Tuesday, November 18, 2008

ငါ .. နုပျိုဆဲပါ


ငါ .. နုပျိုဆဲပါ

ရန်ကုန်ဆောင်းကို တော့ဖြင့် ကျွန်တော်နှစ်သက်တယ်။ ဘာလို့လည်း ဆိုတော့ ရှမ်းပြည်မှာလို လွန်လွန်မင်းမင်း အေးတာ မဟုတ်လို့ပါ။ သာမန် အအေးဓာတ်နဲ့မို့လို့ သင့်တင့်တဲ့ အနွေးထည်လေး ၀တ်ပြီး အားကစား လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေလည်း အနွေးထည်ထက် အားကစားဆုစ် နဲ့ပဲ အားကစား လုပ်ဖြစ်ပါတယ်။ မရမ်းကုန်း ရှစ်မိုင်ကနေ ကမ္ဘာအေးစေတီလမ်း အတိုင်းပြေးပြီး ကုက္ကိုင်းလမ်းဆုံက ဘုံကျောင်းမှာ ဘက်စကက်ဘော ဝင်ကစားတယ်။ အဲလို မကစားဖြစ်ရင်လည်း ကန်တော်ကြီး ကန်ဘောင်ပေါ်တက်ပြီး ကိုယ်လက် လေ့ကျင့်ခန်းလေး လုပ်ဖြစ်ပါတယ်။ ကန်ဘောင်ပေါ်မှာ အသက် ၅၀ ကျော်လူကြီးပိုင်းနဲ့ ၆၀ ကျော် ပင်စင်စားတွေ အများဆုံးတွေ့ရ ပါတယ်။ ဒုတ်ကောက် ကိုယ်စီနဲ့ ကိုယ်လက်လှုပ်ရှားရင်းကနေ သန့်စင်လတ်ဆတ်တဲ့ လေကို တဝရှူသွင်းပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဆွေးနွေးနေကြတာကို ကြားနေရပါတယ်။ ကျွန်တော်လည်း မလှမ်းမကမ်းကနေ နားထောင်နေမိပါတယ်။

အသက်ကြီးသူ အချင်းချင်း ဖေးမပြီး စိတ်ဓာတ်မြှင့်တင် ပေးကြတဲ့ စကားဝိုင်းလေးပါ။ ငါတို့ "မအိုကြသေးပါဘူး" လို့ ဆိုချင်နေသလိုပါပဲ။ ဟုတ်ပါတယ်။ အသက်ကြီးသူတိုင်း မအိုကြသေးပါဘူး။ လူအိုတွေဟာ "ချည့်နဲ့အားနည်း" လာတာတော့ အမှန်ဖြစ်ပါတယ်။ လူငယ်တွေလိုတော့ မသန်စွမ်းတော့ဘူးပေါ့။ လူငယ်တွေက စိတ်သွားတိုင်း ကိုယ်ပါတယ်။ စိတ်ဆောင်သလို လုပ်နိုင်တယ်။ လူငယ်တွေရဲ့ ခွန်အားနဲ့ ခံနိုင်မှုစွမ်းရည် (သက်လုံကောင်းမှု)ကိုတော့ မမီတော့ပါဘူး။ လူငယ်တွေက တာတို၊ တာလတ်၊ တာဝေး ပြေးပွဲတွေကို ဆင်နွှဲနိုင်ပေမယ့် လူကြီးပိုင်းကတော့ " အောက်ဆီဂျင် " များများလိုအပ်မယ့် သွတ်လက်လှုပ်ရှားတဲ့ အားစကားနည်းတွေ ကိုတော့ဖြင့် မသင့်တော် တော့ပါဘူး။ လုပ်ဆောင်နိုင်စွမ်းလည်း နည်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက်ကြီးသူတွေ အတွက် အားသာချက်တွေလည်း ရှိပါသေးတယ်။ အသက်ကြီးသူတွေဟာ ဘဝအတွေ့အကြုံတွေ များခဲ့ပြီ ဖြစ်တယ်။ အတွေးအခေါ်နဲ့ ဝေဖန်ပိုင်းခြားမှု စွမ်းရည်တွေ အားကောင်းလာတယ်။ အမှားအယွင်း နည်းနည်းနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလာတယ်။ ဘယ်လို ကိစ္စမျိုးမဆို ပိုမိုတိကျ၊ ပိုမိုအသေးစိတ် ကျတဲ့ အကဲဖြတ်မှုတွေကို ပေးစွမ်းနိုင်တယ်။ ဒါကြောင့် တစ်ချို့ဆိုရင် သက်ပြည့် ပင်စင်ယူပြီး ပေမယ့် အဲဒီဌာနမှာပဲ အကြံပေးအရာရှိ အဖြစ်နဲ့ ဖြစ်စေ၊ နည်းစနစ်မှူး နဲ့ဖြစ်စေ ပြန်လည် တာဝန်ထမ်းဆောင် နေတာကို တွေ့မြင်ရ ပါတယ်။ ပြောရရင်တော့ ခြေစုံမြဲအောင် ရပ်နိုင်ပြီ၊ ဒွိဟ သံသယတွေ ကုန်ပြီ၊ ပြင်ပလောကရဲ့ ဖြစ်ပျက် ပြောင်းလဲမှု တွေကို မတုန်လှုပ်တော့ဘူးလို့ ဆိုလိုတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်မယ်ထင်ပါတယ်။ ဒါတွေဟာ အသက်ကြီးသူများရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့ လူအိုစာရင်းထဲ သွင်းလိုက်တာမျိုးကိုလည်း သူတို့ ကျေနပ်ဟန် မရှိတာကို တွေ့ရပါတယ်။ သက်ကြီးရွယ်အိုနဲ့ ဒွန်တွဲနေတဲ့ စကားလုံး ရှိပါတယ်။ အဲဒါကတော့ "အသက်ကြီးတော့ ရောဂါများလာတယ်" ဆိုတာပါ။ ဒီလို "အသက်ကြီး" တာနဲ့ "ရောဂါများတာ" ကို အတင်းအဓမ္မ ရောထွေးပြီး မပြောဆိုစေချင်၊ မပြောဆိုသင့်ပါဘူး။ အသက်အရွယ်ရလာလို့ ခန္ဓာကိုယ်တွင်း ခုခံအားနည်းသွားတာမို့ ရောဂါနည်းနည်း ပိုလာတာနဲ့ပဲ အဲဒီစကားလုံးတွေကို တွင်တွင်ကြီး မသုံးစွဲသင့်ဘူးလို့ ထင်မိလို့ပါ။ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေ အားနည်းလာတာကြောင့် ရောဂါပိုရလွယ်တာ တော့ မငြင်းနိုင်ပေမယ့် ဒီ "ရောဂါ" နဲ့ "ညီမျှခြင်း" ဆွဲဖို့ မသင့်ပါဘူးလို့ မြင်မိပါတယ်။

