Thursday, January 1, 2009

လုံခြုံစေချင်တယ်

ခေတ်ရေစီးကြောင်းတွေ တဟုန်ထိုး ပြောင်းလဲမှုအောက်မှာ ကျွန်တော်တို့ လူငယ်တွေရဲ့ ၀တ်ပုံ၊ စားပုံ နေထိုင် သွားလာပုံတွေဟာ ခေတ်နဲ့ အညီဖြစ်စေ၊ ခေတ်မီသည် ဖြစ်စေ၊ ခေတ်လွန်၍ ဖြစ်စေ လျင်မြန်စွာနဲ့ ပြောင်းလဲနေတာ အမှန်ပါ။ ပြောင်းလဲတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိတဲ့ ရုပ်ဝတ္ထုများ တိုးတက်လာတာ ရှိသလို ဆုတ်ယုတ်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ တွေလည်း ရှိပါတယ်။ ကမ္ဘာ့ရွာ ဖြစ်တည်မှုကို အကြောင်းပြပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု ယဉ်ကျေးမှုတွေ ယှက်နွယ်နိုင်ပေမယ့်လည်း အခြေခံ ယဉ်ကျေးမှုခြင်း မတူညီတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ပုံတူကူးယူလို့ မဖြစ်သင့်တဲ့အကြောင်းကို ညီငယ်၊ ညီမငယ်တွေကို သတိမူ စေချင်ပါတယ်။

မြို့ထဲသွားဖြစ်တိုင်း ရောက်လေ့ရှိတဲ့ နေရာကတော့ ဗိုလ်ချုပ်လမ်းမပေါ်နဲ့ ဗိုလ်ချုပ်ဈေး ၀န်းကျင်ကိုပဲ အရောက်များပါတယ်။ နောက် ထရိတ်ဒါးဟိုတယ်ကို ပတ်ပြီး ဆူးလေဘုရားလမ်းက ဘတ်စ်ကားမှတ်တိုင်ပါ။ သွားလာလှုပ်ရှားနေတဲ့ မြင်ကွင်းထဲမှာ ထူးခြားတာကတော့ ကောင်မလေးတွေ အပေါ်ပိုင်း ဟတတ နဲ့မလုံမခြုံရယ်ပါ။ ပူတဲ့ရာသီကြောင့် ပါးလွှာတာကလည်း တစ်ပိုင်းပေါ့။ ခန္ဓာအပေါ်ပိုင်း အရှက်လုံရုံသာသာ အင်္ကျီလေးနဲ့ဖြစ်တယ်။ အောက်ပိုင်းမှာတော့ ချက်အောက် ရောက်အောင် ဂွတိုတို ဘောင်းဘီတွေ ၀တ်တယ်။ စကပ်ပါးလှပ်လှပ် လေးတွေ ၀တ်တယ်။ ဘောင်တစ်ဝက်ကျော်တဲ့ ဘောင်းဘီတိုလေးတွေ ၀တ်တယ်။ လူမြင်ကွင်းအလယ်မှာ မတင့်တယ်တာ အမှန်ပါ။ စေ့စေ့ မကြည့်ရက်နိုင်အောင် ပိုမိုဝတ်ဆင် လာကြတာကို သတိထားမိတယ်။ ဘောင်းဘီဂွတွေ တိုတော့ အနောက်ကကြည့်ရင် အတွင်းခံကိုတောင် မမြင်ချင်ပါပဲ တွေ့နေရတယ်။ အသစ်ဆိုရင်တော့ ခံသာပါသေးရဲ့။ အသားဖြူရင်တော့ တစ်မျိုးပေါ့။

တစ်ရက် ရှစ်မိုင် ရွှေဘဲစားသောက်ဆိုင် ရှေ့တည့်တည့်က သန်းဖေလေး စမူဆာသုတ် ဆိုင်ကို သွားစားဖြစ်တယ်။ အခန်းကျဉ်းကျဉ်းပေါ်မှာ ထိုင်ခုံပုလေးတွေနဲ့ ထိုင်စားရတာ။ နေခင်းဘက်ဆိုတော့ နေရာမရဘူး။ ဒါနဲ့ ဆိုင်အောက်ဖက် လမ်းမပေါ်ခုံပုလေးနဲ့ပဲ ထိုင်စားဖြစ်တယ်။ ကားလာရင် ကိုယ်က ထပြီး လမ်းဘေးကပ် ပေးရတယ်။ စမူဆာသုတ်က ငရုတ်သီးမထည့်ဘဲ ပုံမှန်စားရင်တောင် တော်တော်လေးကို စပ်နေပါသေးတယ်။ အစပ်ကြိုက်သူများတော့ ခပ်စပ်စပ်နဲ့ မှာစားကြတယ်။ ဒီလိုနဲ့ ဟင်းရည်ခွက်ကို ငုံ့အသောက် မျက်လုံးက ဆိုင်အပေါ်ဘက်မှာ စားနေကြတဲ့ ကောင်မလေး တစ်သိုက်ဆီကို ရောက်သွားတယ်။ ကျောပေးထိုင်တဲ့ ကောင်မလေးရဲ့ အင်္ကျီနောက်ခြမ်းမှာ ကြိုးမျှင်မျှင်လေး တစ်ချောင်းပဲ ပါတယ်။ ခါးကနေ ကျောတပြင်လုံး အတိုင်းသား မြင်နေရတယ်။ ဘေးတိုက်ထိုင်တဲ့ ကောင်မလေးရဲ့ ဘောင်းဘီတိုကြောင့် တင်ပါးပေါ်လု ပေါ်ခင်ဖြစ်နေပြီး ပါးလွှာတဲ့ အတွင်းခံကြောင့် ထင်သာမြင်သာ တွေ့နေရတယ်။ ဂျင်းစကတ် ၀တ်ထားတဲ့ မျက်နှာချင်းဆိုင်က ကောင်မလေးရဲ့ ပေါင်နှစ်ခုက စုနေပေမယ့် အောက်ကကြည့်နေမို့ အားလုံးအထင်းသားပါပဲ။ အော် မလုံခြုံလိုက်ပုံများ ရင်လေးမိပါတယ်။ မကြည့်သင့် ပေမယ့် မျက်စေ့ရှေ့မှာ မြင်နေရတော့ ကြည့်မိဖြစ်သွားတယ်။

