Friday, August 8, 2008

သူမကို ခံစားမိသမျှ



ကျွန်တော်တွေးမိတာ တစ်ခုရှိပါတယ်။ အချစ်တစ်ခုကို ခံစားတတ်ခါစ နှစ်သိမ့်မှု မရလိုက်တဲ့ အခါမှာ ဘ၀ကို အပြစ်ပုံ ချမိတယ်။ ဘ၀ဆိုတာ ဘာမှ မဟုတ်မှန်း၊ ဟာလာ ဟင်းလင်းကြီး ဆိုတာကို သိသွား ရပါတယ်။ ရည်မှန်းချက် တစ်ခုကို ပြတ်ပြတ် သားသား ချတတ်သွား တာပဲလား၊ ကျန်ရှိ နေသေးတဲ့ နေ့ရက်တွေကို ဦးတည်ချက်မဲ့ လှုပ်ရှား နေခြင်းက အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိစေမှာလား။ လူ့ဘ၀ဟူသည် ဘာမှမဟုတ်မှန်း သိဖို့အတွက် နဲ့တင် ပေးဆပ်လိုက် ရတဲ့ တန်ဖိုးတွေကတော့ မနည်းလှပါဘူး။ တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သွားစေ လောက်အောင် ဘာတွေများ တန်ဖိုး ကြီးကြီး ပေးခဲ့ရပါသလဲ….။

ငါ့မောင်က ဒီအသက်အရွယ်နဲ့ အိမ်ထောင် မပြုသေးဘူးဆိုတော့ မိန်းကလေးတွေကို အထင်မကြီးလို့လား လို့ ကော်ဖီ သောက်နေရင်း သူမ စကားစပြောတယ်။ မရေမရာ နဲ့ ပြန်ပြောလိုက်မိတာကတော့

အထင်မကြီး တာတော့ မဟုတ်ပါဘူး မမ၊ အထင်မကြီးရဲတာပါ .. ..

သူမနဲ့ ကျွန်တော် ကော်ဖီဆိုင်ကနေ ထွက်လာတော့ မိုးချုပ်စပြုနေပါပြီ။ သူမနဲ့ ကျွန်တော် ဘေးချင်းယှဉ် လျှောက်လာရာက သူမကို အသာလေး ခိုးကြည့်မိပါတယ်။ သူမရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာမှာ ခံစားမှု တစ်စုံ တစ်ရာကို ကျွန်တော် ဖတ်ရှု ရပါတယ်။ ဒါပေမယ့် နားမလည်ခဲ့ပါဘူး။ လျှို့ဝှက်တာလား နက်နဲတာ လား။ သူမနဲ့ ကျွန်တော် ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် နေမိတယ်။ အဲဒီအပြုံး နောက်ကွယ်မှာ ကျွန်တော့်ရင်ထဲ ဘာရှိနေတယ် ဆိုတာကို သူမ သိမြင်သွားခဲ့ ပြီလား။ ကျွန်တော်ကတော့ သူမရင်ထဲ ဘာတွေ ရှိနေတယ်ဆိုတာ ကိုတော့ မမှန်းဆတတ်ပါဘူး။ ဒါကြောင့် ပြုံးရုံသာ ပြုံးကြည့်နေမိတယ်။ သူမရဲ့ မျက်လုံးတွေ မှာ ခနဲ့တဲ့တဲ့ ရယ်နေတယ်လို့ ထင်မိပါတယ်။

မင်းနဲ့ငါ ဆယ်စုနှစ်တစ်ခုလောက် အသက်အရွယ် ကွာတော့ တစ်ချို့ကိစ္စတွေ မှာ နားလည်တာခြင်း၊ တွေးခေါ် တာခြင်း ဘယ်တူပါ့မလဲ …

သူမက ကျွန်တော့်ကို ဒုတိယအကြိမ် ထပ်ပြောနေချိန်မှာ ကျွန်တော်တို့ ကားမှတ်တိုင်မှာ ရပ်နေတာ ဆယ်မိနစ်လောက် ကြာခဲ့ပါပြီ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင် ခင်မှာပဲ သူမ မျှော်နေတဲ့ လိုင်းကားတစ်စီး ထိုးဆိုက် လာပါတယ်။ လိုင်းကား အပေါ်အတက် သူမက

သုံးဆယ့်ငါး ပြည့်ရင် တို့ တစ်သက်လုံး ယောဂီ ၀တ်တော့မယ်.. .. .. လို့ပြောရင်း လိုင်းကားပေါ် တက်သွားတဲ့ သူမကို ကျွန်တော် ငေးကြည့်ရုံမျှသာ တတ်နိုင်တယ်။ ကျွန်တော် ပြောချင်တာတွေကို ဆွံ့အသွားစေတဲ့ စကားလုံး တွေဖြစ်ပါတယ်။

(၈)မိုင်၊ ပြည်လမ်း လမ်းမပေါ်မှာတော့ လူတွေနဲ့ ကားတွေ ရောထွေး လှုပ်ရှားနေပါတယ်။ ကျွန်တော်တစ်ယောက် ရည်ရွယ်ချက် မရှိပါဘဲ ကားမှတ်တိုင်မှာ ရပ်နေမိပါတယ်။ တစ်ချိန်တည်းမှာ ရင်ထဲ ဟာလာ ဟင်းလင်းကြီး ခံစားရ ပါတယ်။ ထွက်ခွာသွားတဲ့ လိုင်းကားနောက်က လေပွေနှယ် စိတ်ကစင့်ကလျား လွှင့်မျော နေမိတယ်။

