Sunday, January 4, 2009

မျက်ကပ်မှန်အတွက် အချိန်

မျက်မှန်တစ်လက်ရဲ့ လုပ်ဆောင်ချက်က မျက်လုံးရဲ့ အားနည်းချက်ကို အကူအညီပေး ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ပါဝါမျက်မှန်ဖြစ်စေ၊ မျက်ကပ်မှန်ဖြစ်စေ သူ့လုပ်ဆောင်ချက် တွေကတော့ မျက်လုံးရဲ့ အတွင်း မှန်ဘီလူးကို ချိန်ညှိပေးတယ်။ေ၀၀ါးနေတဲ့ အမြင်ကို ကြည်လင်စေတယ်။ အနီး အဝေး အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပိုမြင်ရအောင် စွမ်းဆောင်ပေးတယ်။ မျက်လုံးရဲ့ မြင်နိုင်စွမ်းအား ပိုကောင်းအောင် ကူညီပေးပါတယ်။

လူတွေရဲ့ မျက်လုံးနှစ်လုံးဟာ သိပ်ကိုစွမ်းပါတယ်။ ဒါကြောင့် လူတိုင်းက မျက်လုံးကို တန်ဖိုးထားကြတယ်။ မျက်လုံးကို ဂရုစိုက်ကြတယ်။ ဒါကြောင့် သူ့ကို ကာကွယ်ဖို့ မျက်မှန်ဆိုတာ ပေါ်လာပါတယ်။ မျက်မှန်ဆိုတာ လိုအပ်လို့ ရှိနေတဲ့ လူ့အသုံးအဆောင် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အလှပဲတပ်တပ်၊ အမြင်မကြင်လင်လို့ပဲ တပ်တပ်၊ စတိုင်လ်ထုတ်ဖို့ နေကာမျက်မှန်ပဲ တပ်တပ် ခေတ်ရေစီးကြောင်းကို ဖြည့်ဆည်းပေးတဲ့ ဇိမ်ခံပစ္စည်း ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် မျက်မှန်တပ်ပြီ ဆိုကတည်းက သူ့ကို ထိန်းသိမ်းဖို့ အတွက်တော့ နည်းနည်းရှုပ်မယ်၊ အလုပ်ပိုလာမယ် ဆိုတာ ဧကန်မလွဲပါပဲ။ မျက်မှန် တပ်နေကျမဟုတ်ရင် အိမ်ပြင် ထွက်တာနဲ့ အိမ်မှာကျန်ခဲ့ တတ်တယ်။ ဒါမှမဟုတ် လူကအိမ်ပြန်ရောက် ပေမယ့် ကိုယ့်မျက်မှန်က ဘယ်ဆီ ကျန်နေခဲ့မှန်းမသိတဲ့ ကိစ္စယဉ်ယဉ်လေး တွေကိုလည်း ကြုံတွေ့ရမှာပါ။ နောက်ပြီး ပါဝါမျက်မှန် ထူထူကြီး ကလည်း ငယ်ရွယ်တဲ့ ကိုယ့်စတိုင်လ်ကို အမြင်မလှအောင် ဂူသွင်းပေးတတ် ပါတယ်။ ဒီဒုက္ခတွေက ကင်းဝေးဖို့ မျက်ကပ်မှန် ဆိုတာ ပေါ်လာပါတယ်။

မျက်ကပ်မှန်ဟာ မျက်မှန် အထူကြီးတပ်ရတဲ့ ဒုက္ခ၊ ကိုယ့်မျက်မှန်ကို ကိုယ်ပြန်ပြန် ချိုးမိတဲ့ ဒုက္ခ၊ မကြာခဏ ပျောက်တတ်တဲ့ ဒုက္ခတွေကနေ ကင်းဝေးစေပါတယ်။ အိမ်မှာ အဒေါ်အပျိုကြီး ၂ယောက် ရှိပါတယ်။ မျက်စိအမြင် ချို့ယွင်းခြင်း ဘာမှ မရှိပါဘဲနဲ့ မြန်မာ မော်ဒယ်လ်ကောင်မလေး တစ်ယောက်ရဲ့ မျက်လုံးပြာပြာ လေးကို အားကျပြီး ၂ ဦးသား အတိုင်အဖောက် ညီညီနဲ့ မျက်ကပ်မှန် ပြာပြာလေးကို တပ်ခဲ့ကြပါတယ်။ အမြင်တော့ ကြည့်လို့လှသွားပါတယ်။ အသက်လည်း ၀င်တယ်။ ဒါပေမယ့် နောက်ဆက်တွဲ လုပ်ဆောင်ရတဲ့၊ လိုက်နာရမယ့် စည်းကမ်းချက်တွေက များတော့ အလုပ်ပိုစေခဲ့ပါတယ်။ ဒါကြောင့် အမြင်မကြည် လို့ပဲတပ်တပ်၊ အလှပဲတပ်တပ်၊ မျက်ကပ်မှန်က အလွန်ဂရုစိုက်ရပါတယ်။ မျက်ကပ်မှန်ကို ဂရုမစိုက်မိရင် မျက်ကြည်လွှာ ကိုထိခိုက်စေခြင်း၊ ပိုးဝင်ခြင်း၊ အမြင်အာရုံေ၀၀ါးစေခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မျက်ကပ်မှန် တပ်သူများအနေနဲ့ အောက်ပါအချက် တွေကိုလိုက်နာ သင့်ကြောင်း ဖော်ပြလိုက်ပါတယ်

