Wednesday, November 26, 2008

ကျွန်တော်နဲ့ အင်တာနက်ဆိုင်များ


ဘယ်သူများလဲမသိ

ရန်ကုန်မြို့ထဲ ဘယ်နေရာ သွားသွား နေရာတိုင်းမှာ တွေ့နိုင်တာကတော့ စတစ်ကာမှန်မည်းမည်း တံခါးတပ်ထားတဲ့ အင်တာနက်ဆိုင် တွေပဲဖြစ်ပါတယ်။ တစ်ချို့လည်း အင်တာနက်ကဖီး ရယ်လို့ တပ်ထားတာ တွေ့ရပါတယ်။ အင်တာနက် ဆိုတာနဲ့ စိတ်ထဲမရိုးမရွဖြစ်ပြီး ဝင်ထိုင်ဖြစ်တာ များပါတယ်။ တစ်ဆိုင် ပြီးတစ်ဆိုင်ပေါ့။ ဒီလို အင်တာနက်ဆိုင်တွေကို ဆိုင်တိုင်းနီးပါး မဟုတ်တောင် ရောက်တတ်ရာရာ ဆိုင်တွေကို ထိုင်ဖြစ်ပါတယ်။ ဒီလို ထိုင်ရင်းကနေ ကိုယ့်ရဲ့လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်တဲ့ အင်တာနက်ဆိုင် ဆိုရင်တော့ (၂)ကြိမ် (၃)ကြိမ် ပြန်ရောက်ဖြစ်ခဲ့ ပါတယ်။ အင်တာနက်ဆိုင်တွေ အပြိုင်အဆိုင် အများအပြား ဖွင့်လာတဲ့ အတွက် ဆိုင်တွေကလည်း အင်တာနက်အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို မေးမြန်း ဖြည့်ဆည်းပေးတဲ့ ဆိုင်တွေလည်း တွေ့ရပါတယ်။ အရင်က CRT မော်နီတာ သုံးခဲ့တဲ့ ဆိုင်တွေ အခုဆိုရင် LCD မော်နီတာတွေ ပြောင်းလဲ တပ်ဆင်ပေးပါတယ်။ (၁၇)လက်မ မော်နီတာအစား (၁၉) လက်မမော်နီတာ တွေ ပြောင်းလဲ တပ်ဆင်ပေးပြီး အင်တာနက် သုံးစွဲသူတွေကို ဖမ်းထားနိုင်ခဲ့ပါတယ်။ အခကြေးငွေ အနေနဲ့ကတော့ တစ်နာရီကို အစားစား ယူတာတွေ့ရပါတယ်။ ကျပ် ၄၀၀ ကနေ ကျပ် ၈၀၀ အထိ ယူတာ တွေ့ရပါတယ်။ တစ်ချို့ ဆူပါမားကတ် တွေပေါ်မှာတော့ တစ်နာရီ ကျပ် ၁၀၀၀ ယူတာ တွေ့ရပါတယ်။ မီးစက်ကို အသုံးပြုပြီး ဖွင့်တဲ့ ဆိုင်တွေလည်း ဈေးတစ်မျိုးယူတာကို သိရပါတယ်။ တစ်ချို့လည်း Member card နဲ့ သုံးစွဲနေတာလည်း တွေ့ရပါတယ်။


