Friday, December 19, 2008

ဘဝတန်ဖိုး

မိမိရဲ့ဘဝကို သူတစ်ပါးက လေ့လာသင်ယူသလို သူတစ်ပါးရဲ့ ဘဝကိုလည်း မိမိက အမြဲ လေ့လာ သင်ယူနေရ ပါတယ်။ ဒီလို အစဉ်အမြဲ လူတိုင်း လူတိုင်းကို လေ့လာနိုင်မယ်ဆိုရင် အချိန်တိုင်းအဖို့ အဖိုးတန်တဲ့ အတွေးသစ်တွေ၊ အမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ မလွဲပါဘူး။ ဒါဆိုရင် လူ့ဘဝကြီးဟာ ငြီးငွေ့ဖို့ အချိန်ဆိုတာ မရှိနိုင်တော့ပါဘူး။ မိမိရဲ့ဘဝ အောင်မြင် တိုးတက်ဖို့အတွက် အမြဲကြံစည် တွေးဆ အားထုတ် နေရမှာ ဖြစ်ပါတယ်။ လေ့လာ သုံးသပ်လို့ရတဲ့ ဘဝ အတွေ့အကြုံ ဗဟုသုတ တွေနဲ့ မိမိဘဝကို မိမိကိုယ်တိုင်ပဲ ပြုစုပျိုးထောင် အရောင်တင်ပေးရမှာ ဖြစ်ပါမယ်။

လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေ၊ မပြည့်စုံမှုတွေ၊ အဆင်မပြေမှုတွေ၊ ဒုက္ခဗျာပါဒ တွေနဲ့ မလွဲမသွေ ကြုံတွေ့ရမှာကို ကြောက်ရွံ့နေလို့ မဖြစ်ပါဘူး။ ဒီအခက်အခဲ တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ အဲဒီ အခက်အခဲ အတက်အကျ အနိုင်အရှုံးတွေဟာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အရည်အချင်းကို စမ်းသပ် စစ်ဆေးတဲ့ မှတ်ကျောက် တစ်ခုပဲလို့ ပြောချင်ပါတယ်။ ရင်ဆိုင်ရတဲ့ အခက်အခဲ ပြဿနာ ကြီးလေ အရည်အချင်း လိုအပ်လေ၊ အရည်အချင်း ပိုပြည့်ဝလာလေ ဂုဏ်တက်လေပဲ ဖြစ်ပါမယ်။ အခက်အခဲတွေ့တိုင်း ကျောခိုင်းရှောင်ပုန်း အရှုံးပေးခဲ့မယ်ဆိုရင် ဘဝမှာ အောင်မြင်မှု ဆိုတဲ့ အသီးအပွင့်ကို ဆွတ်ခူး ခံစားရမှာ မဟုတ်ပါဘူး။ မဆုတ်မနစ် ကြိုးစား ရုန်းကန်မှသာ မိမိရည်မှန်းချက် အမှန်ကို ရရှိစေမှာ ဖြစ်ပါတယ်။

အတတ်ပညာ ပြည့်ဝခြင်းသည် ဦးနှောက်ကောင်းတဲ့ လူတော်လူချွန် အဖြစ်ကို ရရှိစေပါတယ်။ နှလုံးလှခြင်းသည် ရိုးသား ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်ခြင်း စတဲ့ အရည်အသွေးများကို ဖြစ်ပေါ် စေပါတယ်။ ပညာတတ် လူတော် ဖြစ်ရုံနဲ့ မပြည့်စုံပါဘူး။ ပညာတတ်ပြီး စိတ်ကောင်း စေတနာကောင်း ရှိဖို့လည်း လိုအပ်လှပါတယ်။

