Monday, December 8, 2008

လူတိုင်းအတွက် ဆင်ခြင်တုံတရား


ကိုယ့်ရဲ့ ပေါ့လျော့မှုကြောင့် ဆုံးရှုံးနစ်နာ တာများ ရှိခဲ့ရင်၊ လေလွှင့် ပျက်စီးတာများ ကြုံခဲ့ရင် လူကြီးတွေက စဉ်းစား ဆင်ခြင်လုပ်ဖို့၊ ဆင်ခြင်တုံ တရားကို လက်ကိုင်ထားဖို့ အမြဲ သွန်သင်လျက် ရှိပါတယ်။ ဆင်ခြင်တုံ တရားဆိုတာ ဘာကို ပြောချင်တာလဲ .. .. ?

ဆင်ခြင်တုံတရား ဆိုတာ ဘယ်အရေး၊ ဘယ်ကိစ္စကိုမဆို အကျိုးအကြောင်း ကောင်း၊ မကောင်း။ လျော်၊ မလျော် စသည်တို့ကို ဥာဏ်မှီသလို ဆင်ခြင် သုံးသပ်ခြင်းကို ဆင်ခြင်တုံ တရားလို့ ခေါ်ပါတယ်။ ဆင်ခြင်သုံးသပ် ပြီးတဲ့အခါ ၄င်းကိစ္စကို ဆောင်ရွက်ဖို့ သင့်၊ မသင့် အဆုံးအဖြတ် ပေးရပါမယ်။ မိမိနဲ့တကွ လူအများအတွက် အကျိုးရှိတယ် ဆိုရင်တော့ ဆက်လက် ဆောင်ရွက် သင့်ပါတယ်။ အကျိုးမရှိဘူး၊ ဆုံးရှုံးနစ်နာ နိုင်မယ်ဆိုရင်တော့ ဆက်လက် မလုပ်ဆောင်ဖို့ ပဲ ဖြစ်ပါတယ်။

မကြာခဏ ဆိုသလိုပါပဲ ပြီးခဲ့တဲ့ ကိုယ့်လုပ်ဆောင်ချက် တွေကို ပြန်လည် သုံးသပ်ကြရပါတယ်။ မိမိလုပ်ဆောင် ခဲ့တဲ့ ကိစ္စကိုသာမက အခြားအရေးကိစ္စ များကိုလည်း ပြန်လည် သုံးသပ်ကြရပါတယ်။ ဖြစ်ပြီးတဲ့ အတိတ်က ကိစ္စတွေကိုတော့ ဆင်ခြင်ရတာ လွယ်ကူပါတယ်။ အားနည်းချက်တွေ အားသာချက်တွေက ထင်သာမြင်သာ ရှိလို့ပါ။ အနာဂတ်အတွက် မဆောင်ရွက်ရသေးတဲ့ ကိစ္စတွေ အတွက်တော့ ဆင်ခြင်ရတာ ရင်လေးစရာ၊ ခေါင်းစားစရာပါ။ တွေ့ကြုံ ရင်ဆိုင်ရမယ့် အနာဂတ်ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကို ကွဲကွဲပြားပြား မသိရှိ နိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီ ဆင်ခြင်တုံတရား ကလည်း တစ်ခါတစ်ရံ မိမိကိုယ်ကို အမှားဆီ ရောက်အောင် တွန်းပို့ တတ်ပါသေးတယ်။

အမှားနဲ့အမှန်ကို ခွဲခြားမသိနိုင်သည့် ကိစ္စတွေမှာတော့ ဒီ ဆင်ခြင်တုံ တရားကိုပဲ အားထားကြရမှာပါ။ ဒီနေရာမှာ ဗဟုသုတ ပြည့်ဝသူနဲ့၊ ဗဟုသုတ နည်းသူတို့ရဲ့ ဆင်ခြင်နိုင်စွမ်းကို နှိုင်းယှဉ်ပြီး စံထားကြည့် စေချင်ပါတယ်။ ဗဟုသုတ ပြည့်ဝသူက ယခုကိစ္စကို ဆင်ခြင် သုံးသပ်သည့်အခါ အရင်က သူလေ့လာ သိရှိထားတဲ့ အရေးကိစ္စတွေ၊ အတွေ့အကြုံ ကောင်းတွေကို ပြန်လည်သုံးသပ်ပြီး ယှဉ်တွဲ စဉ်းစား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆင်ခြင်သုံးသပ်မှုက အမှားနည်းမှာ ဖြစ်ပါတယ်။ ဗဟုသုတ နည်းပါးသူကတော့ နှိုင်းယှဉ်ဖို့ သာဓက မရှိတာကြောင့် မှန်းဆပြီး သုံးသပ်ရမှာဖြစ်လို့ အားထားလောက်တဲ့ ဆုံးဖြတ်ချက်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါဆိုရင် ဆင်ခြင်တုံတရား အားသန်သူဟာ အတ္တဟိတ နဲ့ ပရဟိတ အကျိုးကို ဆောင်ရွက် နိုင်စွမ်းရှိသူလို့ ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့ လူ့အဖွဲ့အစည်း တွေမှာ ဆင်ခြင်တုံတရား အားသန်သူတွေ များလေ ကောင်းကျိုးချမ်းသာ ဖြစ်လေ ဆိုတာကို နှလုံးသွင်းရပါမယ်။

