Tuesday, January 13, 2009

သတ္တိ

အကြောင်းအရာ တစ်ခုခုနဲ့ တွေ့ကြုံလို့ လူတွေမှာ သတ္တိရှိလာကြတယ်။ သတ္တိတွေ ဘယ်ကလာတယ် ဆိုတာ ဂဃနဏ သေသေချာချာတော့ လူတိုင်း မသိနိုင်ပါဘူး။ ကြောက်စိတ်ကို ဖုံးကွယ်ဖို့အတွက် ဖြစ်ပေါ်လာတာလား? အများကောင်းကျိုး အတွက် စွန်လွှတ်အနစ်နာခံဖို့ ဖြစ်ပေါ်လာတာလား ? ပြောနိုင်တာ တစ်ခုကတော့ သတ္တိဆိုတာ ထူးခြားတဲ့ အစွမ်းတစ်ခု ဆိုတာပါပဲ။ ကျွန်တော်တို့မှာ ရှိတဲ့ သတ္တိ ဆိုတာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ အရည်အချင်း ဖြစ်ချင်မှ ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ သတ္တိဟာ မွေးရာပါ ဖြစ်ချင်မှ ဖြစ်မယ်။ ပြောနိုင်တာကတော့ ကျွန်တော်တို့ရဲ့ သတ္တိဟာ ကျွန်တော်တို့ ရလာတဲ့ အတွေ့အကြုံတွေ၊ ကျွန်တော်တို့ စုဆောင်းလာတဲ့ အရည်အချင်းတွေ၊ ကျွန်တော်တို့ နောက်မှာ ရှိနေတဲ့ တွန်းအားတွေ ကြောင့် ကျွန်တော်တို့ သတ္တိရှိတယ် ဆိုတာ ဖြစ်လာပါတယ်။

စာရနေတဲ့ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲကို မကြောက်ပေမယ့် စာမရတဲ့ ကျောင်းသားကတာ့ စာမေးပွဲကို ကြောက်နေတာမျိုး .. .. အမှောင်ထဲမှာ လက်နှိပ်ဓာတ်မီး မပါဘဲ လမ်းလျှောက် သွားတာထက် လက်နှိပ် ဓာတ်မီးထိုးပြီး လမ်းလျှောက် သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ သတ္တိနဲ့ ယုံကြည်မှုမျိုး .. ..

ဘီလီယံနဲ့ချီပြီး ချမ်းသာကြွယ်ဝသူ တစ်ယောက်ဟာ ငွေလေးတစ်သိန်း ကျပျောက်မှာကို မစိုးရိမ်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား တစ်ယောက် အတွက် ငွေတစ်ရာလောက် အလဟဿ ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင့်ကြနေတာမျိုး .. .. စတဲ့ အဖြစ်အပျက်တွေ ဟာ လူတွေမှာရှိတဲ့ သတ္တိ ဖြစ်ပေါ်မှုရဲ့ အကြောင်းရင်းကို တစ်စိတ်တစ်ဒေသ လှစ်ဟ ဖော်ပြနေတာ ဖြစ်ပါတယ်။

ကနေ့ ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ သတ္တိမျိုးမှာ သူရဲကောင်းဆန်တဲ့ သတ္တိမျိုး မဟုတ်ပါဘူး။ နေ့စဉ်ဘ၀မှာ ရော၊ သမိုင်းဝင် လှုပ်ရှားမှု တွေမှာပါ သတ္တိကို ပြသဖို့ လိုအပ်ပါတယ်။ အများကောင်းကျိုး အတွက် လိုအပ်တဲ့ သတ္တိကတော့ ဖြောင့်မတ် တည်ကြည်စွာ နေထိုင် လုပ်ကိုင်ဝံ့တဲ့ သတ္တိ ပဲဖြစ်တယ်။ ကိုယ့်စိတ်ကို ချုပ်တီးနိုင်တဲ့ သတ္တိမျိုး ဖြစ်တယ်။ အမှန်ကို ပြောရဲတဲ့ သတ္တိမျိုးဖြစ်တယ်။ မရှိကို အရှိ ဟန်ဆောင်ခြင်းကို တော်လှန်ရဲတဲ့ သတ္တိမျိုး ဖြစ်တယ်။ မိမိရဲ့ သမ္မာအာဇီဝ ၀င်ငွေနဲ့ ဖြောင့်မှန်စွာ နေထိုင်ရဲတဲ့ သတ္တိမျိုး ဖြစ်တယ်။ သူတစ်ပါးရဲ့ စည်းစိမ် ဥစ္စာကိုမှီခိုပြီး မမှန်မကန် နေထိုင်ခြင်းကို ဆန့်ကျင်တဲ့ သတ္တိမျိုး ဖြစ်တယ်။

တကယ်တော့ သတ္တိဆိုတာ လူတစ်ယောက်ရဲ့ မွေးရာပါ စိတ်ဓာတ်တစ်ခု မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်း၊ နောက်ခံ အခြေအနေ၊ အတွေ့အကြုံနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တွေကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကို ကျွန်တော်တို့ နားလည် သဘောပေါက် သင့်ပါတယ်။

16 comments:

Anonymous said...

