Monday, November 17, 2008

မွေးနေ့လေးတွေ ရောက်ရင်

မွေးနေ့လေးတွေ ရောက်ရင်

လူငယ်တို့သဘာဝ နှစ်ပတ်လည်လို့ ကိုယ့်မွေးနေ့ ရောက်လေတိုင်း ပျော်ရွှင်ကြည်နူး ကြတာ အဆန်းတော့ မဟုတ်ပါဘူး။ မွေးနေ့မှာ ကိုယ့်မိသားစု စုံစုံလင်လင်နဲ့ ဖွယ်ဖွယ်ရာရာလေး ချက်စားကြမယ်။ စားနေကျ ထမင်းတော့ မဟုတ်ဘူးပေါ့။ ရှမ်းပြည်မှာဆို ရှမ်းခေါက်ဆွဲ ချက်စားမယ်။ ရှမ်းမုန့်တီ(ခေါက်ဆေန့်) ချက်စားမယ်။ ရှမ်းထမင်းချဉ် နယ်စားမယ်၊ ရှမ်းဟင်းထုတ် လုပ်စားမယ် တစ်ခုခုပေါ့။ ဒါမှမဟုတ် ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်း အသင်းတွေကို အိမ်ခေါ်ပြီး ပါတီပွဲလေး လုပ်မယ်။ (မွေးနေ့လက်ဆောင် ကိုချစ်တတ်လို့ လုပ်တာပါ။) နာမည်ကြီးတဲ့ အကျော်အမော် တွေကျတော့ နိုင်ငံသိ မွေးနေ့ပွဲကို ချိမ့်ချိမ့်သဲ ကျင်းပတာတော့ ရှိပါတယ်။ အဆိုတော်တွေ ကျတော့လည်း သီချင်းခွေ တစ်ခွေ ဒါမှမဟုတ် နှစ်ချပ်တွဲ အခွေ ထုတ်ဖြစ်အောင် လုပ်ဖော် ကိုင်ဖက် အဆိုတော်တွေ ဖိတ်ပြီး စတိတ်ရှိုး ကြတာလည်း ခဏခဏ တွေ့ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် မွေးနေ့ရှင်အတွက် ဆုတောင်းပေးရတာလည်း ပျော်စရာ တစ်မျိုးပါ။ ကျန်းမာပါစေ၊ တိုးတက်ပါစေ ကအစ နောင်နှစ်ပေါင်းများစွာ တိုင်အောင် ချစ်သူ ခင်သူတွေနဲ့ ပျော်ပျော်ကြီး စခန်းသွားနိုင်အောင် အထိ ဆုတောင်း ပေးကြပါတယ်။ ဒါက လူငယ်တို့ သဘာဝပါ။

တစ်ချို့ကျပြန်တော့ မွေးနေ့တစ်ခါ ရောက်လေတိုင်း အသက်တစ်နှစ် ကြီးသွားလို့ ငါအိုပြီ ဆိုပြီး သောက ရောက်နေကြတဲ့ သူတွေ၊ စိတ်ပူပန်နေကြတဲ့ သူတွေလည်း ရှိပြန်ပါတယ်။ ကိုယ့် အသက်ကြီးသွားတာကို ယူကြုံးမရ ဖြစ်နေကြတဲ့ သူတွေပါ။ အမှန်တော့ အသက်ကြီးလာတာဟာ စိတ်ဓာတ်ကျစရာ၊ ပူပင်သောက ရောက်စရာ ဖြစ်စရာ မဟုတ်ပါဘူး။ လွဲမှားတဲ့ အယူတွေ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့် အမြင်ပြောရရင် အသက်ကြီး လာရင် အဘက်ဘက်က ပိုမို တိုးတက်ကောင်းမွန် လာတယ်လို့ ထင်မိပါတယ်။ အသက်ရ လာတော့ ပိုပြီး စိတ်ချမ်းသာလာမယ်၊ ပိုပြီး ထက်မြက်လာမယ်၊ ပိုပြီးအတွေ့အကြုံတွေ ရင့်သန်လာမယ်၊ ပိုပြီး သန်စွမ်းလာမယ်၊ ပိုပြီး ထက်မြက် ချက်ချာလာမယ်လို့ မျှော်လင့်စရာတွေ ထားပြီး ကျွန်တော် ဖတ်ခဲ့တာလေးတွေကို မျှဝေပေးချင်ပါတယ်။

