Tuesday, December 2, 2008

သင်ခန်းစာကောင်းအတွက် အမှား



လူမှန်ရင် မှားတတ်ကြပါတယ်။ အမှားနည်းတာနဲ့ အမှားများတာပဲ ကွာပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်တာမို့ အဲဒီအမှားကြောင့်လည်း ရှက်ကြောက် အားငယ်စိတ်တွေ ဖြစ်ပေါ် တတ်ပါသေးတယ်။ အမှားတကာ့ အမှားတွေထဲမှာ ကြိုတင် ကြံရွယ်စီစဉ် လုပ်ကိုင်တဲ့ အမှားကလွဲရင် ကျန်အမှားတွေဟာ ခွင့်လွှတ်လို့ ရနိုင်တဲ့ အမှားတွေ၊ စေတနာ အမှားတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီ အမှားတွေအပေါ် လက်ညှိုးထိုး ရှုတ်ချနေတာထက် ကာယကံရှင်ကို အမှားမြင်ခွင့်၊ အမှားပြင်ဆင်ခွင့် ပေးပြီး မှားယွင်းတဲ့ အမှားအပေါ် နားလည်ယူနိုင်မယ် ဆိုရင် ပိုကောင်းတတ်တယ်လို့ မြင်မိပါတယ်။

အမှန်ကတော့ အမှားတွေထဲကနေ သင်ခန်းစာ တွေ ထုတ်ယူတတ်မယ်ဆိုရင်တော့ အဲဒီ သင်ခန်းစာ ရယူနိုင်တဲ့ ပုဂ္ဂိုလ်ဟာ သူ့ဘ၀ တိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေပါမယ်။ မှားမိတဲ့ မှားခဲ့တဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ နဖူးပေါ် လက်တင်ပြီး နက်နက်နဲနဲ ပြန်တွေးပြီး ဆင်ခြင်ကြည့် တဲ့အခါ မသင့်လျော်တဲ့ အကျိုးအကြောင်း တွေကို တွေ့လာရတတ် ပါတယ်။ အဲဒီအမှားကို ကောင်းတယ်ထင်ပြီး ဆက်လုပ်နေရင်၊ ဆက်မှားနေမယ်ဆိုရင် အမှားနွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ တစ်ကယ်လို့များ မိမိ အမှားကို မှားမှန်းသိမြင်သွားပြီး ပြုပြင်လိုက်မယ် ဆိုရင်တော့ သင်ခန်းစာကောင်းတွေ ရသွားမှာ အသေအချာပါပဲ ဖြစ်ပါတယ်။

အမှားတွေကနေ သင်ခန်းစာထုတ်ယူနိုင်ပါတယ်။ အဲဒီ သင်ခန်းစာကနေ ဘဝရဲ့ အားမာန် သတ္တိတွေကို မွေးထုတ်ပေးနိုင်တယ် ဆိုတာ သိရှိစေချင်ပါတယ်။ လူတိုင်းပါပဲ အမှားကို ကြောက်ကြတယ်။ မိမိအမှားကို လူတွေသိမှာစိုးကြောက် ကြတယ်။ အမှားတစ်ခုကို ကျူးလွန်မိတာနဲ့ ဘဝမှာသုံးမရ တော့တဲ့ အဆင့်အထိ ရောက်သွားပြီ၊ လူညွန့်တုံးသွားပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြပါတယ်။ အမှားဆိုတဲ့ အရိပ်မည်းကြီးရဲ့ ခြောက်လှန့်မှု အောက်မှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ ယူကြုံးမရမှုတွေနဲ့ ကိုယ်စိတ်နှစ်ပါး အားငယ်သွားတတ် ကြပါတယ်။ လူတစ်ယောက်ရဲ့ အားမာန်တွေ၊ သတ္တိတွေကို ပြုတ်ပြုတ်ပြုန်း သွားအောင် စိတ်ကျသွားကြ တဲ့သူတွေ ရှိပါတယ်။ အမှားကို သင်ခန်းစာ မယူတတ်တာဟာ ကြောက်စရာပါ။ အမှားကို သင်ခန်းစာ ယူနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ မကုန်ခမ်းနိုင်တဲ့ ကိုယ်ခံစွမ်းအားတွေ နဲ့ ဘဝကို အကောင်းဆုံး ပြန်လည် ဆောက်တည်နိုင်သေးတယ် ဆိုတာကို ပြောချင်ပါတယ်။