  • အိပ်ရာမ၀င်ခင် မျက်ကပ်မှန်ကို ချွတ်ပါ .. .. ။ မျက်ကပ်မှန်ကို အိပ်နေချိန်မှာ တပ်ထားခြင်းဟာ မျက်လုံးဆီကို သွားမယ့် အောက်ဆီဂျင်နဲ့ အစိုဓာတ်တွေကို လျော့နည်း စေပါတယ်။ ဒါဟာ မျက်လုံးမှာ ရောဂါပိုးတွေ ၀င်အောင် လုပ်ဆောင်သလို ဖြစ်နေပါမယ်။

  • မျက်ကပ်မှန်ကို ပုံမှန်ဆေးကြောပါ .. .. ။ မျက်ကပ်မှန်ကို ချွတ်တိုင်း ဆေးကြောရပါမယ်။ နောက်တစ်ကြိမ် ပြန်အသုံးမပြုခင်မှာ ပိုးမွှားကင်းရှင်းအောင် လုပ်ဆောင်ရပါမယ်။

  • မျက်ကပ်မှန်ထားတဲ့ ခွက်ကို သန့်ရှင်းပါစေ .. .. ။ မျက်ကပ်မှန်ကို အသုံးပြုဖို့ ထုတ်ပြီးတာနဲ့ မျက်ကပ်မှန် ထည့်တဲ့ခွက်ကို ဆေးကြောပြီး ခြောက်သွေ့သန့်ရှင်းအောင် ထားရပါမယ်။ မျက်ကပ်မှန် ထည့်ခွက်ကို ၆ လ တစ်ကြိမ် လဲလှယ်ပေးရပါမယ်။

  • ကောင်းမွန်တဲ့ မျက်ကပ်မှန် ဆေးရည်ကိုသုံးပါ .. .. ။ မျက်ကပ်မှန် အားလုံးအတွက် သန့်ရှင်းပြီး အမျိုးအစား ကောင်းတဲ့ မျက်ကပ်မှန် ဆေးရည်ကို အသုံးပြုရပါမယ်။

  • မျက်ကပ်မှန်ကို တံတွေးနဲ့ မစိုပါစေနဲ့။ ပါးစပ်ထဲ မထည့်မိပါစေနဲ့ .. .. ။ တံတွေးထဲမှာ ဘက်တီးရီးယား တွေ ပါတတ်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်ကို တံတွေးဆွတ်ပြီး အစိုဓာတ်ရအောင် မပြုလုပ်မိအောင် သတိထား ရပါမယ်။

  • ရေကူးလျှင် မျက်ကပ်မှန် ချွတ်ထားပါ .. .. ။ ရေကူးကန်ထဲမှာ ရှိတဲ့ အမှိုက်များ၊ ဓာတုပစ္စည်းများ၊ ပိုးမွှားများက မျက်လုံး၊ မျက်ကပ်မှန်ထဲကို အောင်းပြီး မျက်စိကို အန္တရာယ်ပေးနိုင်ပါတယ်။

မျက်ကပ်မှန်ကြောင့် အမြင်လှပ စေနိုင်ပေမယ့် မျက်ကပ်မှန်ကို အချိန်ပေး ယုယရသည်ကလည်း ဒုက္ခ သေးသေးလေးတော့ မဟုတ်တာကို မျက်မြင် ကိုယ်တွေ့ပါ။ မျက်ကပ်မှန်ကို တပ်ဖို့ ချွတ်ဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်ထဲကနေ ဖဲ့ပေးရမှာကိုလည်း သိထားရပါမယ်။ အခန့်မသင့်ခဲ့ရင်တော့ နားလည် တတ်ကျွမ်းတဲ့ မျက်မှန်ဆိုင်ကိုသာ ပြေးပေတော့ လို့ပဲ ရေးသား တင်ပြလိုက်ပါတယ်။

7 comments:

မြတ်သွယ် said...

ပုလဲကမျက်ကပ်မှန်မတပ်ဘူး ဒါပေမယ့်မျက်မှန်တော့တပ်တယ် ...
မျက်ကပ်မှန်ရဲ့အကျိုးလေးတွေကိုဖတ်သွားပါတယ်
ဒါပေမယ့်ကြောက်တယ်
သူက အရမ်းဂရုစိုက်ရမှာလေ
မျက်လုံးကလည်းအရေးကြီးတယ်ဆိုတော့တပ်ရဲဘူး
ကိုဝင်းဇော်ရဲ့မျှဝေခြင်းအတွက်ကျေးဇူးပါ :)

Anonymous said...