ဘဝမှာပိုပြီး ပျော်ရွှင်ရပါလိမ့်မယ် (Dr. Peter Ubel. M.D.)
အသက်(၇၀) အရွယ်တွေက အသက်(၃၀) အရွယ်တွေထက် ပိုပြီး ကျေနပ် ပျော်ရွှင် ရောင့်ရဲကြပါတယ်။ သူတို့ကို ဘယ်အရာကမှ ပျော်ရွှင်စေသလဲ ဆိုတာကို ရှာဖွေတွေ့ရှိဖို့ အချိန်ရသွားကြပြီး ကောင်းစွာ သဘောပေါက် သွားကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ သဘောထား အမြင်တွေက တိုးတက်လာတာ ဖြစ်ပါတယ်။ မနက် အိပ်ရာက နိုးရင် ဘယ်အရာကို ပြုလုပ်ချင်တဲ့ အတွက် နိုးသလဲလို့ တွေးကြည့်ပါ။ ပြီးတော့ လုပ်ချင်တာကို ပိုပြီး လုပ်မိအောင် ကြိးစားပါ။ ဒါဟာ အသက် (၃၆)နှစ်ဖြစ်စေ၊ အသက် (၉၆)နှစ် ဖြစ်ပါစေ ပျော်ရွှင်ချမ်းမြေ့ ခြင်းရဲ့ သော့ချက်ပါပဲ။

မိမိကိုယ်ကို ပြတ်သားစွာ ဖော်ထုတ်ပြသပါ (Dr. Pierce J. Howard Ph.D.)
အသက်ကြီးသူတွေရဲ့ ဦးနှောက်ကို Scan လုပ်ကြည့်တဲ့ အခါ ဦးနှောက်နှစ်ခြမ်းရဲ့ ဆက်သွယ်မှုကို မြင်ရပါလိမ့်မယ်။ ဘယ်ဘက်က တွေးခေါ် စဉ်းစားဥာဏ်အပိုင်း၊ ညာဘက်က ခံစားမှုအပိုင်း ဖြစ်ပါတယ်။ အသက်ကြီးလာလေ ပိုပြီး အားကောင်းလာလေ ပါပဲ။ ဆိုလိုတာက ဆက်သွယ်ရေးကို ပိုပြီး ထိရောက်စွာ ပြုလုပ်နိုင်စွမ်း ရှိလာပြီး လိုချင်တဲ့ အဆင့်ကို ပိုမိုကောင်းမွန်စွာ ရရှိ နိုင်ပါလိမ့်မယ်။ မဂ္ဂဇင်းတွေရဲ့ နောက်ကျောမှာ ပါတဲ့ ပဟေဠိတွေ၊ ဥာဏ်စမ်းတွေကို ဖြေကြည့်ပါ။ ဥာဏ်ကို အသုံးပြု ရတဲ့ ကစားနည်းတွေကို ကစားကြည့်ပါ။ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက ဆက်သွယ်မှုတွေကို ပိုပြီး အားကောင်းလာအောင် အကူအညီပေးပါတယ်။

ပိုပြီးတော့တောင် မြန်မြန်စဉ်းစား လာနိုင်သေးတယ် (Dr. George Martzokis. M.D.)
ဦးနှောက်ဆဲလ်တွေကို သွယ်တန်း ဆက်သွယ်ထားတာတွေက အသက်ကြီးလာလေ ပိုပို ကြီးထွားလာပြီး ထူထဲ လာပါတယ်။ အသက် (၆၀)ရောက်တဲ့ အချိန်မှာ ဦးနှောက် အချက်အလက်တွေကို အဆ တစ်ရာ ပိုပြီး စုဆောင်းရရှိ နိုင်ပြီး ဆယ်ဆ ပိုပြီး မြန်ဆန်လာပါတယ်။ အရွယ်ရလာရင် ငါးကြီးဆီကိုစားပါ၊ ဦးနှောက်ကို အမြဲထက်မြက် သွက်လက် နေစေဖို့ Fatty acids တွေ ရရှိနိုင်ဖို့ အကောင်းဆုံးဖြစ်တယ်။ တစ်နေ့ကို 3000 mg စားသုံးပါ။