အကာအရံနဲ့သပ်သပ်ရပ်ရပ်လေး

အင်တာနက်ကဖီးဆိုင် တွေကိုတော့ ကျွန်တော်ပိုနှစ်သက်မိပါတယ်။ သူက ကော်ဖီ၊ အအေး၊ ခေါက်ဆွဲခြောက်ပြုတ်၊ ပေါင်မုန့်၊ ကိတ်မုန့် တွေအပြင် Snack တွေပါ လွယ်လင့်တကူ စားသုံးနိုင်လို့ပါ။ တစ်နာရီထိုင်မယ့်အစား စားရင်းသောက်ရင်း အင်တာနက်ကြည့်နိုင်တော့ နှစ်နာရီလောက် ထိုင်ဖြစ်သွားတာ ရှိပါတယ်။ နောက်ပြီး အင်တာနက်စပြီး အသုံးပြုမယ့် လူငယ်တွေအတွက်လည်း အင်တာနက်အသုံးပြုနည်း၊ ချက်တင်တက်နည်း သာမက account တစ်ခု ရအောင်ကိုပါ ၀န်ဆောင်မှု ပေးတာကိုလည်း တွေ့ရပါတယ်။ နောက်ပြီး ဆိုင်အပြင်အဆင်ပေါ့။ ရိုးရိုးပလပ်စတစ်ခုံအစား သက်တောင့် သက်သာဖြစ်အောင် ဆုံလည်ခုံတွေ ထားပေးလာတယ်။ လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ဖို့ မော်နီတာ တစ်လုံးနဲ့ တစ်လုံးကို အကာအရံနဲ့ လုပ်ပေးထားတာလည်း သုံးစွဲသူတွေကို စွဲဆောင်နိုင် ပါတယ်။ နောက်ထူးခြားတဲ့ ၀န်ဆောင်မှုကတော့ ကိုယ်ပိုင် လက်တော့ပ်ဖြစ်စေ၊ စမတ်ဖုန်းဖြစ်စေ၊ ဟန်းဆက်တွေနဲ့ဖြစ်စေ လာတဲ့ သူတွေကိုလည်း အင်တာနက် ချိတ်ဆက်မှု ဆောင်ရွက်ပေးတာကိုလည်း တွေ့ရပါတယ်။ အင်တာနက် သုံးစွဲခကတော့ ဈေးနှုန်းအတူတူပါပဲ။

အကာအရံမဲ့အင်တာနက်ဆိုင်

လူသုံးများတဲ့ software တွေဖြစ်တဲ့ VZO chat, g-Talk, Over-sea ဖုန်းသုံးစွဲသူတွေအတွက် ပြင်ဆင် ထားတာအပြင် အင်တာနက်ဂိမ်း တွေကိုလည်း အခန့်သင့် ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ အင်တာနက် ကွန်နက်ရှင်း ပြတ်တောက်သွားရင်လည်း သုံးစွဲသူတွေ ထပြန်မသွားအောင် မီးစက်နဲ့ သီချင်းတွေ နားထောင်နိုင်အောင် သီချင်းမျိုးစုံကို စက်ထဲ ထည့်သွင်းပေးထားပါသေးတယ်။ နောက် ဂိမ်းကစားနည်း အစုံအလင်ရောပါပဲ။ အင်တာနက်ဆိုင်တွေ လုပ်ငန်းတူ များလာတဲ့အတွက် ဈေးကွက်မှာ ထိုးဖောက်ဖို့အတွက် ကြော်ငြာအပိုင်းကလည်း အရေးပါလာပါတယ်။ ကိုယ့်ဆိုင်ကို ကြော်ငြာရင်းနဲ့ ဆိုင်ရဲ့အရည်အသွေး ကိုလည်း မြှင့်တင် ဆောင်ရွက်လျက် ရှိတာကို မြင်တွေ့နေရပါတယ်။ ဒါကတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်နဲ့ အင်တာနက်ကဖီးဆိုင်တွေပါ။ ကျွန်တော်ခရီး သွားတုန်း ရောက်ခဲ့တဲ့ အင်တာနက်တက်ခဲ့တဲ့ တောင်ကြီး၊ မန္တလေး၊ ပျဉ်မနား၊ နေပြည်တော်(မြို့မဈေး)က ဆိုင်တွေကတော့ အပြင်အဆင် အနေနဲ့ သာမန်လောက်ပါပဲ။ ဘေးအကာအရံ တွေလည်း မပါတတ်ပါဘူး။ စက်က နီးလွန်းတာကြောင့် ဘေးကပြောတာ၊ web cam ကလှုပ်ရှားမှုတွေကိုပါ အကုန်ကြား၊ မြင်နေရတာမို့ သုံးစွဲရတာ အဆင်မပြေလှပါဘူး။ ပိုဆိုးတာကတော့ အင်တာနက်ဆိုင်တွေမှာ ကွန်နက်ရှင်းကောင်းတတ်ပေမယ့် ကျွန်တော်လည်ချင်တဲ့၊ ကျွန်တော် သွားချင်တဲ့ ဘလောဂ့်စပေါ့ တွေကိုတော့ဖြင့် သုံးစွဲခွင့်မရခဲ့တာ အများအပြားပါ။ နိုင်ငံရပ်ခြားကို တယ်လီဖုန်းခေါ်ဆို နိုင်တဲ့အတွက် အင်တာနက်ဆိုင်တွေ လူစည်ကားတာ မှန်ပေမယ့် အဓိကကတော့ ချက်တင်းတက်ကြတဲ့ လူငယ်တွေကသာ အများဆုံးသုံးစွဲတဲ့ အကြောင်းလေးပါ။

(ရောက်ခဲ့တဲ့အင်တာနက်ဆိုင်တွေက များတော့ ဆိုင်နာမည်တွေကိုတော့ မမှတ်မိလို့ ရေးမထည့်ဖြစ်တော့ ပါဘူး။)

14 comments:

ကဗျာမလေး said...

