Wednesday, August 20, 2008

သင်ဘယ်လိုလူထဲကလဲ ?



မျဉ်းဖြောင့်လိုလူ
အချို့သူတွေရဲ့ ဘ၀က မျဉ်းဖြေင့် တစ်ကြောင်းနဲ့တူတယ်။ အတက်အကျ မရှိဘူး။ ဘာကိုမှလဲ ဂရုမစိုက်ဘူး။ မွေးလာတယ်၊ နေထိုင်တယ် (လောကအလိုကျ သရုပ်ဆောင်တယ်) ပြီးတော့ သေသွားတယ်။ အေးချမ်း တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ပုထုဇဉ်ပီပီ လောကဓံရဲ့ အထုအထောင်းကိုတော့ အတိုင်းအတာ တစ်ခုအထိ ခံရတယ်။ နောက်ပြီး လူဖြစ်ရတာ မတန်ဘူးလို့ ယူဆချင် ယူဆလို့ရပါတယ်။ ဒီလိုလူမျိုး ရှားတော့ ရှားတယ်။

မျဉ်းကောက်လိုလူ
အချို့ကျတော့ ကွေ့ကောက်နေတဲ့ မျဉ်းကောက် တစ်ကြောင်းနဲ့ တူတယ်။ သိပ်မကြီးကျယ်တဲ့ အတက်အကျ တွေ အများကြီးနဲ့ ဘ၀မှာ အကြိမ် တော်တော်များများမှာ ကြုံတွေ့နေရတယ်။ သူရဲ့ဘ၀မှာ ကြီးမားတဲ့ အောင်မြင်မှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုဆိုတာ မရှိပေမယ့် အသေးအဖွဲတွေနဲ့ပဲ ၀ိုးတိုးဝါးတား၊ ကိုးယိုး ကားယား ဖြစ်နေတတ်တယ်။ အဲဒီလိုနဲ့ပဲ လုံးလည် ချာလည်လိုက်ရင်းနဲ့ ဘ၀တစ်ခုဟာလည်း ဘာမှန်းမသိဘဲ ကုန်သွား ပြန်တယ်။ ပထမလူမျိုးနဲ့ သိပ်မကွာပေမယ့် ဒီလိုလူမျိုးက ပိုပြီး ဒုက္ခပြင်းတယ်။

အောက်ခြေပွင့်တြိဂံ /\ လိုလူ
တချို့တွေရဲ့ဘ၀က အောက်ခြေပွင့်နေတဲ့ တြိဂံတစ်ခုနဲ့ တူတယ်။ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ရတယ်။ အောင်မြင်မှုတစ်ခုကို ရလည်း ရတယ်။ ဒါပေမယ့် လောကနိယာမအရ မတည်မြဲမှု တစ်ခုနဲ့ကြုံရပြီး အနိမ့်ကို ပြန်အကျမှာ သတိတရားနဲ့ မထိန်းနိုင်တာကြောင့် အထက်ကို ပြန်မတက် နိုင်တဲ့အပြင် မူလရှိတဲ့ အခြေအနေ တစ်ခုထက်တောင် ပိုဆိုးသွားတတ်ကြပါတယ်။ နောက်ထပ် တစ်ခါ ပြန်လည်ကြိုးစားခွင့် တစ်ခုအတွက် အဆင်သင့် ပြန်ဖြစ်နိုင်တဲ့ အခြေအနေကို ပြန်ရောက်နိုင်ဖို့ မကြီးစားနိုင် တော့ဘဲ ဘ၀ဟာ ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ် သွားကြရတယ်။

တြိဂံလိုလူ
အချို့သူတွေရဲ့ ဘ၀ကျတော့ တြိဂံနဲ့တူတယ်။ အစွမ်းကုန် ကြိုးစားတယ် ကြီးကြီး မားမား အောင်မြင်တယ်။ ကံကြမ္မာအလှည့်အပြောင်းနဲ့ကြုံရပြီး ကျရှုံးမှု တစ်ခုနဲ့ ကြုံရတဲ့အခါမှာလည်း အခြေအနေတွေကို အရှိအတိုင်း မှန်မှန်ကန်ကန် သုံးသပ်နိုင်သလို မိမိကိုယ်ကိုလည်း အကောင်းဆုံး ထိန်းသိမ်း ပဲ့ပြင်နိုင်တာကြောင့် မူလအနေ အထားကို မရအရ ပြန်ယူနိုင်ပြီး နောက်ထပ်တစ်ခါ ထပ်ကြိုးစားခွင့်ရအောင် ကြိုးစားကြတယ်။ ပြီးတော့ အောင်မြင်မှု တစ်ခုကို ထပ်ရှာယူနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေဟာ သိသာထင်ရှား လွန်းပြီး ဘ၀ရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ အခြေအနေတွေဟာ တစ်ချိန်နဲ့တစ်ချိန် အရမ်း ကွာခြားလွန်း နေတတ်တယ်။ နောက်ပြီးး ဒီလို လူမျိုးဟာ အတက်အကျတွေရဲ့ ပြင်းထန်မှုကြောင့် ဘ၀မှာ ဒဏ်ရာ ဒဏ်ချက် ကြီးကြီးမားမားတွေ ရတတ်တယ်။

စက်ဝိုင်းသဏ္ဍာန်လိုလူ
အချို့သော သူတွေရဲ့ ဘ၀ကတော့ စက်ဝိုင်းတစ်ခုနဲ့ တူပါတယ်။ သူတို့အောင်မြင်တယ်။ ဒါပေမယ့် မသိသာဘူး။ ဘ၀ဟာ အကျဘက်ရောက်သွားတယ်။ ဒါပေမယ့်လည်း မသိသာဘူး။ သူတို့ရဲ့ ပြောင်းလဲမှုတွေ ကတော့ ညင်သာတယ်။ အတက်အကျတွေက လူကို အထိ မနာစေဘူး။

ဝန်ခံချက်၊ မေ၊ ၂၀၀၇ ထုတ် စံပယ်ဖြူမဂ္ဂဇင်းမှ နေဘုန်းလတ် ရေး "သင်ဘယ်လိုလူလဲ" Fresh-Thoughts ကဏ္ဍမှ

4 comments:

တားမြစ် ထားသော... said...

ဂေါ်လီလိုလူလည်း တွေ့ဘူး။း)

Anonymous said...

ကျွန်တော် ကိုယ် ကျွန်တော်လည်း ဘယ်လို လူစားမျိုး ထဲပါတယ် ဆိုတာ မသိပါဘူးဗျာ။ ဒါနဲ့ အစ်ကိုရော ဘယ်လို လူစားထဲမှာ ပါလဲဗျ....

သက်တန့် said...

ဘယ်လိုလူလဲ စဉ်းစားလိုက်တော့ “ပေါတောတော”နဲ့ လူလို့ အဖြေထွက်တယ်... ပါလည်းပါဘူးနော်... :P
အကိုရော???

Dream said...

နင်ဘယ်သူလဲ..ငါဘယ်သူလဲ...တကယ်ဆို
လူလူချင်းတော့မထူးဆန်းပဲ..
အဟင့်ဟင့်..ဘိုဘိုဟန်သီချင်းလေးကို
သတိရသွားတယ်..တကယ်တော့
ငါဘယ်သူလဲ?ငါကိုယ်တိုင်တောင်မသိတာ..
ဟီးဟိ...
ဦးဦး...သမီးကအဒူယဲဟင်..
အော်..တိပီ.တိပီ။
တာမီးကလက်စသတ်တော့DREAMလေးပါပဲ..
:P :P :P