Monday, November 3, 2008

ရက် ၁၂ဝ ဇာတ်သိမ်းခန်း

ရက် ၁၂ဝ ဇာတ်သိမ်းခန်း

" ဘ၀ဆိုတာ မှားယွင်းမှုတွေ၊ လွဲချော်မှုတွေနဲ့ ပိုပြီး လှပလာတတ်တယ် " လို့ သိခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက် မဟုတ်တန်ရာ ပါဘူး။ ဘဝဆိုတာ တိုတိုလေးလို့ ထင်ထားခဲ့မိတာ သေချာပါတယ်။ ကျွန်တော့်အတွက် ဘဝက တိုတိုလေးအပြင် ထပ်တူညီစွာပဲ မရှိမဲ့ ရှိမဲ့ သံယောဇဉ်ကလည်း တိုတိုလေးပါ။ ခေတ်စကားနဲ့ ပြောရရင် သံယောဇဉ် ခပ်ပါးပါးလေးပေါ့။ ဖြစ်ချင်တော့ သံယောဇဉ် ပါးပါးလေးတောင် ဘာမှ အမှတ်ရစရာ မကျန်အောင် ပြည်သူပိုင် ပြန်သိမ်းသွားတာမို့ ရင်ထဲ ဟာလာဟင်းလင်း ဖြစ်ပြီး နေရထိုင်ရ တစ်ကယ့်ကို ဂဏာမငြိမ်ဖြစ်ခဲ့ရပါတယ်။ တစ်ကယ် ပြတ်သားနိုင်သူလေးလို့လဲ စိတ်ထဲ တိုးတိုးလေး ကောက်ချက်ချမိပါတယ်။

ကျွန်တော်နဲ့ သိခွင့် ခင်မင်ခွင့် ကျွမ်းဝင်ခွင့် ရခဲ့လို့ သူလေးအတွက် သူ့ဘဝမှာ မှားယွင်းမှုတစ်ခုအဖြစ် နောင်တ ဖြစ်စေခဲ့ပြီလား။ ပြန်လည် ဖြေရှင်းခွင့် မရနိုင်ခဲ့တဲ့အတွက် အမှားတရား အားလုံးကို ကျွန်တော်ပဲ တာဝန်ရှိသူ ဖြစ်ခဲ့ရပါတယ်။ အစောပိုင်းအချိန်တွေမှာ အတွေးတွေ ဝိုးတဝါးနဲ့ ထွေပြားနေမိပါတယ်။ တစ်ခါတစ်လေ တော့လည်း စိတ်ဝိညာဉ်ဟာ သောင်ခုံပေါ်မှာ ငါးတစ်ကောင်လို ဖျတ်ဖျတ်ခုန် နေတတ်ပါတယ်။ လူ့ဘဝမှာ အမှားအမှန် ပိုင်းခြား သိမြင်ဖို့၊ စာနာထောက်ထားဖို့ ခွင့်ပြု မပေးတော့ဘူးလားလို့ သံသယ ဝင်မိပါတယ်။ ဖြစ်ပျက်မှုတွေဟာ ဖြေရှင်းနိုင်တဲ့ အသေးအမွှား တစ်ရပ်သာ ဖြစ်ပါတယ်။ လေးနက်မှုကင်းတဲ့ ပုဂ္ဂလိက ခံစားချက်သာဖြစ်ပါတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ သူထင်မြင်ခဲ့တဲ့ ကျွန်တော့်ရဲ့ သိမ်ဖျင်းမှုအတွက် သူလေး ကြေကွဲစွာနဲ့ လှောင်ပြုံးပြုံး နေမှာပါ၊ တမြေ့မြေ့ ခံစားနေရရှာမှာပါ။

တန်ဖိုးမရှိတဲ့ ပညာမဲ့တဲ့ ကျွန်တော့်အတွက်နဲ့တော့ မင်းလေးကို မျက်ရည် မကျစေချင်တာ အမှန်ပါ။ မင်းလေး ပါးပြင်ပေါ်က မျက်ရည်စတွေ အလွမ်းသက်သေ မဖြစ်အောင် သုတ်ပစ်လိုက်ပါ။ အဖျားခတ်သွားတဲ့ လောကဓံအောက်မှာ မင်းလေးကို အကြိမ်ကြိမ် ဒူးထောက် ပြီးပါပြီ။ ကျေနပ်ပါလို့ ပြောပါရစေ။ လူတစ်ယောက်ရဲ့ သိက္ခာကို ပညာဂုဏ်နဲ့ ချိန်မှ တန်ဖိုးရှိတာမှန်ပေမယ့် အလှည့်ကျရင် မနွဲ့စတမ်းလို့ ကျိန်မပြောရက်ပါဘူး။ စေတနာဆိုတာ ခုချိန်မှာ ငွေပါမှ သေချာတာမို့ မင်းလေး သိအောင် ပြောပြချင်ပါတယ်။ ဟန်ဆောင်ကောင်းတိုင်းသာ မင်းသားဖြစ်မယ်ဆိုရင် ပရိသတ်ဆိုတာ ငါတစ်ယောက် တည်းပဲ ရှိမယ်ဆိုတာပါပဲ။

2 comments:

Anonymous said...

အစ်ကိုရဲ့ ခံစားနေရတာတွေ အမြန် သက်သာ ပါစေလို့ ဆုတောင်း ပေးပါတယ်ဗျာ...

ကဗျာမလေး said...

လူတစ်ယောက်ရဲ့ သိက္ခာကို ပညာဂုဏ်နဲ့ ချိန်မှ တန်ဖိုးရှိတာ .. ဟုတ်ရဲ့လား ကိုဝင်းဇော်ရယ် .... "စေတနာဆိုတာ ခုချိန်မှာ ငွေပါမှ သေချာတာမို့ မင်းလေး သိအောင် ပြောပြချင်ပါတယ်။" ဒါတော့ လက်ခံတယ်။
"ဟန်ဆောင်ကောင်းတိုင်းသာ မင်းသားဖြစ်မယ်ဆိုရင် ပရိသတ်ဆိုတာ ငါတစ်ယောက် တည်းပဲ ရှိမယ်ဆိုတာပါပဲ။" ဒီစာသားလေးကြိုက်တယ်...။