အင်တာနက်ဆိုင်မှာ တွေ့ရတဲ့ လူငယ်တွေ ချက်တင်း ထက် ဘ၀တိုးတက်မှုတွေကို ရှာဖွေကြမယ်ဆိုရင် ..... ၀မ်းမြောက်စရာပါ ...။

ဟန်လင်းထွန်း said...

ကျနော်ယုံကြည်တယ် ကျနော်တို့ ဗမာလူငယ်တွေမှာ လုပ်စရာမရှိလို့ ဒီလို ဆိုင်တွေများလာတာ။ သူတို့မှာ ဘ၀အတွက် လုပ်စရာတစ်ခုပဲရှိ ဒီဆိုင်တွေ ကျဲသွားမယ်ထင်တယ်။ အင်တာနက်ဆိုင်တွေ ရှိလို့လဲ အဆင်ပြေချောမွေ့ပါတယ် ။ အထူးသဖြင့် နိုင်ငံခြား ကို ဆက်သွယ်တဲ့အခါပေါ့

စိုင်းနောင့် said...

ယူတတ်ရင် ယူစရာတွေ အများသားပါ။ အကျိုးရှိရှိ အသုံးချ နိုင်မယ် ဆိုရင်တော့ ကိုယ့်အတွက်ရော၊ တစ်ပါးသူ အတွက်ပါ တန်ဖိုးရှိပါမယ်။ ဆိုင်တွေကတော့ user များများလာဖို့သာ စီးပွားရေးမျက်စိနဲ့ကြည့်ပေမယ့် ကောင်းတာရှိသလို၊ မသင့်တော် တာလည်း ရှိတတ်ပါတယ်။

ဖူးဖူး said...

ပြီးခဲ့တဲ့ တပတ်ကတောင် သူငယ်ချင်းတစ်ယောက်နဲ့ ငါတို့ အင်တာနက်ဆိုင် ဖွင့်ကြရင် ကောင်းမလားပေါ့။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ဆိုင်တိုင်းက customer မပြတ်ဘူးလေ။ စီးပွား ဖြစ်မယ်လို့ ထင်ရတယ်။
အရင်က လက်ဘက်ရည်ဆိုင်ထိုင် ဂစ်တာခေါက်နေတဲ့ လူငယ်တွေကလည်း အင်တာနက်ဆိုင်ရောက်လာပါပြီ။ ၀မ်းသာစရာပါ။
ချီးကျုးလို့မှမဆုးံသေးပါဘူး။ လူငယ်တွေ အင်တာနက်ကို အသုံးချတာ ဘယ်လို အသုံးချနေလဲဆိုက ပြန်ကြည့်လိုက်တော့ တော်တော်ကိုလွဲနေပါတယ်။ တလောက အင်တာနက်ဆိုင်မှာ ၇တန်းလောက်တော့ ရှိမယ်ထင်ရတဲ့ ကလေးတစ်ယောက် မမြင်အပ်တဲ့ပုံတွေ ကြည့်နေတယ်။ မိဘတွေကတော့ အင်တာနက်ကြည့်တာ ဗဟုသုတရတယ်ဆိုတဲ့အမြင်နဲ့ လွှတ်ထားမှာပေါ့။
ဒါပေမယ့် လူငယ်တွေ အသုံးချမှုက လွဲနေသလို ခံစားရတယ်
ကျေးဇူးတင်ပါတယ်
အမြင်ကို တင်ပြခွင့်ရတာကိုပါ

Heart Breaker said...

ကောင်းတာနဲ့ ဆိုးတာနဲ့ ဒွန်တွဲနေတာ သဘာဝပါ။ ကောင်းတာကို ရောက်ဖို့ အဆိုးတွေနဲ့ ရင်းနှီးရတာပါပဲ။ ကိုယ်တို့တောင် ကြီးမှ ၀က်သက်ပေါက်သလိုဖြစ်တော့ ဟိုမရောက် ဒီမရောက်နဲ့ ဖြစ်ကုန်ပြီလေ။

စိုင်းစိုင်းလားရှိုး said...

