Sunday, November 9, 2008

မျှော်လင့်ချက်လေး မှိန်

မျှော်လင့်ချက်လေး မှိန်

ဘီဒို(၂)လုံးအနက် ဘယ်ဘက်ဘီဒိုရဲ့ အောက်ဖက် အကန့်ထဲကို နောက်ဆုံးရထားတဲ့ လက်ဆောင်လေးကို ထည့်သိမ်းဖို့ ဖွင့်လိုက်မိပါတယ်။ အမှန်ကတော့ ဒီနှစ်သက် မိတဲ့ နောက်ဆုံး လက်ဆောင်ဖြစ်တဲ့ ခပ်မှိန်မှန် ဓာတ်ပုံလေးကို ထာဝရ ရင်နဲ့အပ်ပြီး ကိုယ်နဲ့ မခွာထားဖို့ ရည်စူးခဲ့တာပါ။ ဒါပေမယ့်လည်း ပိုင်ရှင်ဖြစ်သူက နောက်မကြည့်ဖို့ တောင်းဆိုလာတဲ့အခါ သူလေး မမြင်နိုင်ပေမယ့် ကတိတစ်လုံးအတွက် ယောက်ျား လုပ်လာတာမို့ နှုတ်ဆက်တဲ့ အနေနဲ့ ဓာတ်ပုံလေးကို တစ်ရှိုက်မက်မက် ကြည့်ခဲ့ပါတယ်။ မထူးခြားပေမယ့် နောက်ခံကို အသားပေးပြီး ရိုက်ထားတဲ့ပုံရဲ့ အလယ်တည့်တည့်မှာ ဓာတ်ပုံပိုင်ရှင်က မခို့တရို့နဲ့ မတ်တပ်ရပ်လျက် ရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံရယ်ပါ။

ကျွန်တော်မှာ အကျင့်တစ်ခု ရှိပါတယ်။ ကိုယ်နှစ်သက်မိတဲ့ ပစ္စည်းတစ်ခုကို အမြတ်တနိုး ၀ယ်ယူ စုဆောင်းတတ်ပြီး မပျောက်မပျက်အောင်လဲ သိမ်းထားတတ်တဲ့ အကျင့်ပါ။ ကိုယ်တိုင် မ၀ယ်ပေမယ့်လည်း လက်ဆောင်ရတဲ့ ပစ္စည်းတွေ ဆိုရင်လည်း ဒီအတိုင်းပဲ သိမ်းဆည်းထားတတ် ပါတယ်။ အထက်တန်း ကျောင်းပြီးတဲ့အထိ အတန်းတိုင်း နှစ်တိုင်း မဟုတ်တောင် ထူးချွန်စွာနဲ့ အောင်ခဲ့လို့ရတဲ့ အောင်လက်မှတ်တွေ၊ အားကစား ထူးချွန် အောင်လက်မှတ်တွေ၊ ဆုတံဆိပ်တွေ၊ ကျောင်းပိတ်လို့ သူငယ်ချင်း အချင်းချင်း လက်ဆောင်ပစ္စည်း လဲလှယ်လို့ ရတဲ့ လက်ဆောင်တွေ အစုံစုံကို အမှတ်တရ ဖြစ်စေဖို့ သိမ်းထားတတ်ပါတယ်။ သင်တန်းတွေ တက်ပြီး ရလာတဲ့ အသိအမှတ်ပြု လက်မှတ်တွေကိုလည်း ဘောင်နဲ့ ကွပ်ထားပြီး မချိတ်ထား ချင်တာကြောင့် ဒီဘီဒိုထဲမှာပဲ စုထည့်ထား ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ငယ်ဘ၀ကို အမှတ်ရရင်၊ သူငယ်ချင်းတွေကို သတိရရင်၊ တစ်ခုခု အဆင်မပြေခဲ့ရင် ဒီလက်ဆောင် ပစ္စည်းတွေကို ထုတ်ထုတ်ကြည့် တတ်ပါတယ်။

ကျွန်တော်နောက်ဆုံး ရထားတဲ့ ဒီဓာတ်ပုံလေးဟာ ကျွန်တော်အတွက် တစ်ဦးတည်း သီးသန့်ပေးထားတဲ့ ဓာတ်ပုံရယ်လို့ ပဲ ထင်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်ကိုပဲ သွားသွား၊ ခရီးဘယ်လောက် ဝေးဝေး၊ ကိုယ်နဲ့မကွာ ယူသွားတတ်ပါတယ်။ သူလေးကို သတိရရင် အလွမ်းပြေကြည့် နိုင်အောင်လို့ရယ်ပါ။ ဒီဓာတ်ပုံ လေးကိုရဖို့အတွက် မိုင် (၆၀)လောက်ဝေးတဲ့ ခရီးကို (၄)ရက်လောက် လာပြီးမှ ရခဲ့တာမို့ ပိုပြီး တန်ဖိုးထားခဲ့ပါတယ်။ သူလေးကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်ကြောင်း တွေ့တဲ့အခါတိုင်း စကားစပ်မိတိုင်း ပြောပြဖြစ်ခဲ့ပါတယ်။ ခုတော့ ကျွန်တော်ထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ဒီဓာတ်ပုံကို နောက်တစ်ယောက်မှာ ရှိနေတဲ့ အကြောင်းကို သူလေးကိုယ်တိုင် ပြောပြလို့ သိခဲ့ရတာပါ။ ဒီလို သိလိုက်တဲ့ အချိန်မှာ စိတ်ထဲ တကယ့်ကိုပဲ ၀မ်းနည်းမိပါတယ်။ ကျွန်တော့် တစ်ယောက်ထဲအတွက် မဟုတ်တော့တဲ့ ဒီဓာတ်ပုံလေးကို သူလေးပြောတဲ့အတိုင်း ဆက်မထားတော့ဖို့ ဆုံးဖြတ်လိုက်တာမို့ အမှတ်တရ ပစ္စည်းတွေ သိမ်းတဲ့ ဘီဒိုထဲကို ထည့်ခဲ့ရတာပါ။ နားမလည်မှုတွေ အများကြီးထဲက နောက်ဆုံးနားလည် မိတာကတော့ ကျွန်တော့်အတွက် မျှော်လင့်ချက်လေး ခပ်မှိန်မှိန် လေးပါပဲဆိုတာပါ။

15 comments:

လင်းဒီပ said...

