Wednesday, January 21, 2009

လိမ်းကာ ခြယ်သ နေ့စဉ်ဘဝ



ချော်တွင်းကုန်း ပါရမီဂုံးကျော် တံတားနဲ့ မနီးမဝေး အိမ်လေးမှာ ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို ရောက်ခဲ့တယ်။ ကောင်မလေး ဆိုပေမယ့် ၉ တန်းကျောင်းသူ လေးတစ်ယောက်ပါ။ ရင်းနှီးတဲ့ လုပ်ငန်းတူ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးလေး ဖြစ်ပါတယ်။ ရောက်တာ စောတာပဲလား၊ နောက်ကျလို့ပဲလား တော့မသိဘူး။ လူတော့ရှင်းတယ်။ အဆင့်မြင့် အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ စိတ်ကြိုက် ထည့်စားနိုင်အောင် စီစဉ်ပေးတယ်။ အဆီနဲ့ အုန်းနို့များလို့ သိပ်မစားနိုင်ပါဘူး။ ၃ ပန်းကန် စားပြီးတာနဲ့ ရပ်ထားလိုက်တယ်။ စားသောက်ပြီးတော့ အိမ်ကဒေါ်လေးတွေ စီမံပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်ဘူးကို မွေးနေ့ရှင် ကလေးမလေးကို ပေးလိုက်တယ်။ သူကလည်း ကျွန်တော့်ရှေ့တင် လက်ဆောင်ပစ္စည်းကို ဖောက်ပြီးကြည့်တယ်။ ဘာများလက်ဆောင် ရသလဲပေါ့။ လက်ဆောင် အဖြစ်နဲ့ အလှပြင်ပစ္စည်း set ကလေး ဖြစ်တယ်။ စုစုပေါင်း အလှပြင်ပစ္စည်း အမယ် ၈ မျိုးပါတယ်။ နာမည်ကြီး တံဆိပ်တွေ ဖြစ်တယ်။ တန်ဖိုးက ၃၂၀၀၀ိ တဲ့။ ကျွန်တော်တောင် မျက်ခုံးလှုပ်သွားတယ်။ (နှမြောတာ အဟီး၊ ဒါတောင် ကိုယ်တိုင် ၀ယ်ပေးရတာ မဟုတ်ဘူး၊ တွန့်တိုတတ်တဲ့ ဒီလို ဒီအကြောင်းကြောင့် လွတ်သွားတဲ့ ငါးကြီးတွေ မနည်းတော့ဘူး)။
မွေးနေ့အိမ်ကအပြန် သူငယ်ချင်းက အဆွယ်ကောင်းတာနဲ့ပဲ တာမွေပလာဇာကို လိုက်လာဖြစ်တယ်။ သူငယ်ချင်းက အပျော်တမ်း ဂျာနယ်လစ်ပါ။ သတင်းယူပေးတယ်။ သူ့နာမည်နဲ့တော့ ဂျာနယ်ပေါ် ပြန်ပါမလာပါဘူး။ တစ်မျိုးတော့ တစ်မျိုးကြီးပါ။ သူ့ဝါသနာနဲ့ သူမို့ မတိုက်တွန်းခဲ့ သလို၊ တားမြစ်ခဲ့ခြင်းလဲ မလုပ်ခဲ့ပါဘူး။ သူ့ယုံကြည်ချက်နဲ့ သူမို့ သူ့ဖန်တီးမှုကို သူဂုဏ်ယူရှာပါတယ်။ လွယ်လွယ်ပြောရရင် ရှယ်ဒိုး သတင်းကောက်သမား ပေါ့နော်။ အချက်အလက် တွေစုဆောင်း ပေးရတယ်။ သူ့ data ကနေပြီးတော့ ဆရာကြီးတွေက ဆောင်းပါးရေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျာနယ်မှာ ကိုယ်တိုင် မရေးတာကတော့ သူ့ဆောင်းပါဆို အပယ်ခံရလို့တဲ့လေ။ စိတ်မကောင်းစရာပါ။ (အနော်တို့ ဘလောဂ့်မှာလည်း စာမူစိစစ်တဲ့ အယ်ဒီတာ ရှိခဲ့ရင် ကျွန်တော့်ပို့စ်တွေ တစ်ပုဒ်မှ ဘလောဂ့်ပေါ် တင်ကျန်မှာ မဟုတ်ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ စာအရေးအသား ညံ့လို့လေ) ကနေ့လည်း သတင်းကောက်ဖို့ တာမွေပလာဇာကို ရောက်လာတာပါ။ သူ့ဒီဇိုင်းက ဘေးလွတ်အိတ် တစ်လုံးလွယ်လျက် နဲ့ပါ။ လွတ်အိတ်ထဲမှာ အဆင့်မနိမ့်တဲ့ အသံဖမ်းကိရိယာ၊ ကင်မရာ၊ mp3၊ mp4၊ notebook အသေးလေး၊ card reader ၊ battery စုံလို့ပါပဲ။ ကနေ့ သတင်းကောက်တဲ့ ခေါင်းစဉ်က ကိုယ့်ဝင်ငွေထဲကနေ အလှကုန် ပစ္စည်းကို ၀ယ်ယူသုံးစွဲမှု အချိုးအစားကို ကောက်ယူတာပါ။ စိတ်ဝင်စားစရာမို့ သူ့နောက်ကို တကောက်ကောက်နဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လာမိတယ်။ အသိတွေနဲ့ မတွေ့ပါစေနဲ့လို့လည်း စိတ်ထဲ ကြိတ်ဆုတောင်း နေမိတယ်။