လူတွေကို အမှားမလုပ်ကြနဲ့ အမှားမလုပ်မိစေနဲ့ လို့ ပြောပြရင်၊ ဆုံးမရင် သဘာဝကျမှာ မဟုတ်သလို၊ နှစ်သက်ကြမှာလည်း မဟုတ်ပါဘူး။ အမှားတွေ များများလုပ်ကြပါ၊ ဒါမှ သင်ခန်းစာ များများယူနိုင်တယ်လို့ ပြောပြန်ရင်လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဘယ်လို အကြောင်းပဲဖြစ်ဖြစ်ပါ အမှားတွေကို အမှားလို့ မြင်ပြီး အမှားတွေကနေ သင်ခန်းစာ ကောင်းတွေ ရယူနိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

17 comments:

Dr Phyo Wai Kyaw said...

လောကီနယ်မှာမှားတဲ့
ဘယ်အမှားမျိုးမဆို
ဥဇူစ သုဟုဇူစ ဖြစ်ရင်
ပြင်လို့ရကောင်းပါရဲ့။

ပိုစ့်ကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်။

ဇနိ said...

မှားမှန်းသိရင် ပြင်
တောင်းပန် အဲသလိုတွေ လုပ်ရမယ်...
မှားမှားနဲ့ ဆက်မိုက်နေရင် ဘယ်လိုမှ မကောင်းဘူး

:P said...

ဟုတ်ပါ့ ၊ထောက်ခံပါတယ်။ ပို့စ်ကိုရော၊ အပေါ်က ကောမန့် ၂ ခုကိုရော...

khin oo may said...

read

Dream said...

မမှားသောရှေ့နေမသေသောဆေးသမားတဲ့... လူတိုင်းလူတိုင်း အမှားနဲ့
မကင်းကြပါဘူး.. အဲဒီမှားခဲ့တဲ့ထဲက အမှန်ကို သင်ခန်းစာယူ
ကြရမှာပေါ့

ခေါင်ခေါင် said...

ပိုစ့်ကောင်းကောင်းလေးတစ်ခုပါ..ကျေးဇူးပါပဲ အစ်ကို.. တန်ဖိုးရှိတဲ့ စာလေးတွေ ဖတ်ရတဲ့ အတွက်ပါ....

Anonymous said...

အမှားကို သင်ခန်းစာ ယူနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ မကုန်ခမ်းနိုင်တဲ့ ကိုယ်ခံစွမ်းအားတွေ နဲ့ ဘဝကို အကောင်းဆုံး ပြန်လည် ဆောက်တည်နိုင်သေးတယ် ဒီစာသားလေးကိုတော့

မှတ်သားသွားပါတယ်..ပို့်စ်ကောင်လေးတစ်ခု ဖြစ်ပါတယ်

Anonymous said...

အမှားတစ်ခုအတွက် သင်ခန်းစာကောင်းလေးရေးပေးထားတဲ့ အတွက် ကျေးဇူးပါ..မှတ်သားသွားပါတယ်

magyi-parchuu said...

သတိပြုမိစရာ အမှားလေးတွေပေါ့နော်..... အမှားကို ယူသွားပါတယ်။

megumi said...

ဒီပိုစ့်လေးကောင်းတယ်။
အမှားကို သင်ခန်းစာ မယူတတ်ရင် အမှန်ကိုလည်း သိမှာမဟုတ်ဘူး။
အမှားသိရင် အမှန်ပြင်မှ လူလိမ္မာဖြစ်မှာပေါ့။ ဟုတ်တယ်ဟုတ်။

Anonymous said...

အမှားနဲ့ မကင်းနိုင်တဲ့ ကျနော်တို့ လူသားအားလုံး ကိုယ် ပြုလိုက်တဲ့ အမှားတွေ အပေါ် ဘယ်လို ရှုမြင် သုံးသပ်ကာ ပြုပြင် နေထိုင်သွား သင့်တယ် ဆိုတာလေးကို သိရှိစေပါတယ်.. ညင်သာကောင်းမွန် လှတဲ့ ပို့လေး တစ်ခုပါပဲ..

သက်တန့် said...