စက္ကူဓာတ်ပုံလေးကို သိမ်းထားတာက လွယ်ပါတယ်..
နှလုံးသားထဲမှာရှိမယ့် အနန္တပုံလေးတွေကို ဘယ်လိုဖြေရှင်းမလဲ...

pandora said...

ဟုတ်တယ် လင်းဒီပပြောသလိုပဲ နှလုံးသားထဲရှိနေမယ့် ပုံရိပ်ကလေးတွေတော့ ဖျောက်ရခက်မယ်နော်။

ပျော်ရွှင်ပါစေ။

tay zar said...

စိတ်တော့ မကောင်းပါဘူး ။ ဒီလိုဘဲ လုပ်ရတော့မှာပေါ့။ ။

khin oo may said...

စီတ်မကောင်းပါ.ကိုယ့်လူကို စင် ပေါ်ကဘဲ မြင်ချင်ပါသည်။

Unknown said...

မျှော်လင့်ချက်ဆိုတာတော့ မှိန်မှိန်လေးရှိနေရင်တောင် မျှော်လင့်နေကြတုန်းပါဘဲ အကိုရေ.. အတူတူ ဆက်ပြီး မျှော်လင့်ကြတာပေါ့...
ပျော်ရွှင်ပါစေဗျာ..

Anonymous said...

ကိုဝင်းဇော် အချစ်နဲ့ စစ်မှာ မတရားတာမရှိတဲ့ ... ကြမ်းပစ်လိုက်ဆရာ။

Anonymous said...

အခြေအနေအရတော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့ ကိုဝင်းဇော်ရေ .
ကိုယ့်တန်ဖိုးထားမှုနဲ့ မထိုက်တန်တဲ့ အရာကိုတော့ ဒီအတိုင်းပဲ လျှော့ချပစ်ရမှာပေါ့ဗျာ ...
အထက်က ပြောသွားသလို ရင်ထဲက အရာတွေပါ ဖျောက်ဖျက်ပစ်ဖို့ လိုတယ်ဗျ

ရွှေပြည်သူ (ShwePyiThu) said...

ဖြစ်ရပ်မှန် မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဘာပဲပြောပြော ကိုယ်တမြတ်တနိုး တန်ဖိုးထားရတဲ့ ပစ္စည်းတစ်ခုဟာ တခြားတစ်ယောက်ဆီမှာလည်း Copy တစ်ခုရှိနေတယ် ဆိုတဲ့အသိနဲ့ပဲ စက္ကူပေါ်က ပုံရိပ်ကိုရော (လင်းဒီပပြောသလို) နှလုံးသားထဲက ပုံရိပ်ကိုပါ အမြန်ဆုံး ဖျောက်ပစ်နိုင်ပါစေ... စိတ်ချမ်းသာပါစေ မောင်လေးဝင်းဇော်ရေ...

ဟန်လင်းထွန်း said...

လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလေးလုပ်ရမှာပေါ့အကိုရာ

:P said...

ပေးပြီးသားပစ္စည်းတစ်ခုကို ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့ တောင်းဆိုလို့ရသလား...(နောက်မကြည့်ဖို့ တောင်းဆိုလာတယ်ဆိုလို့ပါ)
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ....ပျော်ရွှင်ပါစေ

Dr Phyo Wai Kyaw said...

ကိုဝင်းဇော်...က
နာလံထ မြန်ပါတယ်ဗျ

အရှင်းပျောက်ချင်ရင်တော့
"သတိ"နည်းနည်းပိုထားရမှာပေါ့။

ဖိုးဂျယ် said...

အဆင်ပြေပါစေဗျာ။

Anonymous said...

ဖတ်ရတာ စိတ်ထတစ်မျိုးလေး ဖြစ်သွားတယ်။
ကိုဝင်းဇော်တစ်ယောက် အရာရာကို မှန်ကန်ရဲရင့်စွာ ဆုံးဖြတ်ချက် ချနိုင်ပါစေ။ အချစ်စစ်တစ်ခုရဲ့ တန်ပြန်ရောင်ပြန်ဟပ်မှုကို အမြန်ဆုံး ခံစားနိုင်ရပါစေလို့................

pethein said...

မျှော်လင့်ချက်တစ်ခုမှိန်သွားရင် နောက်မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတာ သိလာမှာပါ အမျိုးသားရာခိုင်နှုန်းတော်တော်များများ ခံစားဖူးတဲ့ဝေဒနာပါ အချစ်ရဲ့ပုံစံတစ်ခုပါ။
(လေးစားလျက် -ဖေသိန်း)

စိုင်းနောင့် said...

စိတ်ကောက်တုန်းခဏ ဖြစ်မှာပါ။ ပြန်ချော့လိုက်ပါ။ အဆင်ပြေ သွားပါမယ်။ သူ့ရဲ့အပြစ်ကို မြင်နေရင်တော့ အစ်ကို မှားပါမယ်။ ခွင့်လွှတ်လိုက်ပါ ။