ဝတ်စားဆင်ယင်တာကို ခေတ်နဲ့လျော်ညီစွာ ၀တ်ဆင်တာကိုတော့ အပြစ်မဆိုသာ ပါဘူး။ ဒါပေမယ့် အပျိုလေးတွေ တန်မဲ့ အပျိုဂုဏ်ပုဒ် ကျဆင်းစေလောက်အောင် ၀တ်စားတာကိုတော့ သတိကြီးစွာနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ မြန်မာ အမျိုးသမီးကောင်း လေးတွေ ကိုယ့်ယဉ်ကျေးမှုကို ဘာလို့များ ခိုင်မြဲအောင် မထိန်းသိမ်း နိုင်ရပါသလဲ။ မေးခွန်းထုတ်စရာပါ။

မိမိဥစ္စာပစ္စည်းကို မိမိလုံခြုံအောင် သိမ်းဆည်းထားပါမှ သူခိုးသူဝှက်တို့ ရန်ကနေ ကင်းဝေးမှာပါ။ ဒီလိုပါပဲ မိမိတို့ရဲ့ ၀တ်စား ဆင်ယင်မှုတွေကို လုံခြုံအောင် ၀တ်စားဆင်ယင်နိုင်ပါမှ ယဉ်ကျေးမှု အရှက်သိက္ခာကို မပွန်းပဲ့အောင်၊ လူအများ အထင်သေး မခံရအောင် စောင့်ရှောက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ မိမိဂုဏ်သိက္ခာ၊ မိမိအပျိုဂုဏ်တွေ မလျော့ပါးစေဖို့၊ အထင်သေး အမြင်သေး မခံရစေဖို့ မြန်မာမိန်းကလေးများ လုံခြုံမှု ရှိကြပါလို့ တိုက်တွန်းချင်ပါတယ်။

13 comments:

mirror said...

ကိုယ်လဲ မိန်းကလေးတစ်ယောက်ပါ..။ဒီကိစ္စကို အပြည့်အ၀ လက်ခံပြီး ကိုဝဲကမ်းကြီးရဲ့ ပိုစ့်ကိုသေချာ လေးနက်စွာဖတ်သွားပါတယ်..။

တောင်ပေါ်သား said...

အကိုရေ အခုက ခေတ်နဲ့ အညီဆိုပြီး လိုက်လုပ်နေကြတာများပါတယ်။ တကယ် ကိုယ်နဲ့ အဆင်ပြေမပြေ မကြည့်ကြပဲ ဒီလို ၀တ်စားတာတွေ ရပ်သင့်ပါပြီ။ ကျနော်လဲ တခေါက် ရေးဖူးပါသေးတယ်။ နောက်တခါ ဓါတ်ပုံရိုက်လာခဲ့ဗျာ ဟီးးးး ကြည့်ဖူးတာပေါ့ နော့် မြန်မာအမျိုးသမီးလေးတွေ အကိုလဲ ငရုတ်သီးမလိုတော့ဘူးပေါ့ စား စား အကိုရေ

:P said...

ကိုဝင်းဇော်ရေ...
ကျွန်မ စိတ်ထဲရှိနေတာတွေ
ကိုဝင်းဇော်က ချရေးလိုက်သလိုပါပဲ။

ဟန်လင်းထွန်း said...