မြို့ပြ လူနေမှုပုံစံရဲ့ တိုးတက် ပြောင်းလဲလာမှုကြောင့် ငွေကြေး သုံးစွဲရာမှာ အရင်ကနဲ့ မတူတော့ဘဲ လိုက်လံ ပြောင်းလဲ လာပါတယ်။ လူငယ်တွေဟာ အလှကုန် ပစ္စည်းအတွက်နဲ့ ငွေကြေးတွေ ပိုမိုသုံးစွဲ လာတာကို တွေ့ရတယ်။ ကနေ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သူတွေကတော့ လုပ်ငန်းခွင်ထဲက အသက် ၁၆ နှစ်ကနေ ၃၅ အတွင်း၊ ပညာ အရည်အချင်း ကတော့ ၈ တန်းအောင်ကနေ ဘွဲ့ရတွေအထိ ပါဝင်တဲ့ လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေဟာ မိမိဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက မိမိဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲကြတာကို သိရပါတယ်။ မိန်းကလေးတွေ အသုံးပြုကြတဲ့ အခြေခံ အလှကုန် ပစ္စည်းတွေ ကတော့ သနပ်ခါးခဲ (ဗူး)၊ မိတ်ကပ်အခဲ၊ မိတ်ကပ်အရည်၊ လိုင်နာ၊ စနိုး၊ အသားလိမ်း အလှဆီ၊ ကိုယ်လိမ်းပေါင်ဒါ၊ ရေမွှေး၊ roll-on ဂျိုင်းနံ့ပျောက်ဆေး၊ နှုတ်ခမ်းနီ၊ ဟဲကုတ်၊ လက်သည်းနီ ဆိုးဆေး၊ ဖျက်ဆေး၊ ဆံပင်သန်ဆေးလုံး၊ shampo စုံလို့ပါပဲ။ အမျိုးသားတွေကျတော့ ခေါင်းလိမ်းဆီ၊ ဂျယ်လီ၊ အသားဖြူ cream၊ snow ၊ ရေမွေး၊ roll-on ၊ မျက်နှာသုတ် soft tissue paper စုံအောင်ကို သုံးကြတယ်လို့ သိရပါတယ်။


အိမ်ပြင်တစ်ခါ ထွက်ဖို့ အတွက် အချိန်လုံလုံ လောက်လောက်နဲ့ အလှပြင် ထွက်ကြတာ များပါတယ်။ ဒီအထဲကမှ အလှပြင် ပစ္စည်း တစ်မျိုးတစ်လေ (သနပ်ခါး တစ်မျိုးတည်း) သုံးသူတွေလည်း တွေ့ရပါတယ်။ ယောက်ျားလေးထဲမှာ ဘာအလှကုန် မှ မသုံးဖြစ်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ (ပင်ကိုယ်အလှ လေပဲလား၊ အချိန်မရလို့ လေပဲလား)။ မေးမြန်းသမျှကို ဖော်ဖော်ရွေရွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသနှောနှောပြီး ဖြေသွားကြတာမို့ ပျော်စရာ ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုတော့လည်း စတိုင်လ် အပြည့်နဲ့ တပျော်တပါးကြီး လျောလျောရှူရှူ အရိုက်ခံကြပါတယ်။ (ဓာတ်ပုံကိုတော့ ခွင့်ပြုချက်မရလို့ မတင်တော့ပါဘူး။) လူငယ်တွေရဲ့ အလုပ်ခွင်မှာ ပျော်ပျော်ပါးပါး အလုပ်လုပ် နေကြတာကိုလည်း အားကျခဲ့မိပါတယ်။ ကဲ သူငယ်ချင်းရေ မင်း data တွေကို ယူပြီး ငါလည်း ပို့စ်တစ်ပုဒ် ရေးလိုက်ပါပြီ။ မြို့ပြ ခေတ်လူငယ် များရဲ့ အလှကုန် ပစ္စည်းသုံးစွဲမှု နေ့စဉ်ဘ၀ ဖြစ်စဉ်လေးကို ဖတ်ပေးလို့ ကျေးဇူးပါ။

16 comments:

စိုင်းစိုင်းလားရှိုး said...

