Saturday, November 1, 2008

ပန်းနုရောင် လေသာပြူတင်းဆီ .. .. သို့

ပန်းနုရောင် လေသာပြူတင်းဆီ .. .. သို့

ဘဝတိုတိုလေးမှာ လူတွေဟာ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင် နေကြတယ်လို့ ပြောကြပါတယ်။ လောက အကြောင်းကို ဂဃနဏ မသိသေးတဲ့ နို့စို့အရွယ် ကလေးငယ်လေး တစ်ယောက်ရဲ့ မျှော်လင့်ချက်ကတော့ မွေးမေမေရဲ့ ချော့မြူမှုကို တောင့်တခြင်းပဲ ဖြစ်မှာပါ။ ကျောင်းနေအရွယ် ကျောင်းသားတွေရဲ့ မျှော်မှန်းချက် ကတော့ ထူးချွန်ထက်မြက်တဲ့ ပညာတတ်တစ်ယောက် ဖြစ်ဖို့ကြိုးစားကြတာ ဖြစ်ပါမယ်။ အစွဲအလမ်းကြီးပြီး ခံစားမှုကို ဦးစားပေးလာတဲ့ နှစ်ဆယ်ကျော် သက်လတ်ပိုင်းကျတော့ အရာရာကို စွန့်စားချင်၊ ဆန့်ကျင်ချင်ပြီး လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ စိတ်လောဘကို အလေးသာစေတဲ့ အရွယ်ဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ခုခုကို စွဲစွဲမြဲမြဲ တမ်းတမ်းတတနဲ့ မျှော်လင့်ချက်ကြီးစွာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်လိုက်ချင်တဲ့ တဇွတ်ထိုးစိတ်လည်း ရှိမယ် ယူဆမိပါတယ်။ ရူးမိုက်မိုက် အရွယ်နဲ့ ရူးနမ်းနမ်း အတွေး မို့လည်းပဲ အမှားနွံထဲလည်း တစ်ကြိမ်တစ်ခါတော့ တိုးဝင်ခဲ့တာလည်း ရှိပါမယ်။ ကိုယ့်လုပ်ရပ် အမှားအပေါ် သာယာနေမိ တာကိုလည်း ကျေနပ်နေမှာ အမှန်ပါပဲ။ ကိုယ့်လုပ်ဆောင်နေတဲ့ အမှားကို ပတ်ဝန်းကျင်ကောင်း တစ်ခုက စေတနာသန့်သန့်နဲ့ အသိပေးလို့ အသိတရားရပြီး ပြုပြင်မယ်ဆိုရင်တော့ အဲဒီအမှားကနေ သင်ခန်းစာကောင်း တစ်ခုရမှာ ဧကန်မလွဲပါဘူးလို့ ထင်မိပါတယ်။

လုပ်ရပ်မှားတစ်ခုအတွက် မျှော်လင့်ချက် လုံးလုံး ဆုံးရှုံးသွားမယ်ဆိုရင် လူတစ်ယောက် အတွက် ကိုယ်၊ စိတ်၊ နှလုံး ချုံးချုံးကျရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရပါမယ်။ ဘယ်လိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိတဲ့သူ ဖြစ်ပါစေ၊ ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့ရတဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းသွားခဲ့မယ်ဆိုရင် မျှော်လင့်သည်ထက် အဆမတန် နာကျင် ကြေကွဲရမှာ အသေအချာပါပဲ။ ဒါပေမယ့် ယုံကြည်မှုတွေ မပျောက်ဆုံးစေဘဲ ဘဝအသစ်အတွက် နောက်ထပ် မျှော်လင့်ချက်များ ထားရှိနိုင်ရင်ဖြင့် ရိုးသား ကြိုးစားပြီး တော်တည့် ကောင်းမွန် မှန်ကန်တဲ့ လူသားများအတွက် အောင်မြင်မှုဆိုတာ မလွဲမသွေ ပြန်လည် ရရှိနိုင်မယ့် အရာတစ်ခု ဖြစ်ပါမယ်။ မျှော်လင့်ချက် ရှိနေသရွေ့ ဘဝဟာ ရှင်သန် သက်ဝင် လှုပ်ရှား အာရုံဝင်စား စရာတွေ ရှိနေမှာပဲ ဖြစ်ပါမယ်။ မျှော်လင့်ချက်ဟာ လူသားများအတွက် အဓိပ္ပာယ်ရှိရှိ ဆက်လက် ရှင်သန်ဖို့ အကြီးမားဆုံး အင်အားတစ်ရပ်လို့ မြင်မိပါတယ်။ ဒါကြောင့် ဘဝမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ခံယူချက်နဲ့ လျှောက်လှမ်းနေရတဲ့ ခရီးလမ်း တွေဟာ ချောမွေ့ဖို့ထက် ခက်ခဲကြမ်းတမ်းဖို့က ပိုပြီးများမှာ သေချာပါတယ်။ ဒီလိုနဲ့ပဲ ဘဝက သင်ပေးလိုက်တဲ့ အမှားသင်ခန်းစာတွေကို ရင်ဝယ်ပိုက်ပြီး အခက်အခဲတွေကို ကျော်လွှားရင်း နွမ်းလျစွာနဲ့ တိုးဝင်လျက်ပါ လှမ်းဝင်လျက်ပါ .. .. ..