အကိုဝင်းဇော်ရေ...
ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါရှင့်...
အမှားကနေ သင်ခန်းစာယူပြီး အမှားနည်းအောင် ကြိုးစားရမှာပေါ့...

Nge Naing said...

အမှားကိုသိရင် ပြင်တတ်ရမယ်ဆိုတဲ့ အသိလေး ထင်ဟပ်နေတဲ့ ပို့စ်လေးမို့ သဘောကျပါတယ်။ ဒါပေမယ့် မှန်းမှန်းသိရက်နဲ့ အဲဒီအမှားပေါ်မှာ သာယာပြီး ထပ်ခါတလဲလဲမှားနေတတ်တဲ့ သူတွေလည်း ရှိတတ်ပါတယ်။ ဥပမာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ မကောင်းမှန်းသိရက်နဲ့ သောက်သုံးနေတဲ့သူတွေ အများကြီးရှိပါတယ်။ မှားတယ် ဒါဟာမကောင်းဘူးဆိုတာ မှားနေတယ်ထင်ရတဲ့ မိတ်ဆွေတွေကို ပြောပြရင်းနဲ့ မိတ်ဆွေဖြစ်သူတွေ ရဲ့ အမြူအဆွယ်ကောင်းမှုကြောင့် ကိုယ်တိုင်ရုန်းမထွက်နိုင်အောင်၊ ပြုပြင်လို့မရလောက်အောင် မှားသွားကြတဲ့ သူတွေကိုလည်း အများကြီး တွေ့ဖူးပါတယ်။ သိရက်နဲ့ မှားတဲ့သူတွေအကုန်လုံးက ဆင်ခြင်တုံတရား (ဦးနှောက်) ကို ဆန္ဒ(ခံစားမှု) က လွမ်းမိုးသွားတာကြောင့် ဖြစ်ပါတယ်။ မှားပြီးရင် ပြင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အတွက် မပြုလုပ်မိခင် ဆင်ခြင်တုံတရားရှိဖို့ သိပ်ကို အရေးကြီးပါတယ်။ ဘယ်သူမဆို အမှားကို မလုပ်မိအောင် အတတ်နိုင်ဆုံး ရှောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

okn said...

အမှားဋီကာ ဖတ်ရတာ စိတ်ဝင်စားတယ်။ အရေးအသားကောင်းတယ်။ အားကောင်းတဲ့အရေးအသား ဖြစ်တယ်။ ဒါပေမယ့် အမှားဘာကြောင့်ဖြစ်တယ် အမှားကို ဘယ်လိုအဆုံးသတ်လို့ရတယ် ဆိုတဲ့အချက်အလက်တော့ မတွေ့မိဘူး။ အမှားအမှန် သတ်မှတ်ချက်ကို မတွေ့ရဘူး။ နောက်တခါ ဆက်ရေးဖြစ်မယ်ဆိုရင် ကိုယ်တွေ့လေးတွေပါ ရေးစေချင်တယ်။ တကယ့်အနုပညာသမားတယောက်ဖြစ်အောင် ဆက်ကြိုးစားပါ။ အားပေးလျက်
စာချစ်သူ

စိုင်းနောင့် said...

ကောင်းတယ်ဗျာ၊ အမှားကနေ သင်ခန်းစာ ယူနိုင်ဖို့ အမှားတွေ ကျူးလွန်လိုက်အုန်းမယ်။ (နောက်တာပါ)

သက်ဝေ said...

သေသေချာချာဖတ်သွားတယ်...
အပိုအလို မရှိ ကွက်တိဘဲမို့  သိပ်ကောင်းတာဘဲ ဆိုတာထက်ပိုကောင်းနေလို့  ဘာ Comment ပေးရမှန်းမသိအောင် ဖြစ်သွားပါကြောင်း...

Anonymous said...

အမှား ပိုစ့်လေး သိပ်ကောင်းတယ်ဗျာ ... ကျွန်တော့်မှာတော့ ကြီးကြီးမားမား အမှား မရှိပေမယ့် စာမေးပွဲဖြေတာတော့ တစ်လွဲချည်းပဲဗျာ .. အဲ့ဒီ အမှားတွေကို နောက်တစ်ပါတ်မှာ ပြန်ပြင်ပြီး ဖြေရ ပြန်အုံးမယ် .. အင်း .. သင်ခန်းစာ ယူရမှာပေါ့ဗျာ နော့