Thursday, January 29, 2009

တန်ပြန်သောက

တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက် ကြတဲ့အခါမှာ ၀င်းပတဲ့ အပြုံးမျက်နှာ၊ ချိုသာတဲ့ စကားသံနဲ့ "မင်္ဂလာနံနက်ခင်းပါ" "ကျန်းမာ ချမ်းသာကြပါစေ" ဆိုတဲ့ ပဋိသန္ဓာရ စကားတွေနဲ့ နေ့သစ်ကို စတင်ကြပါတယ်။ ကိုယ့်ရဲ့ အပူမီး၊ သောက ပရိဒေ၀မီးတောက် တွေကိုတော့ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ် ထားကြတာ ဓမ္မတာပါ။ လောကကြီးထဲမှာ ပရိဒေ၀မီး မတောက်လောင် ခဲ့ဖူးသူ ရယ်လို့ ရှိမယ် မထင်ပါဘူး။ နည်းနည်းလောင် တာနဲ့ များများ တောက်လောင်တာပဲ ကွာခြားမှာပါ။ ကျွန်တော်တင်ပြ ချင်တာကတော့ ကြုံတွေ့လာတဲ့ သောကတွေကို ဘယ်လို ကျော်ဖြတ်သင့်တယ် ဆိုတာလေးပါ။

လူတွေဟာ မိမိတို့ ကြုံတွေ့နေရတဲ့ သောကအပူကိုသာ အကြီးမားဆုံး အပူမီးအဖြစ်နဲ့ ထင်မြင်ယူဆ တတ်ကြပါတယ်။ မိမိလျှောက်လှမ်း ရတဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းရာမှာ ကြုံတွေ့ရတဲ့ ဒေါမနဿ၊ စိတ်ဖိစီးမှု (Stress)၊ ပူပင် ကြောင့်ကြမှု၊ စိတ်သောက များသည် လူတိုင်းခံစားရမြဲ သောကများ ဖြစ်ပါတယ်။ ထိုထိုသော သောကများ ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရမယ် ဆိုရင် ထိုသောကဟာ မိမိ တစ်ဦး တစ်ယောက်ထဲကိုပဲ ရွေးဖြစ်တာ မဟုတ်ပါဘူး၊ လူသားတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ လို့ ဆင်ခြင်နှလုံးသွင်းနိုင်ရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရနိုင်ပါတယ်။

"ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေး" ဆိုတဲ့ စကားပုံရှိပါတယ်။ ဖြစ်တည်လာတဲ့ သောက (ဒါမှမဟုတ်) စိတ်ဖိစီးမှု အန္တရာယ်ကို အလေးထားပြီးတော့ အဲဒီသောကကိုပဲ မိမိအတွက် အကျိုးရှိအောင် ဘယ်လိုပြန်ပြီး အသုံးချရမယ် ဆိုတာကို လေ့လာသင့်ပါတယ်။ ပူပင်သောက လုံးဝမရှိဘဲနဲ့ လူဖြစ်ရတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် မိမိသောကကင်းစင်ရေး တစ်ခုထဲကိုပဲ ဦးတည်ပြီး အတ္တဆန်ဆန် အများရဲ့ အကျိုးကို လျစ်လျူရှုမယ်၊ သောကနည်းလွန်းပြီး မိမိအကျိုး၊ သူတစ်ပါးအကျိုး အတွက် စိုးရိမ်ပူပန်မှု မရှိဘူး၊ ကြုံရာနေ၊ ကျရာစားဘ၀နဲ့ ဘ၀ကို ပေါ့ပေါ့တန်တန် နေထိုင်သွားမယ် ဆိုရင် ထိုသူအတွက် ကောင်းကောင်းကြီး ကို ပျက်စီးစေပါတယ်။ တစ်ကိုယ်ကောင်း သမားအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဖြစ်တည်လာတဲ့ သောကတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သောကဝေဒနာနဲ့ အသားကျစွာ နေထိုင်တတ်မယ် ဆိုရင် ထိုသူရဲ့ ဘ၀ဟာ အညွှန့်တလူလူနဲ့ ရှင်သန် တိုးတက် လာမှာ ဖြစ်ပါတယ်။