ဝင်းဇော်ရေ ကျားကြီးခြေရာကြီးလို့ပြောရမလားပဲ။ ရေမြင့်ကြာတင့်လို့ ပြောရမလားပဲ။ ကျားကြီးပြီး ခြေရာဖျောက်နေတဲ့ ကျားတွေလည်းရှိမှာပေါ့လေတော့။

mirror said...

အလိုလေးလေး 32000 တဲ့လား။ဟုတ်တော့ဟုတ်တယ်။
အဲ့လိုပဲ ဈေးကြီးတာ။တစ်ခါတစ်လေ Cream Puff တစ်ဗူးထဲကိုပဲ 20000 လောက်ပေးရတတ်ပြန်ရော။
ကိုယ်တော့ နှမြောလို့ မျက်နှာပြောင်ပဲနေတယ်။:P

:P said...

သိပ်မစားနိုင်ပါဘူး၊၃ ပန်းကန် တဲ့.. ဘုရား.. ဘုရား....။
အဲင်္ဒီ အင်တာဗျူးကို စိတ်ဝင်စားပါတယ်...။
ပျော်စရာကြီး....။

Anonymous said...

တွန့်တိုတတ်တဲ့ ဒီလို ဒီအကြောင်းကြောင့် လွတ်သွားတဲ့ ငါးကြီးတွေ မနည်းတော့ဘူး.... Same With Me ..... :P

Anonymous said...

ကိုဝင်းဇော်ေ၇ ကျနော့်မိတ်ဆွေ တစ်ယောက်လည်း အဲဒီဂျာနယ်လောကမှာ နာမည်မရခင်တုန်းက ၂နှစ်လောက် ဆရာကြီးဆိုသူတွေရဲ့ စာပေဂုတ်သွေးစုတ် တာကိုခံခဲ့ဘူးရတယ်၊ အခုတော့ အဲဒီလူက အယ်ဒီတာပေါက်စ ဖြစ်နေပြီ ။
ဘ၀တွေလည်း နေရာတစ်ခုရဖို့အတွက် ပေးဆပ်နေကြရတာ နေ၇ာတိုင်းမှာ ပါဘဲလား၊ မြန်မာပြည်က အကြောင်းလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးအများကြီးတင်တယ်၊ ဒါနဲ့ လွတ်သွားတဲ့ ငါးကြီးတွေက တော်တော်များလားဗျ၊ အဟဲ...

Anonymous said...

ဆွေမျိုးတော်နေတဲ့ ရှမ်းလေးကိုဝင်းဇော်---
ကျန်းမာရေးကြောင့် အခုမှ လာလည်နိုင်တယ်---
ပိုစ့်လေးကောင်းတယ်--
အမိမြေနဲ့ အလှမ်းဝေးနေတုံးဖတ်ရတာကျေးဇူးပါ--
အလှပြင်ပစ္စည်းဘိုးတော့ မကုန်ဘူးလေ---
နိုင်ငံခြားမှာနေပေမယ့် သနပ်ခါးကြိုက်တယ်--သနပ်ခါး
တတုံးဝယ်ထားတာ တနှစ်လောက်သုံးရတယ်--
ကြွားလိုက်တာပါ--
အစစအရာရာအဆင်ပြေပါစေ---

Anonymous said...

ကိုဝင်းဇော်ရေ...
ဘာငါးတွေလွတ်သွားတာလည်းဗျ.....အကောင်ကြီးကြီးဆိုတော့...:P

အရုပ်ကလေး said...

ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ သုံးနေရပေမယ့်
ပိုက်ပိုက်ပြတ်လို့ စခန်းအလည်မှာ
မှန်းဆကာ တမ်းတနေရတယ်..

လူဆိုတာ ပင်ကိုယ် အလှရှိလျှင်တောင်မှ
ပန်းမာန်အလှ လန်းဖြာကျမယ့်
သုံးဆောင်တန်ဆာ လိမ်းကာဝတ်မှ
တင့်တယ်တာမို့ စုလိုက်ဦးမယ်ဗျာ ..

