Thursday, November 13, 2008

ဒီလိုလေးတွေ ရှိတတ်ပါတယ်

ဒီလိုလေးတွေ ရှိတတ်ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ အာရုံခံစားမှုတွေကို စုံလင်နေအောင် လက်ခံနိုင်စွမ်းပါတယ်။ အသံကို နားကနေကြားရတယ်။ ကြားရတဲ့ အသံဟာ သာယာ နာပျော်ဘွယ် ကောင်းတဲ့အသံ၊ ဆူညံရိုင်းစိုင်း ကြမ်းတမ်းတဲ့ အသံများ ရှိပါတယ်။ နှစ်လိုဘွယ် ကောင်းတဲ့ အသံကို လူတွေက စဉ်ဆက်မပြတ် နားထောင်လို ကြပါတယ်။ ဥပမာ သီချင်းသံ လေးတွေပေါ့။ ကြမ်းတမ်း ရုတ်ညံ့တဲ့ အသံကိုတော့ ဝေးဝေးက ရှောင်လိုကြပါတယ်။ နားမခံသာလို့ ဖြစ်ပါမယ်။ နောက် အရာဝတ္ထုတွေကို မျက်စိကနေ မြင်နေတွ့ရ ပါတယ်။ လှပချစ်စရာ ကောင်းမွန်တဲ့ အရုပ်၊ သဘာဝရှုခင်း၊ နေအိမ်တိုက်တာ အဆောက်အဦတွေကို ခံစားပြီး ကြည့်ကြပါတယ်။ အနိဋ္ဌာရုံ မြင်ကွင်းတွေ၊ သွေးသံတရဲရဲနဲ့ ဒဏ်ရာတွေ စတဲ့ မြင်ကွင်းတွေကိုတော့ မကြည့်လို၊ မမြင်လို၊ မတွေ့လိုကြပါဘူး။ ထိုအကြည့်ကိုလည်း ကြောက်ကြပါတယ်။ (စပ်စုတဲ့သူများကိုတော့ မဆိုလိုပါဘူး။) အစားအသောက်တွေ ကိုတော့ ပါးစပ်တွင်းလျှာက ခံစားပေးပါတယ်။ အပေါ့၊ အငန်၊ အစပ်၊ အခါး၊ ချဉ်ချို အရသာတွေကို လျှာက အပိုင်းလိုက် ဆုံးဖြတ် ပေးပါတယ်။ ကြိုက်နှစ်သက်တဲ့ အရသာဖြစ်မယ် ဆိုရင် စားပြီးရင်တောင်မှ ထပ်စားချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်စေပါတယ်။ မနှစ်သက်တဲ့ အရသာမျိုးဆိုရင်တော့ တစ်ဇွန်းလောက်တော့ စားကြည့်မှာပါ၊ နောက်ထပ် စားဖို့ မကြိုးစား ကြတော့ပါဘူး။ နှစ်သက်တာနဲ့ မနှစ်သက်တာကို ဖော်ပြလိုလို့ အစချီရေးမိပါတယ်။ အကောင်းနဲ့ အဆိုး တွန်တွဲနေတဲ့ သဘောလေးကို ပြောပြချင်တာပါ။

ကျွန်တော်လား စာဖတ် ၀ါသနာပါတယ်။ သူများ ရေးပြီးသားကို ဖတ်ရတာတောင်မှ ဒီစာက ဘယ်လို ဗဟုသုတရလို့ နှစ်သက်တယ်။ ဒီစာက ဒီလို အသိပညာပေးလို့ စွဲလန်းတယ်။ ဒီစာကတော့ ကျန်းမာရေးရှုထောင့်က မဖတ်မဖြစ် ဖတ်သင့်တယ် လို့ဆိုပြီး ဖတ်သမျှစာတွေကို ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြီး မှတ်သားထား တတ်ပါတယ်။ လေဘယ်လေးထိုးပြီး နောက်ပြန်ရှာရ လွယ်အောင် စနစ်တကျ သိမ်းထားတတ်မြဲပါ။ ဒီလိုလုပ်တာ ပညာတတ်လွန်းလို့ လူအထင်ကြီးအောင် လုပ်နေတာတော့ မဟုတ်ပါဘူး။ ၀န်ခံပါတယ်။ သာမန် စာရေးတတ် စာဖတ်တတ် ရုံလောက်ပဲ အရည်အချင်း ရှိပါတယ် ဆိုတာကို ကြိုပြော ချင်ပါတယ်။