လောကမှာ လူအချို့ဟာ မိမိက မပြောင်းလဲနိုင်တဲ့၊ မပြုပြင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်သောက ရောက်နေတတ်ကြ ပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ဟာ တားဆီးပစ်ဖို့၊ ပြုပြင် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝ နိယာမ တရားတွေ ဖြစ်ပါတယ်။ အဲဒီ ရှောင်လွဲမရနိုင်တဲ့ ကိစ္စတွေအတွက် သောကရောက် နေမယ့်အစား မအိုခင်၊ မနာခင်၊ မသေခင် အချိန်ကလေးမှာ အတ္တ နဲ့ ပရ ညီမျှတဲ့ အကျိုးကိစ္စများကို ဆောင်ရွက်ပေးခြင်းက လောကီ လောကုတ္တရာ အတွက် အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ မိမိတတ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ ကိစ္စရပ်တွေအတွက် ပူပင်ခြင်းဟာ အကြောင်းမဟုတ်ပါဘူး။ မိမိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးခြင်း အားဖြင့် အများရဲ့ ချစ်ခင် လေးစားမှု၊ အားကိုး ယုံကြည်မှုတို့ကို ခံယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကံကြမ္မာဆိုး တွေကသာ မိမိ မမြင်စွမ်းနိုင်သော၊ မဖြေရှင်းနိုင်သော သောက တိုးပွားစေတဲ့ အခြေခံ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို မျက်နှာလွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်။ ရှိသင့်သည်ထက် ပိုလွန်တဲ့ သောကမီးကြောင့် စိတ်ဒုက္ခ ကြီးမားစွာနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေသူ တစ်ဦး မဖြစ်သင့်ပါဘူး။ ယထာဘူတကျတဲ့ အမြင်နဲ့ ဆင်ခြင်ပိုင်းခြားပြီး ဖြစ်သင့်တဲ့ ကိစ္စတွေမှာ ရှိသင့်တဲ့ သောကကို အရင်းပြုပြီး အကျိုးရှိရှိ အသုံးချတတ်ကြပါလို့ တင်ပြချင်ပါတယ်။ အားလုံးကိုပဲ သောက ကင်းဝေးစေချင်ပါတယ်။ သောက ကင်းဝေးနိုင်ကြပါစေ။


26 comments:

သက်ဝေ said...

ကြိုးစားနေပါတယ်...
ကျေးဇူးပါ...

Anonymous said...

အကိုရေ အကိုပြောသလိုလေးဖြစ်အောင်တော့ ကြိုးစားနေပါတယ်နော်။ ဝေမျှပေးတာကျေးဇူးပါပဲအကိုဝင်းဇော်

Anonymous said...

ဟုတ်ကဲ့ လူကြီးတစ်ယောက်ရဲ့ဆုံးမစကားနားထောင်နေသလို
အသေချာဖတ်သွားပါတယ် လိုက်နာဖို့ကြိုးစားအုံးမယ်
ကျေးဇူး ကိုဝင်းဇော် ။

Unknown said...

ကြိုးစာနေပါတယ်.. အရမ်းအကျိုးရှိတဲ့ စာလေးပါ။

သောကကင်းဝေးအောင် ကြိုးစားနေသော
ပိုက်ပိုက်

လင်းထက် said...

သောကကင်းဝေး နည်းလမ်းလေး လာဖတ်တယ်ဗျာ လိုက်နာဖို့တော့ အတော်လေး ကြိုးစားရအုံးမယ် ဟီး

mgngal said...

