Monday, January 19, 2009

လူပေါင်းမှားပြီ

ကွန်ပျူတာ ရှေ့မှာ အလိုမကျတဲ့စိတ်နဲ့ ငူငူကြီးထိုင်နေတဲ့ လူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်ပြီး တွေးကြည့်ပါ။ သူဘာတွေများ စဉ်းစားနေလဲ၊ သူဘာတွေများ အတွေးနယ်ချဲ့နေလဲ၊ သူဘာတွေများ ကြံစည်နေသလဲ ဆိုတာပေါ့။ အလိုမကျတဲ့ သူ့မျက်နှာကို ကြည့်ပြီးတော့ ရည်းစားပူ မိနေတာပဲလား၊ ဒါလည်း မဟုတ်လောက် ပါဘူး။ ဒါမှမဟုတ် စောစောစီးစီး မ၀ါ ဆီက စားချင့်စဖွယ် အစားအသောက် တွေကို တကယ်မစားရဘဲ အငမ်းသက်သက် ကြည့်ပြီး ပြန်လာတာမို့လို့လား။ တကယ်အဖြေရှာ မရခဲ့တာ အမှန်ပါ။ သူ့ကို ကြည့်နေရင်းနဲ့ပဲ သူ့လက်တစ်ဖက်က keyboard ပေါ်က function key (F5) ကို အကြိမ်ကြိမ် နှိပ်နေတာကို တွေ့ရတယ်။ တစ်ခါတစ်ခါ ဖော့ဖော့ လေးနှိပ်နေသလို၊  တစ်ခါတစ်ခါ တော့လည်း အသံထွက်လောက်အောင် ဒေါသနဲ့ နှိပ်နေတာကိုလည်း အတိုင်းသား ကြားနေရတယ်။ တစ်ခါတလေ F5 နဲ့ enter key နဲ့ ပေါင်းနှိပ်နေတာ ကိုလည်း တွေ့ရပြန်တယ်။ အင်း .. .. ဒါက ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ကိုယ့်ဖာသာကိုယ် ပြန်ဝေဖန်နေတာပါ။


ဘဝမှာ ကုန်ဆုံးသွားပြီးရင် ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ အရာ ၃ မျိုးရှိတယ်။ အချိန်ရယ်၊ စကားလုံးတွေနဲ့ အခွင့်အရေး တွေပဲ ဖြစ်တယ်။ မသေချာ မရေရာတဲ့ အရာ ၃ ခု ကတော့ အိပ်မက်ရယ်၊ အောင်မြင်မှုရယ်နဲ့ ကံကြမ္မာရယ်ပဲ ဖြစ်တယ်။ နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိတ်ဆွေတွေရဲ့ အိမ်တံခါး ဖွင့်ဖို့အတွက်နဲ့ အိမ်တံခါးကို (F5) အကြိမ်ပေါင်း မြောက်များစွာ ခေါက်ခဲ့ရတယ်။ ဒါတောင် သိပ်အဆင်မပြေတဲ့ အိမ်ဆို ပြူတင်းပေါက် (C-box)က ပေါ်တာ မဟုတ်ဘူး။ ပြူတင်းပေါက် မပွင့်တော့ နှုတ်ဆက်ဖို့ အခွင့်အရေး နည်းသွားတာပေါ့နော်။ ဒါနဲ့ သာကြောင်းမာကြောင်း စကားပြောဖြစ်ဖို့ (Comment) အတွက်နဲ့ ဆွံ့အ နားမကြားတဲ့ သူတွေလို အော်အော်ပြော (F5 + enter) နေရတာကြောင့် မကုန်ဆုံးသင့်တဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ စိတ်ပန်း လူပန်း ဖြစ်ရတာ ကြာပါပြီ။ စိတ်မကျ၊ ရုပ်မကျ ဘဲ ဘယ်ခံနိုင်ပါမလဲနော်။

ဖြစ်ချင်တာ မဖြစ်တဲ့လောကမှာ စိတ်ညစ်ညူး စရာတွေက အများသားပါ။ လမ်းပြင် ထွက်လျှောက်တော့ 
  • ဟေ့ .. ၀င်းဇော်ကြီး မင်းတော်တော် ရုပ်နာသွားတယ် . . ။ 
ဟိုက် .. ဒါတင်ပဲလားဆိုတော့။ မဟုတ်သေးပါဘူး။ 
  • မင်း ဂျီ ကလည်း တော်တော် လျောနေတယ် တဲ့။
လုပ်ချလိုက်ပြန်ပြီ။ ကိုယ့်နောက်ကျောကို ကိုယ်မလုံချင်တော့ဘူး။ ကျွန်တော် ကလည်း နှုတ်ခမ်းပါးလျှာသွတ် စွာနဲ့ပဲ ပြန်ပက် လိုက်ပါတယ်။ 
  • ရုပ်နာမှာပေါ့ကွ .. နေ့တိုင်း အလိုက်မလိုကျစိတ်၊ သောကဗျာပါဒစိတ် တွေက များမှများပဲ .. လို့၊ ဂျီလျောတာ မဟုတ်ဘူးဟေ့ ..  အထိုင်များတာက တစ်ကြောင်း၊ ဂျီကို ဘလောဂ်လိုက်တာက တစ်ကြောင်းမို့ လျောနေတာကွ .. လို့။
ဒါနဲ့ပဲ တစ်နေ့တစ်နေ့ တိုးတိုး လာနေတဲ့ Stress ကို လျော့ချဖို့ အင်နာပွန်စီ တစ်ကဒ်နဲ့ function key row ပျက်သွားတဲ့ ကီးဘုတ်အတွက် ကီးဘုတ်အသစ် တစ်ခု ၀ယ်ဖြစ်လိုက်တယ်။ ပြန်ပါလေဦးတော့ မြန်မာဒေါ်လာ ဂဏန်း ၅လုံး။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။

16 comments:

Unknown said...