9 comments:

Dr Phyo Wai Kyaw said...

မှန်ပါတယ်
ကြေကွဲစရာနဲ့တွေ့တော့
ကြေကွဲရတာ ဓမ္မတာပါပဲ
ဒီတစ်ဘ၀တည်းမှ မဟုတ်
ဘ၀ပေါင်းများစွာ ကြုံခဲ့ဖူးပါပြီ
စိတ်မပျက်ပါနဲ့...
ကျော်လွှားနိုင်မှာပါ..
အဆင်ပြေချမ်းမြေ့ပါစေ။

ကိုတိုး said...

ဟုတ်ပါတယ်အကို
ကြေကွဲစရာတွေနဲ့တွေ့တော့ ဝမ်းနည်းတာပါပဲ
ဘယ်လိုပဲဖြစ်ဖြစ်အကိုရာ
စိတ်မပျက်ပါနဲ့
ဝမ်းနည်းမှုတွေကို ကျော်လွားနိုင်ပါစေဗျာအကို။

Phyu said...

မျှော်လင့်ချက်အပြည့်နဲ့ ရှင်သန်နိုင်ပါစေ

Anonymous said...

ဒီလိုပါပဲဗျာ ဘ၀ဆိုတာ တိုက်ပွဲ ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ
အောင်မြင်လိုက် ကျရှုံးလိုက်ပေါ့
လဲရင် ပြန်ထပေါ့ဗျာ
တောက်ပတဲ့ နေ့ရက်တွေ ရှိနေမှာပါ

Chaos said...

အခက်အခဲတွေ အားလုံးကိုကျော်လွှားလို့
ဘ၀ကြီးကို ရဲရဲဝံ့ဝံ့ ၀င်တိုက်ပစ်လိုက်စမ်းပါ အစ်ကိုရေ့
ဒီကောင် ဘာခံနိုင်မလဲ။
အရှုံးမပေးနဲ့။
မျှော်လင့်ချက်ရှိနေသေးသရွေ့
မျှော်လင့်နေသေးသရွေ့
မျှော်လင့်လို့ ရနေသေးသရွေ့
အရာအားလုံး ကိုယ့်မျက်စိရှေ့ရောက်လာမှာပါ။

သစ်နက်ဆူး said...

ညီလေးရေ.....
အရှုံးမပေးဘဲ ...အောင်မြင်မှုတွေကို ဆက်ယူပါ..။
အခက်အခဲတိုင်းဟာ ယောင်္ကျားကောင်းတွေအတွက် ဘ၀မှတ်ကျောက်တွေပါဘဲ...။
ဒီနေ့ ရင်ကွဲမတတ် နှလုံးသားကြွေမတတ်ခံစားရတဲ့ ဝေဒနာက
ညီလေးရင့်ကျက်လာချိန်မှာ ပြန်တွေးမိရင်.....
ကိုယ့်ကိုကိုယ် ပြန်ပြီး ရှက်ပြုံး....ပြုံးမိပါလိမ့်မယ်...။

Apprenticeship said...

အင်းပေါ့ သတ္တိရှိတဲ့နေရာမှာ အကျိုးသင့်အကြောင်းသင့် စဉ်းစားပြီး ကိုယ်လိုချင်တာကိုယူနေတာက အဆင်သင့်ရတဲ့ အခွင့်အရေးတွေထက်အများကြီး ပိုပျော်ဖို့ကောင်းတယ်

Anonymous said...

ဘယ်လို အခက်အခဲတွေ ကြုံတွေ့ နေပါစေ မသေခင် အထိ ဘဝခရီးကို လျှောက်လှမ်းနေရမှာ ဆိုတော့ တွေ့လာ သမျှ အခက်အခဲ တွေကို ကျော်ခွသာ သွားရတော့မှာပေါ့ဗျ.. မကျော်နိုင်ရင်လဲ နင်းသာ ပစ်လိုက်ပေတော့.။ ဘာကိုမှ စိတ်ထဲ ခံစားမနေပါနဲ့လို့ ပြောချင်ပါတယ်ဗျာ..

အားပေးလျက်...

စိုင်းနောင့် said...

အစ်ကို
သိပ်တော့ နားမလည်ပေမယ့် ဘလော့ဂ်ကို ဆက်ရေးဖို့ တိုက်တွန်း ချင်ပါတယ်။ ရင်ထဲ ခံစားနေရတာတွေ မရေးချင်တော့ရင်တောင် ဗဟုသုတတွေရစေမယ့် ပို့စ်တွေရေးပါ၊ ဟာသတွေ၊ ကျန်းမာရေး တွေ စသဖြင့်ပေါ့။ ပွားတာများသွားရင် ခွင့်လွှတ်ပါ