အသေအချာ ဖတ်ရှုသွားပါတယ် ။ ကောင်းပါတယ် ။ နောက်လည်း ရေးစေချင်ပါတယ် ။ အမှုမဲ့ အမှတ်မဲ့ ရှိနေတာတွေကို လှုပ်နှိုးပေးလိုက်သလိုပါပဲ ။
ခင်မင်လေးစားလျက်
မောင်ငယ်

ညီအကိုများ said...

ကိုဝင်းဇော်ရေဖတ်သွားတယ်ဗျာ။
ကျေးဇူးတင်ပါတယ်။

မိုးကြယ်

နေလင်း said...

အစ်ကိုရေ လာဖတ်ပြီး မှတ်သားသွားပါတယ်..
စာအရေးအသားကောင်းသလို အကြောင်းအရာကလည်း အရမ်းကောင်းပါတယ်..နောက်လည်း ဒီလိုအကျိုးရှိတာလေးတွေ ရေးပါအုံး...

Anonymous said...

အသေအချာ သတိပြုရမယ့် ပညာပေးပိုစ့်လေးပဲဗျ။ စာကောင်းပေမွန်အတွက်.. ကျေးဇူးပါပဲ မန်းသားကြီးရေ...

WWKM said...

အဓိကကတော့ သောကကို အကောင်းမြင် ရှုထောင့်ကနေ ကြည့်မြင်တတ်ဖို့ ဖြစ်ပါတယ်

မောင်ဝင်းဇော်က အတွေးအခေါ်တွေ အလွန်ကောင်းပြီး
စာရေးကောင်းလွန်းလို့ လေးစားပါတယ်ကွယ်။

အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

မီယာ said...

သူငယ်ချင်း တစ်ယောက်က ဆုံးမဖူးတယ်... ပျော်စရာ ရှိလည်း အရမ်း မပျော်နဲ့ ၀မ်းနဲစရာ ရှိလည်း အရမ်း ၀မ်းမနဲ နဲ့တဲ့။ ကြိုးစားပြီး နေကြည့်တာ ကိုယ့်အတွက်တော့ တော်တော်လေး အကျိုးရှိတယ်။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေ အတွက်တော့ သောက မထားသင့်ပါဘူး။

Unknown said...

တွေးကြည့်ရင်း တွေးကြည့်တော့
လုပ်နိုင်တာကိုအကောင်းဆုံးလုပ်မယ်။
မလုပ်နိုင်တာကို ထည့်မစဉ်းစားဘူး။
ကောင်းလွန်းတဲ့ အတွေးပါပဲ
ဖတ်သွားပါတယ်။

Anonymous said...

မောင်လေးဝင်းဇော်
ဒီလောက်တွေးတောနေမှတော့
ဆံပင်ဖြူတွေ ဘယ်လောက်တောင် များနေပြီလဲ
ဒါပေမယ့် တန်ဖိုးရှိတဲ့ အတွေးအခေါ်လေး တွေအတွက် ကောင်းကောင်းလေး ဖတ်သွားပါတယ်။ ကျန်းမာရေးဂရုစိုက်ပါ။

Unknown said...

အစ်ကိုဝင်းဇော်ကြီး
ရောက်ပါတယ်၊ ဖတ်သွားတယ်။
ကောင်းတယ်ပို့လေးက။
လိုက်နာနိုင်တာတွေကို ဦးစားပေး ရေးသွားတယ်။ ဆက်လက်ရေးသား တင်ပြနိုင်ပါစေ။

My Diary said...

ဟုတ်ပါတယ်
လူတွေအားလုံးက နည်းနည်းလေးကို အကြီး2တွေးမိ
စိတ်ဖိစီးမှုခံကြတယ်
ဒါကလည်း ရင့်ကျက်မှုနဲ့ဆိုင်မလားမသိဘူးနော်
ကိုဝင်းဇော်ပြောသလို
သောကကင်းဝေးဖို့ပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ်

စိုင်းနောင့် said...