နောက်အခြေအနေ ပေးတော့ အင်တာနက်ပေါ် ရောက်တယ်။ စပ်စုရင်းနဲ့ ဘလောဂ့်တွေ ဖတ်ဖြစ်တယ်။ ပိုးထလာတော့ ဘလောဂ့်တစ်ခု ဖွင့်တယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် ရေးတယ်၊ နောက် ဘလောဂ့်မိတ်ဆွေတွေ ဖွဲ့မိတာတွေရှိတယ်။ တစ်ချို့လည်း ချက်ဖြစ်တဲ့ မိတ်ဆွေတွေရှိတယ်။ အပြင်က မိတ်ဆွေ သူငယ်ချင်း တွေထက် အွန်လိုင်းက မိတ်တွေ သူငယ်ချင်းတွေကို ပိုလို့ သံယောဇဉ် ရှိတယ်။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ လက်က အလိုလို ကွန်ပျူတာကို အွန်ပြီးသား ဖြစ်တယ်။ ဆီဘောက်မှာ ဘယ်သူက လာလည်သွားတယ်။ ဘယ်ပို့စ်မှာ ဘယ်မိတ်ဆွေက ဝေဖန်သွားတယ် ဆိုတာကို သိချင်ဇောနဲ့ နေ့တိုင်း ယဉ်ယဉ်လေး ရူးခဲ့ပါတယ်။ ဒီလို သံယောဇဉ် ရှိတာပါ။ အွန်လိုင်းပေါ် အမြဲလိုလို ရှိနေတတ်တာက ရှိသမျှဘလောဂ့်တွေကို ရောက်ခဲ့တဲ့ အိမ်တိုင်းမှာ စေ့စေ့ငင ဖတ်ရှုနေတတ်တာကြောင့် ကျွန်တော့်ချက်တိုင်ကို မြင်ရင် အမြဲမီးစိမ်းနေတတ် ပါတယ်။ ဒါကို တစ်ချို့က သိပ်စိတ်ဝင်စားပါတယ်။ ကိုဝင်းဇော်က ဘာအလုပ်လုပ်တာလဲ၊ ဘယ်နိုင်ငံကနေ ချက်တက်နေတာလဲ၊ ပညာအရည် အချင်းကရော၊ အင်တာနက်ပေါ် အမြဲတွေ့တယ်နော်၊ နားပါအုန်း၊ အညောင်းမမိဖူးလား ဆိုတာတွေ ခဏခဏပါပဲ။ အစ်ကိုရေးထားတဲ့ ပို့စ်တွေကို ကျွန်တော် သိပြီးသားတွေဗျ။ ဆိုတဲ့ သူကလည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ စိတ်ဝင်စားဖော်ရလို့ ၀မ်းသာပါတယ်။ နာမည်ကတော့ ၀င်းဇော်ပါပဲ။ အလုပ်အကိုင်ကတော့ ဟိုင်းဝေးကားမောင်းတယ်။ (၁၀)ဘီးကားမောင်းတယ်။ နည်းနည်းတော့ အထင်စမောသွားပြီ။ အင်း ဗမာပြည်ကနေပဲ ချက်တက်ပါတယ် ဆိုရင် သိပ်အယုံအကြည် မရှိတော့ဘူး၊ ပိုအထင်စမော သွားတာလည်း ဖြစ်နိုင်ပါတယ်။ ပညာအရည်အချင်း ကတော့ ရေးတတ် ဖတ်တတ် ပါတယ် ဆိုတော့ အကုန်လှန်ပြေးတော့ တာပဲ ခုတော့ ဘယ်သူမှ မရှိတော့ဘူး။ တစ်ကယ်ပြောတာပါ။ နောက်ဆုံး ချက်တိုင်မှာ တစ်ယောက်ထဲကျန် ပါတယ်။ ဒီကျန်တဲ့ တစ်ယောက်လည်း ထိုနည်းနှင်နှင်ရယ်ပါ။ စကားမပြောချင်တော့ တာကြောင့် မီးစိမ်းတောင်မပြတော့ ပါဘူး။ Offline ကနေ ချက်နေပါတယ်။ ကျွန်တော့်ကို Block မလုပ်ထားတာတော့ ကျေးဇူးတင်ရမလို ဖြစ်မိပါတယ်။ သူ့ရဲ့ လိုလားချက် ပြည့်တဲ့နေ့ ကျော်သွားမယ်ဆိုရင်တော့ တာ့တာ လို့တောင် မဆိုနိုင်တော့ပဲ ထားခဲ့မှာ အသေအချာပါ။

