Tuesday, November 18, 2008

မိတ်ဆွေဆိုလားပဲ


မိတ်ဆွေဆိုလားပဲ

စာတွေ၊ ကဗျာတွေနဲ့ နေထိုင်ရတာ အလွန်မှပဲ စိတ်ကိုပျော်ရွှင် ကြည်နူးစေပါတယ်။ ဘာအရသာနဲ့မှ မတူတဲ့ အရသာနဲ့ ပြည့်စုံလှပါတယ်။ တစ်ခါတလေ စိတ်ထဲမှာ နေလောင်ခံရသလိုမျိုး မရွှင်လန်းရင်၊ ရည်းစားပူမိလို့ စိတ်ပျက် နွမ်းလျနေရင်၊ ကွန်ပျူတာ အကြည့်များလို့ ခေါင်းတစ်ခုလုံး ထုံထိုင်းနောက်ကျိ နေရင် ကျွန်တော်တော့ သက်သာရာ သက်သာကြောင်း အဖြစ်နဲ့ ကုစားဖို့ရာ နည်းလမ်းတွေ အများကြီးထဲက စာတွေဖတ်တယ်၊ ကဗျာတွေ ဖတ်တယ်။ သူများတွေရဲ့ ကဗျာကို ဖတ်ပြီး ခံစားသလို ကိုယ်ကိုယ်တိုင်လည်း မတတ်တခေါက်နဲ့ ဖန်တီးထားတာလေးကို ပြန်ဖတ်ဖြစ်ပါတယ်။ ဒီနေ့လည်း ကိုးနတ်ရှင် ကောင်းမှုနဲ့ စာတွေ ကဗျာတွေကိုပဲ ဖတ်နေမိပါတယ်။ စာတွေဆိုတာက သတင်းစာ၊ အားကစားဂျာနယ်ကနေ ဗဟုသုတရစေမယ့် စာအုပ် စာစောင် အစုံစုံကို ဖတ်ပါတယ်။ ကလောင် မရွေးဘူး၊ စာပါအကြောင်းအရာ မရွေးဘူး ဖတ်တယ်။ စာရေးသူတွေရဲ့ စေတနာကို အပြည့်အ၀ ထောက်ခံတယ်။ ဒါကြောင့် အားလုံး ဖတ်ဖြစ်တယ်။ ဘလောဂ့်မှာ ကြပြန်တော့ အချိန်ကန့်သတ်ချက် ရှိတယ်။ အခြေအနေ အချိန်အခါ ကြည့်ရတယ်။ ဘယ်အချိန် မီးပျက်မလဲ၊ ကိုးနတ်ရှင် ဘယ်အချိန် ကျမလဲနဲ့ပေါ့။

ဒီကနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို သွားလည်တော့ သူခင်မျာ တစ်ယောက်ထည်း အဖော်မယ့်နေတဲ့ အပြင်၊ သူယုံကြည်ခဲ့တဲ့ မိတ်ဆွေကလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားလို့ ဆိုတာ သိရပါတယ်။ ဒါနဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ သက်ဆိုင်ပြီး ဒီပို့စ်လေး ရေးလိုက်မိပါတယ်။ မိတ်ကောင်း ဆွေကောင်း မိတ်ဆွေစစ်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်ပါသလဲပေါ့လေ။

မိတ်ဆွေ သူငယ်ချင်း ဆိုတာ မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင် ပေးတတ်တယ်။ မိမိက သတိလက်လွတ် ဖြစ်လို့ပဲ ဖြစ်စေ၊ တခြားအခြေအနေ တစ်ရပ်ရပ် ကြောင့်ပဲဖြစ်စေ မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမူမိတဲ့ အပြုအမူမျိုး ဖြစ်ခဲ့ရင်လည်း သည်းခံတတ် ရတယ်။ မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြား စေလိုတဲ့ စကားကိုပြောတဲ့ အခါမှာလည်း အဲဒီစကား မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်ရတယ်။ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာရင်လည်း မိမိကို ကျောခိုင်း စွန့်ခွာမသွားဘူး။ ချန်မပစ်ခဲ့ဘူး။ အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်းလျှောဆင်း နိမ့်ကျသွားတဲ့အခါ မျိုးမှာလည်း မိမိကို မထေမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး .. တဲ့။