အဓိပ္ပာယ်မဲ့ ခေါင်းမော့လိုက်တော့ လမင်းကို တွေ့လိုက်တယ်။ လပြည့်ဖို့ တစ်ရက် နှစ်ရက်သာ လိုတော့တာမို့ ကောင်းကင်မှာ ပြည့်ပြည့်၀၀ပင် သာလို့ နေပါတယ်။ မာကျူရီမီးရောင်တွေနဲ့ ထိန်ထိန်ငြီးနေတဲ့ ရန်ကုန် ညများမို့ လရောင်ကို အပြည့်အ၀ မခံစားနိုင်ပါဘူး။ မှိန်ပျပျမျှသာ…။

လရောင်က လူတွေကို ယစ်မူးစေတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီလိုဆို အချစ်ကရော လူတွေကို ယစ်မူး စေတာပါပဲလား။ သေချာတာကတော့ ကျွန်တော့်အတွက် အမှန်တရားတစ်ခုပါ။ ဒီအခါ ရှင်သန်နေတဲ့ မျှော်လင့်ချက်ကို ကျွန်တော့်ကိုယ်တွင်း တစ်နေရာမှာ ပြန်ကြားယောင် နေမိပါတယ်။ မနက်ဖြန်မှာ ပြန်တွေ့ကြ မယ်ပေါ့။ မနက်ဖြန်ဟူသည် ကျွန်တော်တို့အတွက် အမြဲတမ်း မနက်ဖြန်တွေပဲ ဖြစ်နေမှာပါ။

အိမ်အပြန်လမ်းမှာ ကျွန်တော့်ရင်ထဲ ဘာတွေတင်းခဲ နေသလဲဆိုတော့ တည်ဆောက်ယူခဲ့ရတဲ့ ခွန်အားတွေ၊ သတ္တိတွေနဲ့ သူမကို ပြောပြရပါအုန်းမယ်။ ဘာလဲဆိုတော့ သူမကို ကျွန်တော် အသေအချာ ချစ်မိနေပြီ ဆိုတဲ့ စကားလုံးများသာ ဖြစ်ဖို့ များပါတယ်။

( တစ်စုံတစ်ယောက်ကိုမျှ ရည်ရွယ်ရိုး မရှိခဲ့ပါဘူး။ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ခွင့်လွတ် နားလည်ပေးပါလို့ )
(၀န်ခံချက် ။ ပုံကို www.inklingmagazine.com မှ ရယူထားပါတယ်)

7 comments:

ATN said...

ကိုယ့်ညီ ရင်ထဲ
ချစ်ခြင်းမေတ္တာတွေ တင်းခဲနေတာပါ့ မောင်ရာ
လုပစရာရှိတာဆက်လုပ်ဟေ့-
အားပေးနေမယ်

Welcome said...

ကိုအောင်သာငယ်==> စိတ်ခံစားမှုသက်သက် ရေးထားခြင်းဖြစ်ပါတယ်။ သတ္တိမွေးတုန်းပါ။ အားပေးတဲ့အတွက် ကျေးဇူးပါအစ်ကို .. ..

မသက်ဇင် said...

ခံစားချက်ကို တိုတိုနဲ့ လိုရေးကိုရေးတတ်သူပါပဲ။ စာရေးကောင်းတယ်လို့ ဆိုရမှာပေါ့ ၊
ဒီခေတ်ကာလမှာရသ စာပေတွေ ရှားပါးလာပြီ။
ရသကောင်းတွေကိုများများရေးပါလို့ အကြံပြုချင်တယ်။

ချမ်းမြေ့ပါစေ

Welcome said...

လေးစားပါသောအစ်မ(မသက်ဇင်)ခင်ဗျား
မအားလပ်တဲ့ကြားက တကူးတက လာလည်တဲ့အပြင် အမြဲကွန်မင့်ရေးပေး ခဲ့တဲ့အတွက် စာရေးဖို့ တွန်းအားပေးသလို ခံစားရပြီး အမြဲကြိုးစား ရေးနေပါတယ်။ သူငယ်ချင်းတစ်ယောက် ဘလောဂ့်မှာရေးထားတာ ဖတ်မိရပါတယ်။ ကွန်မင့်က blogger တို့အတွက် စာမူခ ရယ်လို့ပါ။
လေးစားလျက်
ဝင်းဇော်...

အညာသား said...

ဒုံးပျံခေတ်ကြီးနော် .. ကိုယ့်လူ
ဘာမှတွေဝေမနေနဲ့.. ပြောပလိုက် :D

Welcome said...

အညာသား==>နဂိုကတည်းက စိတ်ယိုင်နေတာပါ။ Rap နဲ့ဝင်လို့ရမှာမဟုတ်ဘူး၊ Slow go go နဲ့မှ ရမှာမို့ပါ....ကျေးဇူးပါလာဖတ်လို့ ..

Welcome said...

အစ်မ ငယ်နိုင် ==> မအားတဲ့ကြားကနေ စာတွေလာ၂ဖတ်ပြီး လက်တွေ့ဆန်တဲ့ ကွန်မင့်လာရေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်။ အစ်မဆုတောင်းပေးသလိုပဲ အမြန်ပြည့်ပါရစေလို့ .. ..
လေးစားလျက်
ဝင်းဇော်