ရွှေငွေ စည်းစိမ် ဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားရင် ပြန်ရှာလို့ ရနိုင်တာမို့ မဆုံးဘူးပဲ သဘောထား နိုင်ပါတယ်။ ကျန်းမာရေး မကောင်းဖြစ်ရင်လည်း ခဏတာမို့ ပြန်လည်ကုစား နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ ပျက်စီး ယိုယွင်းခဲ့မယ်၊ ကိုယ်ကျင့်တရား တွေအဖတ်ဆယ် မရခဲ့ရင်တော့ လူ့အသိုင်းအ၀ိုင်း ထဲကို ပြန်ဝင်ဆန့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့ဘဝ တစ်လျှောက်လုံး အရိပ်မည်းအောက်မှာ သိမ်သိမ်ငယ်ငယ်နဲ့ နေသွားရတော့ မှာပါ။ လူ့မူ အဖွဲ့အစည်းက လက်ခံတော့မှာ မဟုတ်ဘဲ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ အရည်အသွေး တွေနဲ့ ပြည့်စုံတဲ့ လူတော်လူကောင်းများ၊ ခေတ်ပညာတတ်များ အနေနဲ့ မိမိဘဝကို မိမိ အစဉ်ပြုစု ပျိုးထောင်  ဖြည့်ဆည်းနေရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ငှက်တွေဟာ ပျံရင်းနဲ့ သေရသလို၊ လူတွေမှာလည်း ကြံရင်းနဲ့ သေကြရတာပါ။ ကိုယ်စီ ကိုယ်စီ ဘဝတန်ဖိုး အလှတိုးနိုင်ကြပါစေ .. ..။

8 comments:

Anonymous said...

သတိပေးပိုစ်လေးအတွက်ကျေးဇူးပါဘဲ အားပေးလျက်ပါ အဆင်ပြေပါစေ

ကြယ်ပြာ said...

ပို့စ်ကောင်းလေးပါ ... မေ့နေသူတွေကို သတိဝင်စေသလို .... မေ့ချင်ယောင်ဆောင်သူတွေကိုလဲ အတွေးလေးတွေဝင်စေပါတယ် ...

khin oo may said...

စာလာဖတ်သွားပါသည်။
တန်းပလိတ်အသစ်နဲ့အမဲရောင်ဖျောက်လိုက်သကိုး။ကောင်းသည။်

စိုင်းနောင့် said...

ဖတ်သွားပါတယ်။ ဘယ်လိုနေထိုင် ကျင့်ကြံ သွားရမယ်ဆိုတာကို မှတ်သွားတယ်။ စာကောင်းလေးပါပဲ။

Anonymous said...

မှန်ပါတယ်။ ကိုယ့်ဘ၀ကို ကိုယ်ကပဲ ပဲ့ကိုင်ရမှာလေ။ ကောင်းကောင်းဆိုးဆိုး ကိုယ့် ဘ၀မို့ အကောင်းဆုံးဖြစ်အောင်တော့ အစဉ် ကြိုးစားသင့်ပါတယ်။ စေတနာထားရေး သားတင်ပြတဲ့အတွက် ၀မ်းသာတယ်။

Saing Khan Tun said...

ပြောပါရစေဗျာ ......
ဘယ်သူမဆို ... မကောင်းတာလုပ်တာနဲ့ ကောင်းတာလုပ်တာမှာ ....
မကောင်းတာလုပ်တဲ့အချိန် လူဆိုးဖြစ်ပြီး
ကောင်းတာလုပ်တဲ့အချိန် လူကောင်းပါ ...
လုပ်တဲ့သမိုင်းကတော့ ကျန်တာပေါ့ ... ဆိုးတာလုပ်တဲ့အတွက်ဆိုးမယ် ကောင်းတာလုပ်တဲ့အတွက်ကောင်းမယ် ..
အင်္ဂုလိမာကို ... လူသတ်တာပဲကြည့်ပြီး လူဆိုး ... ရဟန်ဘ၀ နဲ့ ရဟန္တာ မထေရ်မြတ်ကြီးဖြစ်တော့ရော ... ကဲဆိုးနေတာရှိရင် ကောင်းအောင်ပြင်ဖို့ပြော ... :D

Anonymous said...

ကျေးဇူးအစ်ကိုး) သေသေချာချာ ဖတ်သွားပြီး ကိုယ်တိုင်ပြန်ဆန်းစစ်မိတယ်။

Heart Breaker said...

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုပေမယ့် လူတိုင်း ထားရှိရမယ့် ကိုယ်ကျင့်တရား လေးတွေကို ပြန်လည် ဆန်းစစ် နိုင်ဖို့ အရယူသွားပါတယ်။ စာတိုင်း စာရေးသူရဲ့ စစ်မှန်တဲ့ စေတနာကို တွေ့မြင်ခွင့် ရတာကြောင့် အတိုင်း မသိ ၀မ်းသာရပါတယ်
ဆက်လက်ရေးသားတင်ပြနိုင်ပါစေ