ကိုကြီး ၀င်းဇော်
စာကောင်းပေမွန်တွေ လာလာဖတ်ပါတယ်။
နက်ပေါ်မရောက်တာ လိုင်းမကောင်းလို့ပါ။
အိုကေပါတယ်။
သောကလား၊ ရောင်းစားထားတယ်။

ရွှေအင်းသူ said...

ကြိုးစားဖြေဖျောက်နိုင် မှတ်သားသွားပါတယ်။ ခုလို မျှဝေဖော်ပြပေးလို့ အတိုင်းမသိ ၀မ်းသာတယ်။ စာအုပ်တစ်အုပ် ၀ယ်ဖတ်ဖို့ ငှားဖတ်ဖို့ဆို အချိန်မပေး နိုင်တော့ဘူး။ အလုပ်လုပ်ရင်း ဘလောဂ့်လည်ဖတ်ရတာ ခံစားမှု တစ်မျိုးပါ။ ရသတစ်မျိုးစီပေါ့နော်။

Anonymous said...

သောကကို အကောင်းဘက်ကကြည့်နိုင်ရင် အကောင်းဆုံးပါ သတိပေးတာကျေးဇူး ကိုဝင်းဇော်

Heart Breaker said...

ရော့ တစ်ခွက်၊ သောက်လိုက်။
သိပ်လည်း စဉ်းစားမနေနဲ့အုန်း။
မန်းလေးက ကောင်မလေးအခြေအနေ ?

ဒေါင်းမင်း said...

ဆုံးမစကားသေချာနားထောင်ပါတယ်ခင်ဗျာတန်းဖိုးရှိတဲ့စာလေးပဲ

Unknown said...

ပထမဆုံးအကြိမ် ၀င်ဖတ်ပြီး မှတ်ချက်ပြုခဲ့ ပါတယ်။ စာလေးတွေ လာလာဖတ်ဖြစ်ပါတယ်။
အသိပေးစာလေးတွေ အတွက် ၀မ်းသာစွာ ဖတ်သွားပါတယ်။

Anonymous said...

မှတ်သားလေ့လာ ဖတ်ရှုသွားပါတယ်ဗျာ။
အလွန်ကောင်းတဲ့ ပို့စ်လေးပါပဲ။

Apprenticeship said...

မှတ်သားသွားပါတယ်။ ကျေးဇူး :)

နှင်းဆီနီ said...

ဘ၀အသိပေး စာလေးကို နှစ်နှစ်ခြိုက်ခြိုက် မှတ်သားသွားပါတယ်။
ဒီထက် ပိုမို ရေးသားတင်ပြနိုင်ပါစေနော်။

Anonymous said...

ဟဲ...ဟဲ ဆရာလေး တရားသဘောတွေပါလာပြီနော်၊ လူတိုင်းကတော့ အပူမီးတွေနဲ့ ကို သံသရာလည်နေတာပါဘဲ၊ အဲဒီအပူမီးတွေကို ငြိမ်းသတ်ဖို့ဆိုတာကလည်း ...မလွယ်လှပါ၊ ဘော်ဒါကြီးရေးပြသလို အဲဒီသောကအပူမီးတွေကို ငြိမ်းအေးစေဘို့ စိတ်နုလုံးကို ငြိမ်သက်စွာထားပြီး အလိုလောဘရမ္မက် နည်းနိုင်အောင် ကျင့်ကြံနိုင်ကြရင် သက်သာနိုင်ပါတယ်၊ ပို့စ်ကောင်းလေးတစ်ခုမို့ နှစ်နှစ်ခြိုက်ခြိုက်ဖတ်သွားပါရဲ့ဗျာ။

နှင်းပွင့်ဖြူ said...

စာလာဖတ်သွားပါတယ်......
တကယ်တော့ ကိုယ့်သောက ကင်းအောင် ကိုယ်ကိုယ်တိုင်ပဲလုပ်ဆောင်နိုင်တာမဟုတ်လားရှင်