လူတွေမှာ "မွေး၊ အို၊ နာ၊ သေ" ဆိုတဲ့ သဘာဝနိယာမ တရားရှိပါတယ်။ ဒါပေမယ့် "အိုခြင်း" ကို အချိန်ရွှေ့ဆိုင်းလို့ ရနိုင်ပါတယ်။ "နာခြင်း" ကိုလည်း လျော့နည်းသွားအောင် ဆောင်ကျဉ်းနိုင်ပါတယ်။ ဒါမှမဟုတ် ရှောင်ကွင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ နေထိုင် စားသောက်မှုတွေကို အမြဲမပြတ် သတိပြု ဂရုစိုက်ယူမှု ပဲဖြစ်ပါတယ်။ ဒီအချက်လေးက လူငယ်တွေထက် ပိုအရေးကြီးပါတယ်။ ဒီလိုဆိုရင် အသက်ကြီးရုံနဲ့ ရောဂါရမယ် ဆိုတဲ့ အတွေးမျိုး ခံစားစရာ မလိုတော့ဘူးလို့ ဆိုချင်ပါတယ်။

နောက်ဆုံးအနေနဲ့ "ငါ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နေနိုင်သားပဲ" ဆိုတာလေးနဲ့ တင်းတိမ် မနေဘဲ " ငါတို့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြတယ် " လို့ ဆိုနိုင်အောင် အချင်းချင်း "နိုးဆော် အားပေး" သင့်ပါတယ်။ သက်ကြီးရွယ်အို တွေအချင်းချင်း တူညီတဲ့ အကြောင်းအရာကို ပြောဆို ဆွေးနွေးမယ်၊ ညှိနှိုင်းတိုင်ပင်မယ်၊ ပျော်ရွှင်စရာ တွေကိုမျှဝေကြမယ်၊ ၀မ်းနည်းစရာ ရှိရင်လည်း မျှဝေခံစားကြမယ်၊ အချင်းချင်း စာနာထောက်ထားကြမယ်၊ အပြန်အလှန် ရိုင်းပင်းကူညီကြမယ်၊ အဓိပ္ပာယ်ရှိတဲ့ လူမှုဝန်ထမ်းအလုပ်ကို ကူညီကြမယ်၊ အရည်အသွေးမြင့်တဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ ရှင်သန်မယ်၊ သိပ္ပံနည်းကျတဲ့ နေထိုင်မှုပုံစံကို ထူထောင်ပြီး ဘဝဆည်းဆာကို ဆွဲဆန့်နိုင်ကြဖို့နဲ့ အချင်းချင်း အားပေးစကားတွေကြား ချို့တဲ့သွားတဲ့ ခန္ဓာစွမ်းအားတွေကို ပြန်လည် ဖြည့်တင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


4 comments:

Chit Hnin said...

ခန္ဓာ စွမ်းအားတင်မက စိတ်စွမ်းအားလည်း ဖြည့်တင်းပေးသင့်တယ် လို့ ထင်ပါတယ် ..... ပြောကြည့်တာ မှားသွားရင် ခွင့်လွှတ်နော်...။

Heart Breaker said...

စောစာထလမ်းလျှောက်ပြီး ခန္ဓာကိုယ်အတွက် လျော့သွားတဲ့ energy တွေ ပြန်ဖြည့်မှ ဖြစ်မယ်၊ မွေးနေ့ပွဲလည်း မလုပ်တော့ဘူး၊ အသက်ကြီးတာ လူတွေသိမှာ ကြောက်တယ်။

စိုင်းနောင့် said...

ဗဟုသုတရစေတဲ့ စာတွေ အရောက်လာဖတ်ပါတယ်

su wai said...

အသက်ကြီးပေမယ့် ကျန်းမာရေး လိုက်စားပြီး တရားအသိနဲ့ စိတ်ကို နုပျိုအောင်ထားမယ်ဆိုရင် ဘ၀ရဲ့ ဆည်းဆာချိန်က တည်ငြိမ်ရင့်ကျက်စွာနဲ့ လှပနေမယ်ထင်ပါတယ်။