ပို့စ်နဲ့ ကိုက်ညီ မညီတော့ မသိဘူး
ရေးလိုက်ပြီ... ဟိဟိ

ဒါနဲ့ ရန်ကုန်ရောက်နေတာလားဗျ ....

Anonymous said...

အဲ ဖတ်ပြီး အများကြီးတွေးမိသွားပါတယ် ဗျာ ။ ဒါပေမယ့် ဒီခေတ်မှာတော့ ယောကျားင်္လေးရောမိန်းကလေးရော good looking ကို personality တစ်ခုအဖြစ်သဘောထားလာကြတာတော့ အမှန်ပါပဲ ။

လင်းထက် said...

ကိုဝင်းဇော်ရေ ဒီကနေ့ မြန်မာပြည် ခေတ်လူငယ်တွေရဲ့ အလှပြင် တဲ့ ကိစ္စ စစ်တမ်းလေး ကောက်တာကို ဖော်ပြပေးတော့ မသိတာလေး တွေ သိရတာပေါ့ဗျာ ကျေးဇူး..။

Anonymous said...

စစ်တမ်းလေး သိရတာ စိတ်ဝင်စားစရာဗျာ ..
မစားနိုင်လို့ သုံးကန်းကန် ဆိုတာတော့ နည်းနည်း လွန်တယ် ထင်တယ်နော့် .. :D
လွတ်သွားတဲ့ ငါးတွေ အတွက် တော့ ပြန်တွေးမနေပါနဲ့တော့ဗျာ ..
နောက်ထပ် ငါးလေးတွေသာ ထပ် မလွတ်စေနဲ့ဗျို့ အဟား ..
ကျနော့် မှာတော့ အသုံး အဆောင် ဆိုလို့
အုန်းဆီ ရယ် .. after shave ရယ်ပဲ ရှိတယ် ..
အုန်းဆီကတော့ ကြိုက်လွန်းလို့ ဒီရောက်နေတာကို မရရအောင် ရှာဝယ်ပြီး လိမ်းတယ်ဗျို့ ..

Heart Breaker said...

အိမ်မှာနေရင်တောင် အလှကုန်ပစ္စည်း ၃-၄ မျိုး သုံးဖြစ်တယ်။ အပြင်ထွက်ရင်တော့ အဟမ်း
ရေမွှေးပုလင်းများ မှောက်ကျသွားသလားပဲ
ထင်မိတယ်။ အရေးအသား လေး ကောင်းတယ်။

စိုင်းနောင့် said...

စနိုးလောက်ပဲ သုံးဖြစ်တယ်။
အပြင်ထွက်ရင် အသားပတ်လွန်းလို့
ကျန်တာတော့ မသုံးဖြစ်ဘူး။
ဝယ်တာတော့ ၀ယ်ဖြစ်တယ်။
အတုနဲ့ ညားနေမှာစိုးလို့ သေချာ ဂရုစိုက်ရတယ်။

Anonymous said...

ယောက်ျားလေးထဲမှာ ဘာအလှကုန် မှ မသုံးဖြစ်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ (ပင်ကိုယ်အလှ လေပဲလား၊ အချိန်မရလို့ လေပဲလား)။ အဲဒီထဲမှာ ကျနော်လည်း အပါအ၀င်ပေါ့ဗျာ။ ရုပ်ကလပ်က စုတ်ပြတ်သဒါလန်နေတာပဲ။ဟိဟိ။ အစ်ကို့စာတွေက ရသရော။ သုတပါ ပေးစွမ်းနိုင်တယ်။ ရသလောက် ယူသွားတယ်။

သက်တန့် said...

သိပ်မစားနိုင်ဘူး... ၃ပန်းကန်...
ဟုတ်စ...
မှတ်သားသွားပါတယ် အကိုဝင်းဇော်ရေ... :P

နှင်းဆီနီ said...

ဖတ်လို့ကောင်းတဲ့ စာလေးဖတ်သွားတယ်။ အိုင်လည်း နေ့စဉ်လို ၄-၅ မျိုးလောက် သုံးဖြစ်တယ်။ မိန်းကလေးဆိုတော့ မရှိမဖြစ်တဲ့ အလှပြင်ပစ္စည်းကို ၀ယ်ဖြစ်ပါတယ်။ ဘယ်လောက်ဝယ်တယ်၊ ဘယ်လောက်ကုန်တယ် ဆိုတာတော့ မှတ်ထားတာ မရှိပါဘူး။ ကျေးဇူး။