Monday, January 5, 2009

တင်ကြို အနာဂတ် .. ..

မနက်ဖြန်ဆိုတဲ့ အနာဂတ်သေးသေး လေးကို မစဉ်းစားဘဲ မနေနိုင်တဲ့ အရာတစ်ခုလို ဖြစ်နေမိတယ်။ မနက်ဖြန်အတွက် ရတက်မအေးလို့ အိပ်မပျော်တစ်လှည့်၊ အိပ်ပျော်တစ်လှည့်နဲ့ မိုးလင်းတဲ့ရက်တွေ ရှိခဲ့ပါတယ်။ တစ်ညတစ်လေလည်း မနက်ဖြန်ဆိုတာကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတတ် ပြန်ပါတယ်။ မနက်ဖြန်ဆိုတာ နောင်မှ ဖြစ်လာမဲ့ အရေးကိစ္စဖြစ်လို့ ဒီကနေ့မှာ ထည့်စဉ်းစားစရာ မလိုဘူးလို့ လူတော်တော် များများက ပြောကြပါတယ်။ ဒါပေမယ့် ကိုယ်ရင်ဆိုင်ရမယ့်၊ ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ တွေအတွက် ကြိုတင် ပြင်ဆင်မှုအနေနဲ့ စဉ်းစားပြီး အိပ်ဖြစ်ကြတာ အရွယ်ရောက်သူတိုင်း လိုလို ဖြစ်ပါမယ်။

မနက်ဖြန်ဆိုတာ မသေချာ မရေရာတဲ့ စိတ်ကူးလို့ ဆိုပေမယ့် လူတွေဟာ ဒီကနေ့ပြီးသွားရင် နက်ဖြန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတဲ့ အတွေးတွေနဲ့ မနက်ဖြန်အတွက် တင်ကြို ပြင်ဆင်ကြရမှာ အမှန်ဖြစ်ပါတယ်။ " မနေ့က အိပ်မက်၊ နက်ဖြန်စိတ်ကူး၊ ဒီနေ့မှာ ဘဝ " ဆိုရိုးစကားလိုပဲ မနေ့ညက မက်ခဲ့တဲ့ အိပ်မက် ကောင်းကောင်းဆိုးဆိုးကို မူတည်ပြီး အိပ်မက်ဆိုးရင် ဘာကြောင့် အိပ်မက်ဆိုးရသလဲ ဒီလို အိပ်မက်ဆိုး မမက်ရလေအောင် ကနေ့ ဘယ်လိုဆင်ခြင်ရမယ်၊ ဘယ်လိုနေထိုင် ပြုပြင်ရမယ် ဆိုတာ စဉ်းစားရပါမယ်။ အိပ်မက်ကောင်း ဖြစ်ခဲ့ရင်လည်း ဘာအတွက်နဲ့ ရလဒ်ကောင်းတဲ့ အိပ်မက် ဖြစ်သလဲ။ နောင် ဒီထက်ကောင်း မွန်တဲ့၊ အဓိပ္ပာယ်ပိုရှိတဲ့ အိပ်မက်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရမယ်။ ဒီလို စိတ်ကူးလေးများ ရှိခဲ့ရင် မနက်ဖြန်ဆိုတဲ့ အနာဂတ် သေးသေးလေးက ပိုပြီး လှပလာမှာ အသေအချာပါ။

လူ့လောကမှာ အမှန်တော့ မနေ့ကပြီးခဲ့တဲ့ ကိစ္စတွေကို မေ့ပစ်လိုက်လို့ မရပါဘူး။ မနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး ဒီကနေ့မှာ အဆင်ပြေအောင်၊ အကျိုးများအောင် သင်ခန်းစာယူပြီး အသုံးချတတ်ရမှာ ဖြစ်ပါတယ်။ မနေ့က မလုပ်ဖြစ်ခဲ့တဲ့ ကိစ္စကြီးငယ်တွေကို ကနေ့ ပြီးပြတ်အောင် လက်စသပ် ရပါမယ်။ မနေ့က တစ်ပါးသူတွေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တဲ့ ကိစ္စများရှိရင် ဒီကနေ့ အဲလို အဖြစ်အပျက် မဖြစ်အောင် ဆင်ခြင်တုံတရားထားပြီး မနေ့ကကိစ္စအတွက် နောင်တရမယ့် အခြေအနေကနေ လွတ်မြောက်အောင် ဖန်တီးနိုင်မှာပါ။ လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူးလို့ ဆိုပေမယ့် အမှားနည်းနိုင်သမျှ ဆင်ခြင်ဥာဏ်ကို လွှာသုံးပြီး ကိုယ်လည်းအကျိုးရှိ၊ သူတစ်ပါးလည်း ထိခိုက်နစ်နာမှု မရှိရအောင် လုပ်ဆောင် နိုင်မယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးတွေ ပါပဲ။

