါစေ. ဒီထက်မကလည်း စိတ်ကူးတွေယဉ်နိုင်ပါစေ.
စိတ်ကူးယဉ်တိုင်းလည်းဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်.

မြတ်သွယ် said...

ကိုဝင်းဇော်ရဲ့ စိတ်ကူးယဉ်တာတွေကို ဖတ်ရတာ ပျော်စရာကြီး စာရေးထားပုံကလည်း ဆီလျော်လို့
-ကားမောင်းရင်းနဲ့ စိတ်ကူးယဉ်နေရင်လည်း ကိုယ်မောင်းတဲ့ ကားက ချောက်ထဲ ရေဆင်းသောက်ဖို့ပဲ ရှိတော့မှာလေ- အဲနေရာလေး သဘောကျတယ် ပုလဲတို့များအရေးတတ်ဝူး
ဆက်ပြီးတော့ ပျော်ရွှင်စွာ စိတ်ကူးယဉ်နိုင်ပါစေ
လေးနက်တဲ့ စိတ်ကူးယဉ်မှုတွေကိုလည်း အကောင်အထည်ဖော်နိုင်ပါစေ ... :)

စိုင်းနောင့် said...

မိုက်တယ်ဗျ၊ ကျွန်တော်လည်း စိတ်ကူးယဉ် ချင်သေးတယ်၊ အလှမယ် တစ်ယောက်ယောက်နဲ့ပေါ့။
happy new year ဖြစ်ပါစေ။