ကိုယ်ဝါသနာပါတာကို လုပ်နေရတာမို့ ကျေနပ်ပါတယ်။ ပညာဂုဏ် မမောက်တာမို့ စာအရေးအသားတွေ ကြမ်းချင်ကြမ်းနေပါမယ်။ ဥနှောက် သေးသေးလေးမို့ လိုအပ်ချက်တွေ များနေမယ်ဆိုတာလည်း နားလည်ပါတယ်။ ကျွန်တော့် အင်တာနက်ကို ပြိုင်ကားအင်ဂျင် တပ်ထားပေမယ့် ဆိုင်းကားသာသာ သွားနှုန်းနဲ့ မောင်းနေရတာမို့ ခုတလော သူငယ်ချင်း မိတ်ဆွေတို့ဆီကို အိမ်ပေါက်စေ့ ရောက်မလာနိုင်ခဲ့ရင်လည်း ထပ်ဆင့် နားလည်ပေးဖို့ မေတ္တာရပ် ချင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။


15 comments:

khin oo may said...

13 Nov 08, 13:25
kom: သနားမိတယ်။ ချက်မလားဟင်။

khin oo may said...

ဆိုင်းကား (ဆိုက်ကား )ဟု ပြင်ဆင် ဖတ်ရှူပါရန်. :D

ဇနိ said...

ကိုယ်ဝါသနာပါတာ လုပ်နေတာ ကောင်းပါတယ်ဗျာ...
ဘယ်ကလဲ ဘယ်သူလဲ ဘာတွေလဲ ဆိုတာ စိတ်ဝင်စားသူတွေလည်း စိတ်ဝင်စားကျပေါ့ဗျာ...(သူတို့အလုပ်)
ကိုယ်ထင်ရာ ကိုယ်ပျော်ရာ ကိုယ်ကြည့်နူးရာ လုပ်နေတာ ကိုယ့်အလုပ်..
(ကျနော်ခံယူထားတာတွေပါ)
ကျနော် ပျော်သရွှေ့တော့ ဆက်လုပ်နေဦးမှာပါ..
ပျော်ရွှင်ပါစေဗျာ

Welcome said...

အစ်မ KOM ခင်ဗျား
ဆိုက္ကားဆိုရင် အားရှိသလောက် နင်းရင် ပြေးပါသေးတယ်။ ဆိုင်းကားဆိုတာ ကျွန်တော်တို့ရွာက ရှင်လောင်းအလှူရဲ့ နောက်ဆုံးက လိုက်ပါလာတဲ့ ဆိုင်းတီးတဲ့ကားပါခင်ဗျာ။ ခြေလျင် လျှောက်သူရဲ့ အမြန်နှုန်းသာသာလေး မောင်းရတာပါ။ နောက်က မီးစက်ကားကိုလည်း တွယ်ထားတဲ့ မီးကြိုးတင်းမသွားအောင် ဂရုစိုက်မောင်းရသေးတယ်လေ .. ဒါကြောင့်ပါ

တားမြစ် ထားသော... said...