ကျွန်တော် မျက်ကပ်မှန် ကောင်းကောင်းတပ်ဖူးတာပေါ့ဗျာ ...
သုံးနှစ်လောက် တပ်ဖူးတယ် ... အဲဒါကြောင့် မျက်ကပ်မှန်အကြောင်းကို ကောင်းကောင်းသိတယ်၊ ကိုယ်ချင်းစာမိတယ်၊ မျက်ကပ်မှန် တပ်ရတဲ့အခါ မျက်နှာပေါ့ပါးပြီး ရှင်းလင်းတယ်၊ ဘောလုံးကန်လို့ရတယ်၊ မျက်မှန်ဒေါက်ကြောင့် နှာခေါင်းလေးနေတာမရှိတော့ဘူး အဆင်ပြေတယ် ... ဒါပေမယ့် ထိန်းသိမ်းရတာ အလုပ်ရှုပ်တဲ့အပြင် သိပ်ကို ကရိကထများတယ် အဲဒါကြောင့် မျက်မှန်ကိုပဲ ပြန်ပြောင်းတပ်တော့တယ် ... မျက်မှန်နဲ့ ကျတော့ ပိုလည်း ခန့်သွားတယ်လေ ... အခုပိုစ့်လေးအတွက် အထူးကျေးဇူးပါဗျာ ...

Anonymous said...

မောင်လေးပြောသလိုပါပဲ။ အရင်က မျက်ကပ်မှန်ကို တပ်ချင်စိတ် ရှိခဲ့သေးတယ်။ ဆရာဝန်နဲ့ တိုင်ပင်ကြည့်မှ လွယ်ကူတဲ့ အလုပ် မဟုတ်မှန်းသိရတယ်။ သန့်ရှင်းဖို့က သိပ်အရေး ကြီးတယ်လေ၊ နောက် မနက်တစ်ခါ ညအိပ်ယာဝင်တစ် အချိန်လည်း သိပ်ပေးရမယ် ဆိုတာ့ မတပ်ဖြစ်တော့တာ။ ကျေးဇူးး။

Anonymous said...

မျက်မှန်တော့မတတ်ရသေးဘူးကိုဝင်းဇော် တတ်လည်းမတတ်ချင်ဘူး အလုပ်ရှုပ်လို့ မျက်ကပ်မှန်တပ်ရင်လည်း အလုပ်ရှုပ်တယ်. မျက်မှန်တတ်ရကတည်းကကောင်းတော့ဘူး မျက်ကပ်မှန်တပ်ရတော့မယ်ဆိုရင် ကိုဝင်းဇော်ရေးတဲ့ အချက်တွေကို သေချာဂရုစိုက်ရမယ်
ကျေးဇူးပါ

စိုင်းနောင့် said...

ငယ်သေးတော့ မျက်မှန်မတပ်ဖြစ်သေးဘူး။ စတိုင်လ်မျက်မှန်တွေတော့ ၃ - ၄လက်ရှိတယ်။ အမြဲမတပ်ဖြစ်ပါဘူး။ ခရီးသွားရင်တော့ သုံးဖြစ် ပါတယ်။ မျက်ကပ်မှန်တော့ မလုပ်ဖြစ်ဘူး။ ကြောက်လို့ ကိုယ့်မျက်စေ့ကို ကိုယ်မကိုင်ရဲဘူး။

mirror said...

အရင်ဟာတွေ ပြန်ဖတ်ရင်းက မန့်ချင်လာလို့။

မျက်မှန်တပ်တာ ကြာလာတော့ သူငယ်ချင်းကပြောတယ်။
မျက်လုံးက မှိန်မှိန်လာပီတဲ့။ဒါကြောင့် မျက်ကပ်မှန်ပြောင်းတပ်ပါတဲ့။သူမြှောက်ပေးလို့ လုပ်ထည့်လိုက်တာ။လားလား...ကိုယ့်စိတ်နဲ့ ဘယ်လိုမှမဖြစ်။
ဒါကြောင့်ပဲ တစ်လတောင်မကြာဘူး။ဒုံရင်း၊ဒုံရင်းပြန်ရောက်သွားပါလေ...ရော...။

Pyi Phyo Aung said...

၂၀၀၆ ကစပြီး မျက်ကပ်မှန်တစ်နှစ်တပ် မျက်မှန်တစ်နှစ်တပ်နဲ့နေလာတာ အခုထိတော့ အဆင်ပြေသေးတယ်..
အလုပ်တော့ ရှုပ်တာပေါ့.. ပါဝါများတော့ မျက်ကပ်မှန်နဲ့က ပိုအဆင်ပြေနေတယ်...