သတ္တိဆိုတာ လူတစ်ယောက်ရဲ့ မွေးရာပါ စိတ်ဓာတ်တစ်ခု မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်း၊ နောက်ခံ အခြေအနေ၊ အတွေ့အကြုံနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တွေကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာ တကယ်ပဲလား...။
တချို့ကလည်း သတ္တိကိုတလွဲတွေးပြီး မိုက်ရူးရဲဆန်တတ်ကြတယ်နော် ...။

ခေါင်ခေါင် said...

ကောင်းတယ် အစ်ကို
အစ်ကို့ပိုစ့်တွေ ဖတ်ရင် . စိတ်အာဟာရ တွေ အများကြီးပြည့်သွားတယ်..
ကျေးဇူး.. နေ့တိုင်းရောက်တယ်..

ဇနိ said...

စာရိတ္တသတ္တိကောင်းကောင်းနဲ့ နေဖို့ လူတိုင်း ကြိုးစားသင့်ပါတယ်။
း)

sait phay yar said...

သတ္တိကတော့ရှိသေးဘူး အခုထိ ကြောက်တယ်
ဘာလုပ်၇ပါ့

Anonymous said...

သတ္တိကတော့ ရှိသင့်တဲ့နေရာမှာရှိရမှာအမှန်ပါ မလိုအပ်ပဲ သတ္တိသုံးရင်လည်း မိုက်ရူးရဲဆန်ပြီးတော့ လိုအပ်ရက်နဲ့မသုံးရင်လည်း အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်.

သက်တန့် said...

ရှိသင့်ရှိထိုက်တဲ့ သတ္တိတွေတော့ ရှိပါတယ်...
ရှိအောင်လည်း မွေးထားတယ်...
တစ်ခါတစ်ခါကျတော့လည်း သတ္တိမရှိသင့်တဲ့ နေရာမှာ သတ္တိက ရှိနေပြန်ရော...
အတွေးအခေါ်ကောင်းတဲ့ ပို့စ်လေးဖြစ်လို့ နှစ်သက်ပါတယ်... :)

တောင်ပေါ်သား said...

အကိုရေ ပိုစ့်လေးကို နှစ်သက်မိပါတယ်။ သတ္တိဆိုတာ အသုံးချသင့်တဲ့နေရာမှ အသုံးချခဲ့မယ်ဆိုရင် အလွန်ကို ကောင်းမြတ်လှပါတယ်။ မသုံးသင့်တဲ့နေရာမှာ မှားယွင်းစွာ သုံးမိရင် အကျိုးဆက်က ကောင်းလာမှာ မဟုတ်ပါဘူး အားလုံး သတ္တိကို ကောင်းမွန်စွာ သုံးနိုင်ပါစေလို့

လေးစားလျက်
တောင်ပေါ်သား

စိုင်းစိုင်းလားရှိုး said...

ဝင်းဇော်ရေ သတ္တိနဲ့ ယှဉ်တွဲ နေထိုင်တာက သတိ။ မိုက်ရူးရဲနဲ့ ယှဉ်တွဲနေထိုင်တာက မသိမှု အမိုက်မှောင်။ ကောင်းတဲ့ စာတွေပါ အားပေးတယ်။

မီးမီးငယ် said...

သတ္တိတွေ လာယူသွားတယ်အကိုရေ
း)

တောသားကြီး said...

နောက်ဆုံးစာကြောင်းလေးကို ကြိုက်တယ် ကောင်းတယ်အစ်ကို

ရွှေပြည်သူ (ShwePyiThu) said...

တကယ့်စာကောင်းတစ်ပုဒ်ပါ မောင်လေးဝင်းဇော်ရေ။ အတွေးတွေ အများကြီးပါပါတယ်... ကိုယ့်မှာ တခါတလေရှိတတ်တဲ့ သတ္တိတချို့ကိုလည်း ပြန်ဆန်းစစ်မိပါတယ်...

Anonymous said...

ဟုတ်တယ်ကိုဝင်းဇော်ရေ...
သတ္တိဆိုတာ တကယ်တော့ယုံကြည်မှုတစ်ခုပါ....
စိတ်အဟာရတွေဖြန့်ဝေပေးတာကျေးဇူးပါဗျာ...

အားပေးလျက်

Anonymous said...

အကိုဝင်းဇော်ရေ ပိုစ့်ကောင်းလေးတစ်ပိုဒ်ပါပဲဗျာ။ လာပြီးတော့ဖတ်မှတ်သွားတယ်ဗျာ။ အဆင်ပြေပါစေဗျာ။

Heart Breaker said...

မှတ်သား ဆင်ခြင်စရာကောင်းတဲ့
အသိပေးပို့စ်လေး ဖတ်သွားတယ်

စိုင်းနောင့် said...

အတွေးကောင်း
အရေးကောင်းမို့
ကောင်းကောင်းဖတ်သွားတယ်
လိုင်းမကောင်းလို့
ဘယ်မှ မရောက်ဖြစ်ဘူး။

Anonymous said...

စာတွေ တလေးတစား ဖတ်သွားပါတယ်။
အချိန်ရရင် ဖြည်းဖြည်းချင်း လာဖတ်ပါအုန်းမယ်။