အဓိကတော့ ပြောဆို ဆုံးမမဲ့သူမရှိတာက စတာလို့မြင်မိတယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင်က ခေတ်ဆိုတာကို ဘယ်လိုနားလည်းထားသလဲ ပြီးတော့ ကိုယ်ရဲ့ ယဉ်ကျေးမှုဆိုတာကို ကောင်းကောင်းနားမလည်သူတွေ တော်တော်များများ အဲ့ဒီလိုမျိုးတွေ ၀တ်တက်စားတက်ကြတယ်

အဓိကကတော့ ပြောဆို ဆုံးမမယ့်သူမရှိတာထက်ကိုယ်ကိုတိုင်က အသိတရားမရှိတာ ပိုဆိုးတယ်။

ခံယူလည်းမရှိ တော့ ပိုဆိုးတာပေါ့

Anonymous said...

အင်း...ဟုတ်တယ် ဒါမျိုးလေးတွေ ရေးသင့်တယ် ကိုယ်တိုငတော့ သိပေမယ့်မရေးရဲဘူး မေတ္တာပို့မှာကြောက်လို့ အစ်ကို့ကိုတော့ လေးစားသွားပြီး ခေတ် ခေတ်ဆိုတာကို ခုတုံးလုပ်ပြီး ခေတ်ဆန်လာလိုက်တာ ကြောက်စရာ ဒါမျိုးတွေမှာ ယောက်ျားလေးတွေထပ် သူတို့လေးတွေ က ပိုခေတ်နေတာကလည်း ရင်လေးစရာ ။ တားလို့ရမယ်မထင် သူကခေတ်ကိုးးဗျ =)

Anonymous said...

ဟုတ်တယ်အကိုရေ... အခုလိုလေး သတိပေးထားတော့ ကောင်းတယ်..အဆင်ပြေပါစေဗျာ

ညီအကိုများ said...

မှန်လိုက်လေခြင်းကိုဝင်းဇော်ရယ်..

နှစ်သစ်မှာ လုံခြုံနိုင်ကြပါစေဗျာ..

မိုးကြယ်

khin oo may said...

ကျန်းမာချမ်းသာကြောင်းလာပြောသွားပါတယ်။ ဟိ

Anonymous said...

ကိုဝင်းဇော်ရေ ... ဒီပို့စ်လေးကိုနှစ်သက်မိကြောင်းလေး ပြောချင်ပါတယ် ... သူ့နေရာနဲ့သူဝတ်စားဆင်ယင်တတ်ရင်တော့
အကောင်းဆုံးပါပဲ။ ပြောမိပြန်ရင်လဲ ကိုယ်ကပုံတုံးပဲဝတ်တတ်လို့မို့လို့ ပြောတယ်ဖြစ်တယ်.... ဒါကြောင့်မို့ ဒီပို့စ်ကို အပြည့်အ၀ထောက်ခံပါကြောင်း .....

Anonymous said...

ဆရာမန်း..
အပြည့်အ၀ ထောက်ခံတဲ့ပိုစ့်ကောင်းလေးပါပဲ... Live Show တစ်ခွေမှာဆို Lဆိုင်းဇီက ရင်လျားဒီဇိုင်းနဲ့ ဆိုထားတာတောင် ကြည့်ရတယ်ဆရာ... ဒါမျိုးကျတော့ ဆင်ဆာဆရာတွေ မျက်စိအရသာခံလိုက်ပုံရတယ်... ဇော်ဝင်ထွဋ်တို့ ဆံပင်အရှည်နဲ့ သီချင်းဆိုတဲ့ Live Show ကျတော့ ဆံပင်အရှည်ထားပုံက ယဉ်ကျေးမှုနဲ့ မကိုက်လို့ဆိုပြီး ဆင်ဆာဖြတ်တယ်...

ခေတ်နဲ့အညီဆိုတဲ့ စကားလုံးက မိန်းကလေးတချို့ ၀တ်ချင်တိုင်းဝတ်ဖို့ အားပေးနေသလိုပါပဲ... ကျနော်တို့ လက်ရှိရောက်နေတဲ့ နေရာက ဗမာမတော်တော်များများကတော့ ကမ်းခြေတွေမှာ တွေ့ရင် ဗမာမှန်းမသိရလောက်အောင်ကို ၀တ်တတ်စားတတ်နေပြီ ဆရာရေ...

မိုးကြယ်စကားနဲ့ပဲ နှစ်သစ်အတွက် ဆုတောင်းခဲ့ချင်တယ်...
“နှစ်သစ်မှာ လုံခြုံနိုင်ကြပါစေဗျာ”...လို့...

Anonymous said...

ကြည့်လို့ မကောင်းပေမယ့်
ကြည့်ကောင်းကောင်းနဲ့တော့ ကြည့်ခဲ့သေးတယ် မဟုတ်လား။
စမူဆာသုတ်ရော အရသာရှိသေးရဲ့လား?

နှစ်သစ်မှာ လူတိုင်း လူတိုင်း လုံခြုံနိုင်ပါစေနော်

စိုင်းနောင့် said...

ဟုတ်-မဟုတ် ရန်ကုန်ရောက်ရင် လာကြည့်မယ်၊ ဒီမှာက အေးတော့ ဖော်တာ ပေါ်တာမတွေ့ရဘူး။ ဖတ်လို့ကောင်းတယ်

Anonymous said...

added to my rss reader