ကနေ့ မျက်မှောက်ကာလ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အမှန်နဲ့ အမှားကို ခွဲခြား သိမြင်နိုင်ဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။ ဒါကြောင့် ဆင်ခြင်တုံ တရားကို လက်လွှတ်လို့ မရနိုင်တာကတော့ ထင်ရှားပါတယ်။ လူတိုင်း မိသားစုဘ၀ ပျော်ရွှင်သာယာရေး အတွက် နဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖွံ့ဖြိုးရေး အတွက် ဗဟုသုတကို တိုးလို့ တိုးလို့ ဆည်းပူးကြပါလို့ အနာဂတ် လူငယ်လူရွယ်များကို ဒီကနေ တိုက်တွန်းချင်ပါတယ်။ ဖတ်ပေးလို့ အားလုံးကို လေးစားလျက်ပါ။

11 comments:

ပန်းခရေ said...

သိပ်မှန်တာပဲ လူတိုင်းလူတိုင်းမှာ ဆင်ခြင်တုံတရားလေးသာ ရှိခဲ့မယ်ဆိုရင် လောကူကီးမှာ နေရတာ ဒီလောက် မဆိုးရွားလောက်ဘူးလို့ ထင်မိတယ်

RePublic said...

စာလေးဖတ်ပြီး ဆင်ခြင်သွားပါတယ် ကိုဝင်းဇော် ၊၊ကျေးဇူးပါ

RePublic said...

စာလေးဖတ်ပြီး ဆင်ခြင်သွားပါတယ် ကိုဝင်းဇော် ၊၊ ကျေးဇူးပါ

Anonymous said...

ကောင်းပါတယ် အကို..အခုလိုသတိပေးထားတဲ့အတွက် ကျေးဇူးပါဘဲ
ပျော်ရွှင်ပါစေဗျာ..

thinzar said...

အင်း... ဆင်ခြင်စရာလေးပါပဲ
လူငယ်တစ်ယောက်အနေနဲ့ ဗဟုသုတတွေ
တက်နိုင်သလောက် ဆည်းပူးပါ့မယ်....။

thinzar said...

အင်း.. ဟုတ်တယ်နော်
ဆင်ခြင်စရာလေးပါပဲ
လူငယ်တစ်ယောက်အနေနဲ့ ဗဟုသုတတွေ
တက်နိုင်သလောက် ဆည်းပူးပါ့မယ်...။

Dr Phyo Wai Kyaw said...

'ပြောပြုတွေးလျင်သတိယှဉ်
ဆင်ခြင်ဥာဏ်ရှေ့သွား'
ဆိုတဲ့
သံပေါက်လင်္ကာလေးကို
သတိရမိပါကြောင်း။
ပို့စ်ကောင်းလေးအတွက်ကျေးဇူးပါ။

Heart Breaker said...

ဆင်ခြင်စရာတွေ ယူသွားတယ်

မြတ်သွယ် said...

အောက်ဆုံးအပိုဒ်လေးကို အထပ်ထပ်ဖတ်ခဲ့ပါတယ်
ဆင်ခြင်တုံတရားဟူသည်အဘယ်နည်းကိုလဲ သေချာဖတ်သွားပါတယ်
ပို့စ်ကောင်းလေးကို သတိတစ်ခုအနေနှင့် မှတ်သွားပါတယ်

စိုင်းနောင့် said...

အမှားအမှန်ကို ဆင်ခြင်မယ်၊ စာကောင်းလေးကို ဖတ်သွားတယ်

Anonymous said...

တကယ့်ဥာဏ်ပညာအစစ်ကတော့ ဆင်ခြင်လုံတရားရဲ့ မမီနိုင်တဲ့ အပြင်ဘက်တစ်နေရာမှာ ရှိမယ်လို့ ထင်ပါတယ်။ ကန့်လန့်တိုက်တာ ဟုတ်ဘူးနော်။ ဆင်ခြင်လုံတရားလည်း လိုအပ်တယ်။ သို့သော် ဒါနဲ့ လုံးဝ မလုံလောက်ပါဘူး။ အလိုလို သိမြင်တဲ့ ဥာဏ်ပညာပေါက်မြောက်သွားတဲ့လူဟာ ဆင်ခြင်လုံတရား မလိုတော့ဘူး ထင်ပါတယ်။ ဆွေးနွေးကြည့်တာပါနော်။