မိတ်ဆွေစစ်ဆိုတာ ကိုယ်က ချမ်းသာရင် အောင်မြင်ရင် ကျော်ကြားသွားရင်လည်း မနာလို မရှုစိမ့် မဖြစ်ဘူး။ မိမိနဲ့ ထပ်တူစွာပဲ (ဥပက္ခောစိတ်နဲ့) ၀မ်းသာနေ တတ်ပါတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှုကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ တစ်ခြားသူတွေကိုတောင် တစ်ဆင့် ပြန်ပြောပြနေတတ်ပါသေးတယ်။ မိတ်ကောင်း ဆွေကောင်း ဆိုတာ သဒ္ဒါတရားနဲ့ ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ်။ အကြားအမြင် ဗဟုသုတ များတယ်။ ၀န်တိုခြင်း မရှိဘူး။ ပညာနဲ့လည်း ပြည့်စုံတဲ့ ပညာတတ်ဖြစ်တယ်။ ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာ ကြုံတွေ့ရရင် သိပ်ကို အေးချမ်း ပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာပါ။ လူဖြစ်ရကျိုးနပ်တယ် လို့တောင် ပြောနိုင်ပါတယ်။

စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ မိတ်ကောင်းဆွေကောင်း ဆိုတာမျိုးဟာ စိန်ကောင်း ကျောက်ကောင်းလို ရှားပါတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး ကဲ့ရဲ့ အပြစ်မြင်ချင်သူ မီးဖုတ်ကျောက်လို အတုအယောင် မိတ်ဆွေတွေက အများသားပါ။

အခက်အခဲတွေ၊ အန္တရာယ်ရန်စွယ်တွေ၊ မိုးသားတွေ ကင်းစင်ပြီး အရာခပ်သိမ်း အေးချမ်းနေတဲ့ အချိန်မျိုးမှာ၊ ဒါမှမဟုတ် သူ့ရဲ့လိုအပ်ချက်မှန်သမျှ ကူညီနေတဲ့ အချိန်မျိုးမှာ အပေါင်းအသင်း မိတ်ဆွေတွေက လက်နဲ့ သပ်ချလို့ မကုန်နိုင်အောင် များပြားလွန်းလှ ပါတယ်။ ကိုယ်ရီမောနေတဲ့ အချိန်မှာ ကိုယ်နဲ့ လိုက်ပြီး ရီမောမယ့်သူတွေ များလှပေမယ့် ငိုခန်းနဲ့ ကြုံလာတဲ့အခါ ကိုယ်တစ်ယောက်ထဲပဲ ရှိနေလိမ့်မယ်ဆိုတာ နားလည်ပါ သူငယ်ချင်း

သာမန်အချိန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အဖြစ်နဲ့ ပြေလည်နေမယ် ထင်ရပေမယ့် မက်မောလောက်တဲ့ အခွင့်အရေး တစ်ခုခု၊ ရစရာ တစ်ခုခု ရှိလာပြီဆိုရင် မိတ်ဆွေအဖြစ်ကနေ ရန်သူပြိုင်ဘက် တွေအဖြစ်နဲ့ ရောက်ရှိသွားတတ်တာ တွေ့ဖူးပါတယ်။ အဲဒီမှာ ရစရာရှိတဲ့ အခွင့်အရေးတွေ၊ အခြေအနေကောင်း တွေကို ကွယ်လွှင့်ပျက်စီး ဆုံးပါးသွားစေလိုတဲ့ ဝန်တိုမစ္ဆရိယစိတ် များ တဖွားဖွား ပေါ်လာတတ်ပါတယ်။ ငါသာယူမယ်၊ ငါသာရစေမယ်ဆိုတဲ့ အတ္တစိတ်နဲ့ တစ်ဖက်လူကို မကြည်ဖြူနိုင်တော့ဘဲ ပျက်စီးသွားအောင် မှုတ်ထုတ် ဖျက်ဆီးတတ်ရုံသာမက မိတ်ဆွေစာရင်းကနေ မသိမသာ ဖယ်ရှားလို့ ရန်သူစာရင်းကို သွတ်သွင်းတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ ရှိခဲ့သည် ဆိုပါလျှင် .. .. ..

သူငယ်ချင်း ရေ ...
အခက်အခဲနဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုး၊ ကိုယ်လွတ်ရုန်း သွားတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးနဲ့ နောက်နောင် ဘယ်သောအခါမှ ခရီး အတူတူ မသွားပါနဲ့လို့ပဲ အမှာစကား ပြောလိုက်ချင်ပါတယ်။


13 comments:

ခေါင်ခေါင် said...

လာရောက် ခံစားသွားပါတယ်..