ဒါကြောင့် လူ့ဘ၀ဆိုတာ ဒီနေ့အတွက်နဲ့ပဲ လက်တွေ့ကျတယ် ဆိုပေမယ့် ကုန်ဆုံးသွားတဲ့ မနေ့က အဖြစ်အပျက်တွေနဲ့လည်း သက်ဆိုင်နေသလို အနာဂတ်လှပဖို့ ဆိုတာကလည်း ဒီကနေ့လုပ်တဲ့ လုပ်ဆောင်ချက်တွေက အဆုံးအဖြတ် ပေးတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ မနက်ဖြန်အတွက် အချိန်ကာလတွေကို စက္ကန့်မခြား ဘ၀ရဲ့ အချို အခါးကို သယ်ဆောင်သွား နေတာပဲဖြစ်ပါတယ်။ ဒါဆိုရင် အနာဂတ်ဆိုတဲ့ ကိုယ့်ရဲ့ ကမ္ဘာကြီး သာယာလှပဖို့ ဒီကနေ့ကစပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။


5 comments:

ကဗျာမလေး said...

မနေ့က သည် ဒီနေ့ ဖြစ်သည် ...
မနက်ဖန်သည်လည်း ဒီနေ့ ဖြစ်လာဦးမည် ပေါ့....နော်
ကိုဝင်းဇော် ရေ... နောက်တ လား နောင်တ လား... မကွဲပြားလို့ပါ... :P

Saing Khan Tun said...

ကိုဝင်းဇော်
ပီမိုးနင်း လုပ်တော့မယ်ထင်တယ် ....
မန္တလာ ပီမိုးနင်းပေါ့ဗျာ .... ကျွန်တော်ကတော့ အနာဂတ်အတွက် ထုဆစ်နေတုန်း ...
မင်းသမီးနာမည်လာမေးတာဗျ .. ဘယ်သူများလဲလို့

Anonymous said...

မနေ့က တစ်ပါးသူတွေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တဲ့ ကိစ္စများရှိရင် ဒီကနေ့ အဲလို အဖြစ်အပျက် မဖြစ်အောင် ဆင်ခြင်တုံတရားထားပြီး မနေ့ကကိစ္စအတွက် နောင်တရမယ့် အခြေအနေကနေ လွတ်မြောက်အောင် ဖန်တီးနိုင်မှာပါ။ လူဆိုတာ အမှားနဲ့ မကင်းနိုင်ဘူးလို့ ဆိုပေမယ့် အမှားနည်းနိုင်သမျှ ဆင်ခြင်ဥာဏ်ကို လွှာသုံးပြီး ကိုယ်လည်းအကျိုးရှိ၊ သူတစ်ပါးလည်း ထိခိုက်နစ်နာမှု မရှိရအောင် လုပ်ဆောင် နိုင်မယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးတွေ ပါပဲ။ ဒီစာသားတွေက အမှန်တွေပါ...
မှားဘူးတာကို နောက်တစ်ကြိမ်မှာ ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ဆင်ခြင်နိုင်ရင် အမှားကင်းသွားမှာပါ

Anonymous said...

နှိုးဆော်ချက် အတွေးကို ဖတ်ရှုသွားပါတယ်.. “အနာဂတ်လှပဖို့ ဆိုတာကလည်း ဒီကနေ့လုပ်တဲ့ လုပ်ဆောင်ချက်တွေက အဆုံးအဖြတ် ပေးတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ မနက်ဖြန်အတွက် အချိန်ကာလတွေကို စက္ကန့်မခြား ဘ၀ရဲ့ အချို အခါးကို သယ်ဆောင်သွား နေတာပဲဖြစ်ပါတယ်။ ဒါဆိုရင် အနာဂတ်ဆိုတဲ့ ကိုယ့်ရဲ့ ကမ္ဘာကြီး သာယာလှပဖို့ ဒီကနေ့ကစပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။..” ဒီစကားလေးကို အမြဲ ကြားယောင်ပြီး တိုက်တွန်းမှု အတိုင်း လုပ်ဆောင်ဖို့ မျှော်လင့်လျက်..

စိုင်းနောင့် said...

ဖြစ်သင့်တဲ့ လုပ်ဆောင်ချက်လေးပါ။
အလုပ်နဲ့ လုံးပန်းနေသူ ကျွန်တော့်အတွက်
မနက်ဖြန်လုပ်ရမယ့် အလုပ်တွေကို
ညဖက်မှာ မအိပ်ခင် ဇယားချရတာပါပဲ။
ချိန်းထားတဲ့အချိန်တွေကို ဖယ်ပြီး အိမ်မှာ ရှိတဲ့ အချိန်တွေကို အလုပ်တွေအတွက် ခွဲဝေပြီး လုပ်ရမြဲပါ။ သိပ်ကောင်းတဲ့ စာလေးပါ။