ကိုဝင်းဇော် ဖတ်လိုက်ရတော့ တစ်မျိုးပဲ။ လူတွေဆိုတော့လည်း သူ့အမြင်ကိုယ့်အမြင် ဘယ်တူနိုင်မလဲနော်။ ဂျီတော့ကနေ ပျောက်ကုန်ကြတယ်ဆိုတာ သူတို့အဆင့်အတန်းကို သူတို့ပြတာပါ။ မိတ်ဆွေဆိုတာကို သူတို့ တန်ဖိုးထားတတ်တဲ့ အမြင်ကို စောစောသိလိုက်ရတော့ ပိုကောင်းတာပေါ့။

ကျွန်တော်ကတော့ ကိုဝင်းဇော်ရဲ့ ဘလော့ဂ်ကို သဘောကျပါတယ်။ အသုံးဝင်မဲ့ ဝက်ဘ်ဆိုဒ်လေးတွေ စုစုပေးနေတတ်တာ ကိုလည်း သဘောကျနေမိတာ။

ဒီနေ့ခေတ်မှာ အင်တာနက်သုံးရကောင်းမှန်းသိတယ်။ သုံးတတ်တယ်။ သုံးနိုင်တယ်ဆိုကတည်းက ဒီလူမှာ လျော့တွက်လို့မရတဲ့ အရည်အသွေးတွေရှိနေပါတယ်။
“ကိုယ်ဝါသနာပါတာကို လုပ်နေရတာမို့ ကျေနပ်ပါတယ်။” ဒီစကားစုကတော့ အပြည့်စုံဆုံးပါပဲ။

ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေဗျာ။

သုခမိန်(E-Journal)

လင်းဒီပ said...

ကိုဝင်းဇော်ရေ..လောကမှာ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲလေ..
အမှန်ပြောလို့ block လုပ်လိုက်ရင်လည်းကောင်းတာပါပဲ..
ခဏလေး..တကယ့်ကို ခဏလေးလာနေကြရတဲ့ဘဝမှာ..
အနှစ်နဲ့အကာ မကွဲတဲ့လူတွေကို..အကာတွေကြားမှာပဲ အသာထားခဲ့လိုက်ပါ..
ခဏပဲ အချိန်ရတယ်..ဆိုတော့ ပျော်အောင်နေသွားချင်တယ်..
(ဟန်တွေမပါပဲနဲ့လေ)..

Dream said...

အဲယိုမှန်းတိရင် မက်မက် ရာချက်ပေးဘာဒယ်.. အထုဒေါ့.. . ဦးဦးဝင်းချော်ဂျီး တနားပါဒယ်....အဟင့်အဟင့်..:P :P
ဘာမှ အားမငယ်နဲ့ ဦးဦးဝင်းဇော်. မိတ်ဆွေမှာ အဆင့်အတန်း မတူတာ
ဘာမှ မရှိဘူး.. အားလုံး တူတူပါပဲ... ကိုယ့်ကို ဒီတယောက် စကားလာ
မပြောလို့ ဘာမှ အားမငယ်နဲ့... နောက်တယောက် ကလာပြောလိမ့်မယ်... အားမငယ်နဲ့...

ဒါနဲ့ ဥနှောက်မဟုတ်ဘူးနော်.. စာလုံးလေးပြင်လိုက်ဦး
ခင်လို့ပြောတာနော်.. ဆရာလုပ်တာမဟုတ်.. ဟီးဟီး..:P :P

Welcome said...

ညီမငယ် ဒရင်းရေ
အစ်မ KOM စာတွေ သွားဖတ်ဖတ်ရဖန်များတော့ အစ်ကိုလည်း အစ်မKOM လို စတိုင်လ်ထုတ်ထားတာ .. ..

khin oo may said...

စိတ်မရှိပါနဲ့ ရန်ကုန်သူမို့လို့ ဆိုက္ကားဘဲ သိလို့ပါ။ :P

စိုင်းနောင့် said...

ကိုဝင်းဇော်
အွန်လိုင်းပေါ်ရောက်ရင် အစ်ကို့ဆီ အရင် ရောက်ဖြစ်တယ်၊ ရေးသမျှစာတွေ သေချာဖတ်ဖြစ် ပါတယ်။ လိုချင်တဲ့ message ရောက်အောင် ဆွဲရေးသွားနိုင်တဲ့အတွက် ဖတ်လို့ ကောင်းတယ်။ စိတ်ကူးသော်လည်းကောင်း၊ တစ်ကယ့်အဖြစ်သော်လည်းကောင်း သေချာမသိပေမယ့် စိတ်ဓာတ် မကျဖို့ကိုတော့ ပြောချင်ပါတယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကိုတော့ ဆက်ထိန်းထား ပါအုန်း၊ နို့်မို့ အွန်လိုင်းပေါ် အစ်ကိုတစ်ယောက်ထဲ ငေါင်စင်းစင်း ဖြစ်နေအုန်းမယ်(နောက်တာပါ)

pandora said...