Dr Phyo Wai Kyaw said...

နန္ဒာသိန်းဇံ၏ မိတ်ဆွေကောင်းနှင့်ခရီးသွားခြင်း
ကိုသတိရမိပါကြောင်း။

ပျံသန်းခြင်းရပ်ဝန်း said...

မိတ်ဆွေကောင်း ဆိုတာ အခက်ခဲတွေ့မှပေါ်လာတတ်တယ်ဗျို့..
သာမန်အားဖြင့်တော့ သိရခက်ပါတယ်..

Anonymous said...

မိတ်ကောင်းဆွေကောင်းနဲ့ကြုံပါစေဗျာ
အဆင်ပြေပါစေဗျာ
အားပေးလျက်ပါ

Anonymous said...

သူငယ်ချင်းရဲ့ တန်ဖိုးကို ပိုမိုသိနားလည်သဘောပေါက်ခဲ့ပါတယ် ကိုဝင်းဇော်ခင်ဗျား ... သိပ်ကို တန်ဖိုးရှိတဲ့ ပိုစ့်ကောင်းလေးတစ်ခု ဖြစ်ပါကြောင်း ... ။

ခင်မင်လေးစားစွာဖြင့်

ကဗျာမလေး said...

စိန်ကောင်း ကျောက်ကောင်း က မရှားပါဘူး ကိုဝင်းဇော်
မိတ်ဆွေကောင်းသာလျှင် ရှားပါးတာပါ...။

:P said...

ဒီပိုစ့်ကိုဖတ်ပြီး ပြန်စဉ်းစားကြည့်တဲ့အခါ မိမိမှာ စိန်ကောင်းကျောက်ကောင်း
၅ ပွင့်ခန့်ရှိနေတာသတိထားမိလို့ ပျော်သွားမိတယ်။

Heart Breaker said...

စောစောထပြေးပြီး ကျန်းမာရေးယူလိုက်အုန်းမယ်ဗျာ၊ ခုမှ သတိရတယ်။ မိတ်ဆွေ = သူငယ်ချင်း = ဘော်ဒါ = အကြွေး
ပြန်မရသေးဘူး ။။။။

စိုင်းနောင့် said...

ကျွန်တော့်မှာလည်း စိန်ကောင်း ကျောက်ကောင်းတွေ ပေါသား။ စေတနာတွေအတွက် ကျေးဇူးတင်ရှိကြောင်းပါ။

su wai said...

မိတ်ဆွေစစ် မိတ်ဆွေကောင်းက စိန်ကောင်း ကျောက်ကောင်းထက်ကို ရှားပါးပါတယ် ကိုဝင်းဇော်ရေ…ဘ၀မှာ စစ်မှန်တဲ့ မိတ်ဆွေကောင်းတစ်ယောက်လောက်သာ ရထားပြီဆိုရင် တော်တော်ကံကောင်းတယ်လို့ ပြောရမယ်

မသက်ဇင် said...

ကိုဝင်းဇော်ရေ---
မိတ်ဆွေကောင်းပိုစ့်လေးကိုလာဖတ်ပါတယ်---
ကိုယ်ကတော့--မိတ်ဆွေကောင်းဆိုပြီး--ယုံကြည်ချက်လည်း
တူတယ်ဆိုပြီးပေါင်းခဲ့ဘူးတယ်--ကိုယ့်ချွေးနည်းစာနဲ့ နှစ်ပေါင်း
များစွာ ကူညီခဲ့ဘူးတယ်---နောက်ဆုံးတော့ ကိုယ့်နောက်ကျော
ကို ဒါးနဲ့ထိုးခံရတယ်--တသက်စာပါပဲ---

တက်လူငယ် said...

မှတ်သားစရာတွေပါဗျာ။ ကျွန်တော်လျှောက်လမ်းခဲ့ရတဲ့ ဘဝခရီးတလျှောက်မှာလဲ မိတ်ဆွေကောင်းတွေ ရှိခဲ့သလို၊ မိတ်ဆွေတုယောင်များနဲ့လည်း ကြုံခဲ့ဆုံခဲ့ရတာတွေကို ပြန်အောင့်မေ့လာတယ်။
အမှတ်ရအောင်ပေးတဲ့ ပို့စ်အတွက်
ကျေးဇူးတင်တယ်..ကိုဝင်းဇော်ရေ...

Unknown said...

မိတ်လည်းကောင်းတယ် ဆွေလည်းကောင်းတယ် ယူကြဦးမလား မိတ်ဆွေကောင်းဗျို့.......