အဟေး .. .. နာနဲ့ ဒူတယ်ဂွ။
ငါ့လို လူသားတွေ အများကြီးပါ pro ရေ. ။
အားငယ်ပါနဲ့ .. ..

Heart Breaker said...

ငါလိုလူ ဇဗ္ဗူမှာ မရှားဘူးဟေ့လို့ ကြွေးကြော် လိုက်သလိုပါပဲ။ ဘာပဲဖြစ်နေဖြစ်နေပါ။
အဆင်ပြေသွားပါမယ်။ နောက် တစ်နှစ်ပဲ ကျန်ပါတော့တယ်။

ATN said...

ဂျီတော့ခ် သုံးတာများသွားလို့ ဂျီပြသနာ ဖြစ်နေတာ ဖြစ်လောက်တယ်... ဂျီတော့ခ် နည်းနည်း လျော့လိုက်...း)

လင်းဒီပ said...

ဒီလိုပါပဲ ကိုဝင်းဇော်ရယ်..
အဲလို ဒုက္ခခံပြီး လာလာလည်တတ်လို့
ကျေးဇူးတင်လို့ မဆုံးပါဘူး။

ဂျီပြသနာကတော့ ကိုအောင်သာငယ် ပြောသလိုပဲ ဖြေရှင်းလိုက်ပါ။..:P

မဆုမွန် said...

အာ..အထိုင်များရင် ဂျီရှောတယ် ဟုတ်လား
ဒုက္ခပါပဲ

khin oo may said...

တကယ်လားဟင်. ဒုတ်ခ ပါဘဲ။

Anonymous said...

ဖတ်ရင်းပြုံးမိတယ်၊ ဂျီရှောတယ်ဆိုလို့ပါ၊ ကျနော်ဆို ဂျီကိုပျောက်နေတာ၊ ဂျီပါတာတွေ နည်းနည်းရှောင်လိုက်ရင် ဂျီပြန်တက်လာမှာပါ ဘော်ဒါကြီးရေ ၊ ကွန်နက်ရှင်မကောင်းတဲ့ ကြားထဲကကို စီဘောက်တို့ ကွန်မန့်တို့ကို မရရအောင်ပေးသွားတတ်တဲ့ ခင်မင်တတ်တဲ့ စေတနာကို မလေးစားဘဲနဲ့ကိုမနေနိုင်ဘူး။ ဂျီပြန်တက်ပါစေဗျာ.......

Unknown said...

အဟီး ပေါက်ကရတွေ
ကိုဝင်းဇော်ပြောမှပဲ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်
ဟုတ်နေပြီလားပေါ့။ ဘာမှလည်း မဆိုင်ဘူး
ရုံးမှာ အထိုင်များလို့ ဖြစ်တာပါတော်..

Anonymous said...

အခက်တွေကြားကနေလာလည်သွားတဲ့
အတွက်ကျေးဇူးပါကိုဝင်းဇော်ရေ...။
ကွန်ပြူတာရှေ့လည်းသိပ်မထိုင်နဲ့ပေါ့ဗျာ...။
တော်ကြာနေ...အညောင်းမိနေပါဦးမယ်....။

စိုင်းစိုင်းလားရှိုး said...

ဝင်းဇော်ရေ ကြိုပြောပေါ့ကွ ငါ့မှာ ကီးဘုတ်အပို ရှိတယ်ကွ။ ဂျီကိစ္စတော့ ငါနဲ့မဆိုင်။

မိုးခါး said...

hehehe.. ဖြစ်ရတယ်နော် .. :P

တောင်ပေါ်သား said...

အကိုရေ ဒီလို မရတဲ့ကြားက ဒုက္ခတွေကြားကနေ လာလည်တဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။ မြန်မာပြည်တွင်းက ဘလော့ဂါများကို လေးစားဂုဏ်ယူမိပါတယ်။ ကျနော်ဆို ဘာမှ လုပ်တတ်မှာတောင် မဟုတ်ဘူး


လေးစားလျက်
တောင်ပေါ်သား

pandora said...

တောင်ပေါ်သား ပြောသလိုပဲ။ အခက်အခဲတွေကြားက လာလာလည်တိုင်း ကျေးဇူး အထူးတင်မိပါတယ်။
အစစအဆင်ပြေစေသား

သက်တန့် said...

သြော်...
အကိုဝင်းဇော်လည်း "F5"ပဲကိုး...
လက်စသတ်တော့ ဘ၀တူတွေပဲ...
တွေ့ရတာ ၀မ်းသာပါတယ်... :)

WWKM said...

ဟတ်ဟတ်ဟတ်..ဖတ်ပြီးရယ်သွားပါတယ် မောင်ဝင်း
ဇော်ရေ... ဘာမဆိုင် ညာမဆိုင် အစ်မနာမည်လဲပါတယ်..ဟဟား

အဆင်ပြေပါစေကွယ်။

အစ်မ၀ါ

စိုင်းနောင့် said...

လိုင်းမကောင်းတော့ စိတ်ညစ်စရာပဲ တစ်နေကုန် ဂိမ်းပဲ ကစားဖြစ်တယ်။
အစ်ကိုလည်း အဆင်ပြေပါစေ