ရေးချင်သလောက် ရေးချင်သလို ဆက်သာရေးပါ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားတတ်တယ်ဆိုတာ နည်းနည်းနောနော မဟုတ်ဘူး။

ချက်တဲ့ကိစ္စကတော့ ချက်ဖော်ချက်ဖက် မဟုတ်ခဲ့လို့ မသိခဲ့ဘူး။ ;)

ပျော်ရွှင်အဆင်ပြေပါစေ ကိုဝင်းဇော်။

Ngew Zaw said...

ကိုဝင်းဇော်....
ဘာမှမတွေးနဲ့ ဗျာ....
ကျနော်တော့ ကိုဝင်းဇော် ဘလော့ဂ်ကို သဘောကျတယ်...
ပညာရတယ်..မျှဝေပေးတယ်...
ဘလော့ဂ်ရေးတဲ့ ကိုဝင်းဇော်က ဘလော့ဂါဝင်းဇော် ဖြစ်တယ်..။
ဒါပါဘဲ....
အပြင်မှာ ဘုရင်ကြီးဘဲဖြစ်ဖြစ်...
ဆိုက္ကားနင်းသူဘဲဖြစ်ဖြစ် ကျနော် မသိချင်ဘူး...မဆိုင်ဘူး..
ဘလော့ဂါ ၀င်းဇော်က ဘလော့ဂါဝင်းဇော်ပါဘဲ..။

Anonymous said...

အကိုဝင်းဇော် ... ဒါတွေက
အပေါ်ယံပကာသနတွေပါ ကိုယ်က ပေးချင်တာဘာလည်းဆိုတာနဲ့ ကိုယ်က လိုချင်တာ ဘာလဲဆိုတာကို ကွဲကွဲပြားပြားသိနေတဲ့ လူတစ်ယောက်အဖို့ အခက်အခဲအတားအဆီးဆိုတာ မြူမှုန်စ၊ အသေးအဖွဲလေးပါ။ အားမငယ်၊ စိတ်မပျက်ပါနဲ့။ ကျွန်တော်တို့ အမြဲတမ်း အားပေးနေလျှက်ပါ။ Cheers!!!

ခင်မင်လေးစားစွာဖြင့် ဘေးအနားက

ဆောင်း said...

ဘလော့စခဲ့တုန်းက ဘယ်သူနဲ့မှ မသိခဲ့ဘူးမဟုတ်လား။ ချက်ပေါ်က အသိတွေ ပျောက်တော့ရော ဘာအရေးလဲ။ ချက်မ၀င်တော့ ဘာအရေးလဲ လက်ညောင်းသက်သာတာပေါ့ ဟုတ်ဘူးလား။

လူ့တန်ဖိုးကို ဘာနဲ့ တိုင်းတာ မလဲ။ ဘွဲ့နဲ့ပညာနဲ့လား။ ငွေကြေးနဲ့လား။
သူဌေးကြီးတွေ ဘွဲ့မရဘူးနော် ဘီလ်ဂိတ် ကို ဥပမာကြည့်။

:P said...

ကိုဝင်းဇော်...
ဒီပို့စ်ကို ရှမ်းပြီးကျော်သွားတာ..ခုမှ ဖတ်မိတယ်..
ကိုဝင်းဇော်ကမှ ဆိုင်းကားရှိတဲ့မြို့မှာနေတာပါ။
ကျွန်မတို့မြို့မှာ ရှင်လောင်းဆိုင်းဝိုင်းကို ဆိုက်ကားနဲ့ပဲတင်တဲ့မြို့သေးသေးလေး..
ဆိုင်းဆိုက်ကားလို့ခေါ်ရမလားပဲ....:P:P:P
လူများစုက ၄ ဘီးပါတဲ့ကားမောင်းတတ်တာများပါတယ်။
၁၀ ဘီးကားမောင်းနိုင်တာဂုဏ်ယူပါ။မမကေအိုအမ်တောင် ၄ ဘီးကားပဲမောင်းတတ်တာဂျ..သူ့မှာ(ဃ) လိုင်စင်ပဲရှိတာ။ :)))