စူးရှထက်မြက်တဲ့ အာရုံကို သိစိတ်ရရှိ ပါလိမ့်မယ် (Dr. Elkhonon Goldberg. Ph.D.)
အလိုလို သိမြင်နေတဲ့ စိတ်တွေက အချိန်အခါ အလိုက် တိုးတက်လာတယ်လို့ ထင်မိရင် အဲဒါ မှန်ကန်ပါတယ်။ စိတ် သမာဓိအားက ငြိမ်သက် တည်ကြည်လာလေ ခန့်မှန်းချက်တွေ မှန်ကန်လေပါပဲ။ ထိုးထွင်း သိမြင်စိတ်နဲ့ ပြဿနာရဲ့ အဖြေက ဘယ်ကမှန်းမသိဘဲ ပေါ်ထွက်လာရင် စာဖတ်သူရဲ့ ဦးနှောက်က ဒီလို အလားတူ အဖြစ်မျိုး ကျန်ခဲ့တဲ့ အချိန်က ဖြစ်ခဲ့တာကို မှတ်မိသွားလို့ပဲ ဖြစ်ပါတယ်။ အဲဒီအသိကို အခုဖြစ်ပျက်နေတဲ့ အပေါ်မှာ အသုံးချလို့ ရသွားတာပဲ ဖြစ်ပါတယ်။ သံသယဖြစ်နေရင် ဘယ်ဟာက မှန်မယ်ထင်သလဲ လို့ မေးကြည့်ပါ။ အတွင်းကအသံကို ပိုပြီး တိုင်ပင်ကြည့်လေ၊ ပိုပြီး ကြည်ကြည်လင်လင် ကြားရလေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အသက်ကြီးလာရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ယောဆရာတော် ဘုရားကြီးက အသက်ကြီးလာတဲ့ သူတွေ အိုပယ် မဖြစ်ကြစေနဲ့၊ အိုကြွယ် တွေ ဖြစ်ကြပါစေလို့ တရားသဘောနဲ့ ဆုံးမ ထားတာကို အမှတ်ရမိမှာပါ။ အိုမင်းမစွမ်းလို့ ဆိုကြပေမယ့် ရုပ်က နာပေမယ့် စိတ်ကမနာဘဲ အိုပေမယ့် စွမ်းအောင် စွမ်းဆောင် ကြိုးစားကြပါလို့ တိုက်တွန်း ချင်ပါတယ်။အားလုံးကို လေးစားလျက်ပါ။

10 comments:

ကဗျာမလေး said...

အားမနာတမ်းဝေဖန်မယ်နော် ... ကောင်းတယ်လို့ ... စေတနာကို စာသားတွေကတဆင့် မြင်နေရတယ် ... အသက်ကြီးကြီးငယ်ငယ် စိတ်ဓာတ်ကျစရာ မလိုဘူးနော် ... အရာရာ ကံတရားပါပဲလေ... ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ... အားပေးလျက်ပါနော်။

Dream said...

ဝါးးးးးးးး မိုက်တယ်.. မှတ်သားစရာတွေ ကိုဗဟုသုတ အဖြစ် မှတ်သားသွားပါတယ်...

ဦးဝင်းချော်ဂျီးမွေးနေ့ကျရင် ရှမ်းခေါက်ဆွဲလုပ်ကျွေးနော်.. ဟီးဟီး :P :P

လင်းဒီပ said...

အသက်ကကြီးကြီးလာကို စိတ်အားမြှင့်ပေးလို့ကျေးဇူးပါ...

စိုင်းနောင့် said...

tension တွေ pressure တွေ Impression တွေ stress တွေ မရှိဘူး၊ သားသမီးတွေနဲ့ ပျော်ရွှင်စွာနေနိုင်မယ် ဆိုရင်တော့ အစ်ကိုပြောသလို ဒေါက်တာတွေ ပြောသလို ဖြစ်ပါမယ်။ ကောင်းမွန်တဲ့ ပို့စ်လေးပါ။

Heart Breaker said...

ဗဟုသုတလေးတွေ ယူသွားတယ်ဗျာ။ အသက်ကြီးမှာ မကြောက် တော့ဘူး။ ဒါပေမယ့် နဲနဲတော့ စိတ်အားငယ်နေသေးတယ်

ပန်းခရမ်းပြာ said...

အိုကြွယ်တဲ့လား .... ကောင်းတယ်ဗျို့...။ ဖြစ်အောင် ကြိုးစားပါ့မယ်။

တားမြစ် ထားသော... said...

အသိတွေ။ ဗဟုသုတတွေအတွက် ကျေးဇူးပါ။ တန်ဖိုးရှိတဲ့ စာတွေပါပဲ။

သုခမိန်(E-Journal)

Dr Phyo Wai Kyaw said...

တန်ဖိုးရှိပါပေတယ်။

Anonymous said...

တစ်ချိန်ကျရင် မလွဲမသွေကြုံရမယ့် ဇရာအတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေးထားလို့ အထူးပဲ ကျေးဇူးတင်ပါတယ် ကိုဝင်းဇော်ခင်ဗျား ။

ခင်မင်လေးစားစွာဖြင့်

su wai said...

တန်ဖိုးရှိတဲ့ ပို့စ်လေးတစ်ခုပါပဲ ကိုဝင်းဇော်ရေ… အသက်ကြီးလာလို့ စိတ်ဓါတ်ကျနေမယ့်အစား အသက်နဲ့အတူ အတွေးအခေါ် အယူအဆတွေပါ ရင့်ကျက်လာအောင် ကြိုးစားသင့်တယ်နော်…ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့အတူ တစ်နှစ်ပြီးတစ်နှစ် ကျရောက်လာမယ့် မွေးနေ့တွေကို မင်္ဂလာရှိစွာ ကြိုဆိုကြတာပေါ့…

ခင်မင်စွာနဲ့ အားပေးနေတဲ့
ဆုဝေ