မောင်ဝင်းဇော်ရေ...... ပြောရခက်ခက်ဗျ၊ ပြီးခဲ့တဲ့နှစ်က ရန်ကုန်ရောက်သေးတယ်
နက်ဆိုင်ထိုင်ရတာ လုံးဝအဆင်မပြေပါ။

Dream said...

မက်မက်ဖွင့်ထားတဲ့ ဆိုင်လေးလဲလာအားမပေးဘူး.. ဟွန်း..
နောက်တခါ ရန်ကုန်ပြန်ရင် လာအားပေးနော်.. အချင်းချင်းတွေမို့
ဈေးလျှော့ယူမယ်.. နာရီများများ ပိုသုံးခွင့်ပေးမယ်.. ဟိဟိ..:P :P :P :P :P :P :P

လင်းဒီပ said...

ကောင်းတယ်ဗျို..ဆိုင်တွေများလာတာ...

khin oo may said...

ဗဟုသုတယူသွားသည်

Anonymous said...

ဗဟုသုတ ဖြစ်စရာတွေ တင်ပေးတာ ကျေးဇူးပါဗျို့
အခုလို ဖြစ်နေတာသိရတော့လည်း အားရတယ်ဗျာ
အဲ့လို ဆိုင်တွေ များလာပြီး နက်များများ သုံးနိုင်တော့လည်း
အကျိုးပိုရှိတာပေါ့ဗျာ

Anonymous said...

တချို့ဆိုင်က တော်၂ ကို သဘောကောင်း ကြတယ်ဗျ.. ည ၁၁ ထိ ဆိုပေမယ့် သုံးစွဲသူတွေက အေးဆေး သုံးချင်သေးတယ် ဆိုရင် ခွင့်ပြု ထားတယ်.. စောင့်ပေး တယ်ပေါ့.. အဲဒါမျိုး ဆိုင်ကို ကျနော်တော့ သဘောကျတယ်.. ဘလော့ကြည့်ဖို့လည်း အဆင်ပြေ အောင် လုပ်ပေးပါတယ်..

Sonata Cantata said...

ဗဟုသုတရလို့ ကျေးဇူးပဲနော်..အစ်မက ဝေးတယ်။ တစ်ခါတောင် အင်တာနက်ကော်ဖီဆိုင်လို့ ပြောမိလို့ ဆူခံရသေးတယ်။ သိဘူးလေ cafe ဆိုတာ coffee ကိုပဲ အတိုကောက် ရေးတယ်မှတ်လို့

Anonymous said...

အင်တာနတ်ဆိုတာ လိုတရပတ္တမြားကြီး တစ်လုံးလို သိပ်တန်ဖိုးရှိ အသုံးတည့်မှန်း သိလာကျတော့ အခုလို အင်တာနက်သုံးတဲ့သူတွေ ပေါများကြွယ်ဝလာတာပေါ့ဗျာ ... ။ အင်တာနက်ကို Chat အတွက်ပဲ သုံးတဲ့သူတွေက နောက်ပိုင်းတော့ Chat ကိုစိတ်ကုန်သွားပြီး အခြား အသိဥာဏ်၊ ဗဟုသုတနဲ့ ပညာတိုးမယ့်ဘက်ကို ရောက်သွားပါလိမ့်မယ်ဗျာ၊ စိတ်ပူစရာတော့မလိုပါဘူး၊ ကျွန်တော်တို့လည်း ကိုယ်တွေ့ပါ ...အဓိကက ထိတွေ့မှုများလာပြီး နားလည်သွားဖို့ပါ ...။ အင်တာနက်ဆိုင်တွေ ဒီထက်ကို ပိုပြီးတိုးပွားသင့်တယ်လို့ ကျွန်တော်တော့ ယူဆမိတယ်...။

ခင်မင်လေးစားစွာဖြင့်

TB said...

ငယ်ငယ်က အင်တာနက်ဆိုင်မှာ တနေ့နေ့မထတမ်း အချိန်ဖြုန်းခဲ့ရတဲ့ဘ၀လေးကို ပြန်လွမ်းမိတယ်။ ဒီပို.စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးပါ။