Friday, November 21, 2008

မေ့အပ်တဲ့ အရာမဟုတ်ပါ


မေ့အပ်တဲ့အရာမဟုတ်ပါ
thanksgiving
လူရယ်လို့ မွေးဖွားလာကတည်းက တစ်ယောက်ထဲ ရယ်ပါ။ လူ့လောကထဲ ရောက်လာတော့ တစ်ဦး တစ်ယောက်တည်း နေထိုင်လို့ မရတော့ပါဘူး။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့သူငယ်ချင်းတွေနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမှီသဟဲပြု နေထိုင် လာခဲ့ကြရပါတယ်။ ဒီလိုနဲ့ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံမှု ဆိုတာ ဖြစ်တည်လာပါတယ်။ ဒီ ပေါင်းသင်းဆက်ဆံရေး ကနေ တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းကူညီမှုတွေ ရယူပြီး မိမိတို့ ဘဝအသီးသီးကို မြင့်မားအောင် ရပ်တည်ကြရတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်အပေါ် တစ်ယောက် ကျေးဇူးတရား ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကျေးဇူး ဆိုတာကတော့ လူတိုင်းမှာ အပြန်အလှန် တင်ရှိနေကြတာပါ။ မိမိကသာ သူတစ်ပါးကို ကျေးဇူးတင်ရကောင်းမှန်း၊ ကျေးဇူးပြန်ဆပ်ရကောင်းမှန်း မသိသည်သာ ရှိရပါမယ်။ ထမင်းတစ်လုပ် မဆိုထားပါနဲ့ ရေတစ်မှုတ် သောက်ရုံမျှဖြင့်လည်း သူသည် မိမိရဲ့ ကျေးဇူးရှင် ဖြစ်သွားတာကို သတိမူမိရင် မြင်တတ်မှာပါ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးဆိုတာ မြင်တတ်၊ သိတတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ ကျေးဇူးသိတတ် သူဟာ မေတ္တာတရား ထားတတ်ကြသူများ ဖြစ်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ ကျေးဇူကို မြင်တတ်ခြင်း အကြောင်းမှာ မိမိတွင် မေတ္တာဓာတ်ရှိခြင်းကြောင့် ဖြစ်တယ်လို့ ဆရာတော်တစ်ပါးရဲ့ တရားမှာ နာခဲ့ဖူးပါတယ်။ ဒါကြောင့် ကျေးဇူး မတင်လျှင်နေပါ၊ ကျေးဇူးမကန်းပါနှင့် ဟု ပြောလေ့၊ ကြားရလေ့ ရှိပါတယ်။ ဆိုလိုတာက ကျေးဇူးမသိတတ်တာဟာ ကျေးဇူးကန်းတာ နဲ့ အတူတူ ပါပဲလေ။ ကျေးဇူးရှိမှ ကျေးဇွတ်ရ ဆိုသလိုမျိုးပေါ့။ ကျေးဇူးကန်းသူ တစ်ယောက် မဖြစ်အောင်တော့ မိမိတို့ စိတ်ထဲမှာ ကျေးဇူး တင်ထိုက်သူများကို အစဉ်အမြဲ ရိုသေလေးစား နေခြင်းက ကျေးဇူး သိတတ်ခြင်းပဲ ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ ကျေးဇူးကို ပြစ်မှားခြင်းဟာ မိမိကိုလည်း အကျိုးယုတ်စေတဲ့ တန်ပြန်မှု ရှိပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်အားဖြင့် ကျေးဇူး သိတတ်ခြင်းဟာ ရှက်စရာ၊ ဂုဏ်ငယ်စရာ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးဟူသည် မည်သူတစ်ဦးတစ်ယောက်မှ လွတ်ကင်းနိုင်ခြင်း မရှိတာကို အစဉ်သတိရ အောက်မေ့ နေသင့်ကြောင်း ရေးသားလိုက်ပါတယ်။

13 comments:

လင်းဒီပ said...

အစ်ကိုရေ..စာလေးတွေဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်...

khin oo may said...

ဟုတ။် မှတ်သားသွားသည်

ပျံသန်းခြင်းရပ်ဝန်း said...

မှတ်သားစရာလေးတွေပါပဲကိုဝင်းဇော်ရေ...

ခင်မင်လျက်..
နွေသူရ

Anonymous said...

မှတ်သားသွားပါတယ်ဗျာ အမြဲအားပေးလျက်ပါ
အဆင်ပြေပါစေ

RePublic said...

ကိုယ့်ကိုကိုယ် သတိပြန်ပေးလိုက်ပါပြီ ကိုဝင်းဇော်ရေ ၊၊ ကျေးဇူး ၊၊

Anonymous said...

ကျေးဇူးတရားဆိုတာ အလွန်ကို မွန်မြတ်သန့်စင်တဲ့ သဘောတရားလေးတစ်ခုပါဗျာ။ အခုလို ကျေးဇူးတရားအကြောင်းကို သေချာဂဏ ရှင်းပြပေးတဲ့ ကိုဝင်းဇော်ကို အထူးပဲ ကျေးဇူးတင်ရှိနေကြောင်းပါ။

ခင်မင်လေးစားစွာဖြင့်

ညီအကိုများ said...

မှန်လိုက်တာဗျာ..

မိုးကြယ်

Dream said...

ကျေးဇူးတရားဆို တာ မေ့ကောင်းတဲ့အရာမဟုတ်ပါ... မှတ်သားသွားပါတယ်
ဥိးဦးဝင်းဇော်ရေ.. မက်မက်လည်းတနေ့ အဲဒိကျေးဇူးတရားနဲ့ပတ်သတ် ပြီး
ဘုရားလက်ထက်ကဇာတ်တော်ကို ပို့စ်ကောင်းလေးအဖြစ် ရေးလိုက်ပါဥါ်ီမယ်။

အိပ်မက်နိဒါန်း said...

စာကောင်းလေးများကို မှတ်သားသွားပါတယ်..

ကြယ်ပြာ said...

ကျေးဇူးပြုသူကလည်း ပြန်မမျှော်လင့်ကောင်းသလို၊ ကျေးဇူးပြုခံရသူကလဲ မမေ့တတ်ရင် လောကကြီးတော်တော်အေးချမ်းမှာပဲနော် ....

Younggun said...

ဆရာမင်းသိင်္ခက ပြောတာတာကတော့ ကျနော်လည်း ပြန်ရေးပြခဲ့ဖူးပါတယ်။ လူတစ်ယောက်ကို ကျေးဇူးပြုပြီဆိုရင် အဲဒီပြုထားတဲ့ ကျေးဇူးကို မေ့ပစ်ထားရတယ်၊ ကျေးဇူးပြုခြင်းအတွက် ရလဒ်ဆိုတာ ကျေးဇူးပြုခြင်းပဲ ဖြစ်တယ်။ တခြားဘာမှ မရှိဘူး။ မျှော်လည်း မမျှော်လင့်အပ်ဘူး။ ကျနော်မြင်တာကတော့ ဒီလိုပါပဲဗျာ။

စိုင်းနောင့် said...

မမေ့အပ်တဲ့ ကျေးဇူးတရားလေးကို အကြိုက်တွေ့ ဖတ်သွား ပါတယ်။ မှတ်သားစရာလေးတွေပါပဲ။ လူတိုင်းက သတိမမူ မိတဲ့ အချက်လေးတွေ အသိပေးလို့ ကျေးဇူးတင်မိပါတယ်။

Heart Breaker said...

ကျေးဇွတ်သူ တစ်ယောက်မဖြစ်စေဖို့ အသိတရား ရစေတဲ့ စာကောင်းလေး လာဖတ်သွားတယ်