Thursday, September 11, 2008

ကိုကိုတွေသိထားရမယ့် ညီမလေးတို့ရဲ့ လျှို့ဝှက်ချက်

ကိုကိုတွေသိထားရမယ့် ညီမလေးတို့ရဲ့ လျှို့ဝှက်ချက်

အချစ်ဟာ စစ်ပွဲတစ်ပွဲဆိုရင် ကျွန်တော်က အဲဒီစစ်ပွဲမှာ အောင်နိုင်သူပဲ ဖြစ်ချင်ပါတယ်။
အချစ်ဟာ ကစားပွဲတစ်ပွဲဆိုရင် ကျွန်တော်က အဲဒီကစားပွဲမှာ အနိုင်ရသူပဲ ဖြစ်ချင်နေမိပါတယ်။
တစ်ကယ်လို့ အချစ်ဟာ ပန်းကလေးတစ်ပွင့်နဲ့ တူနေမယ်ဆိုရင် ကျွန်တော့်နားမှာ ကောက်ပြီး ပန်ထားမိမှာပါ။ (မာမီလို့ပဲ ထင်ချင်ထင်ပါစေ)
ဒါပေမယ့် ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကိုယ့်ကောင်မလေးက ကိုယ့်ကို ဖွင့်မပြောဘဲ ထိန်ချန်ထားတဲ့ လျှို့ဝှက်ချက်(၅)ချက် ရှိတယ်။
သူငယ်ချင်းတို့ရော သိရဲ့လား။ ကိုယ့်ကောင်မလေးကတော့ '' ပြောဘူး၊ သတ်ရင်သတ်လိုက်၊ အသေသာ ခံသွားမယ် " ဆိုပြီး ကျွန်တော်တို့ကို ပြောပြသွားမှာ မဟုတ်ပါဘူး။ ကောင်မလေးတွေ ထိန်ချန်ထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်(၅)ချက်ကို ကိုယ်တို့အချင်းချင်း သိသင့် သိထိုက်တယ်ထင်လို့ လက်မတို့ဘဲ ပြောလိုက်ပါရစေ .. .. ။

လျှို့ဝှက်ချက်(၁)၊ ပိုးပန်းဖို့အရေး တို့ဖက်က မနှေးစေနဲ့

" မြင်မြင်ချင်းကို ချစ်မိပြီ " ဆိုတဲ့ " Love at first Sight " ဆိုတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီစကားလိုပဲ " မြင်မြင်ချင်းကို သောက်ညင်ကတ် ချင်စိတ် ပေါက်မိတယ် " ဆိုတဲ့ စကားကိုလည်း သိကြမယ်ထင်ပါတယ်။ မိန်းကလေး တစ်ယောက်ကို ကိုယ်က စိတ်ဝင်စားလို့ ချစ်စကား လိုက်ပြောရင် ကောင်မလေးက " ရှင့်ကို ကျွန်မလေ မြင်မြင်ချင်း ချစ်စိတ်ဝင်သွားတယ် သိလား " လို့တော့ ပြောမှာ မဟုတ်ပါဘူး။ နှာခေါင်းရှုံ့၊ ခြေဆောင့်ပြီး ကိုယ့်ကို မြင်မြင်ချင်း သောက်ညင်ကတ် တဲ့အမူအရာ လုပ်ပြသွားတာကို ခံရမှာ အသေအချာပါပဲ။ (မူတာမူတာ)

ကိုယ်က မိန်းကလေးတစ်ယောက်ကို လက်ဆယ်ဖြာ ယှက်ကာဆက်ပြီး အသည်းနှလုံး အလှူခံနေပြီဆိုရင် မိန်းကလေးဘက်က စတင်ပြီး စဉ်းစားခန်းဝင်ပါပြီ။ " အင်း ရုပ်ကလေးကတော့ မဆိုးဘူး၊ ချောချောလေးပဲ၊ ဒါပေမယ့် မူလိုက်အုန်းမှ " ဆိုပြီး ချစ်တော့ချစ်တယ်။ မိန်းကလေးတန်မဲ့ နှုတ်အလိုကိုတော့ မလိုက်သေးဘူး ဆိုပြီး ချစ်ကြောင်း ကြိုက်ကြောင်း ကိုယ်အမူအရာ တွေနဲ့ပဲ ပြောနေပါလိမ့်မယ်။ ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး ဗြုန်းစားကြီး အဖြေပေးအုန်းမှာ မဟုတ်ပါဘူး။ အဲ ရုပ်က ပုံမလာ၊ ပန်းမလာ တောဂိုက် ဖြစ်နေမယ် ဆိုရင်တော့ မျက်စောင်းတွေ၊ ဂျိုစောင်းတွေ၊ လက်ဝါးစောင်းတွေ အကျွေးခံပြီသာမှတ်ပါ။ ဒါကြောင့် မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို လက်ဖြန့်တောင်း တော့မယ်ဆိုရင် အချိန်အနည်းငယ်ကနေ အချိန်အများကြီး ပိုးပန်းပေးဖို့ လိုပါမယ်။ မိန်းကလေးမို့ အရှက်အကြောက် ကြီးတတ်တဲ့ မိန်းကလေးတို့သဘာဝကို သိနေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရင်ထဲမှာ ကိုယ်ရှိနေပေမယ့်လည်း ဖွင့်ပြောဖို့ ခက်လှတဲ့ အနေအထားကို ကောင်းကောင်း သဘောပေါက် နားလည်ထားရပါမယ်။ ဒါကြောင့် ပိုးပန်းဖို့ အရေး ၀န်မလေးရပါဘူး။

လျှို့ဝှက်ချက်(၂)၊ မပြောရစေနဲ့ အလိုက်သိပါစေ

မိန်းကလေးတွေဟာ ကိုယ်တို့ ယောက်ျားတွေထက် ဆက်ဆံရေး ကောင်းတယ်လို့ ပြောလို့ရတယ်။ မိတ်ဆွေများတယ်ပေါ့။ ယောက်ျားတွေ ထက်လည်း စကား များများ ပြောနိုင်စွမ်းရှိကြပါတယ်။ နောက်ပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ "အင်း၊ အဲ၊ အော်" လုပ်တတ်ကြတယ်။ (Follow ကောင်းတာပေါ့) ။ မိန်းကလေး တစ်ယောက်နဲ့ စကားပြောလို့ သူလေးက ကိုယ့်ကို " ဟီလိုက်၊ ဟဲလိုက် " မလုပ်ဘဲ၊ " အင်းလိုက်၊ အဲလိုက် " ချည်းပဲ လုပ်နေပြီဆိုရင် သေချာပေါက် မှတ်လိုက်ပါ။ ကိုယ်ပြောနေတဲ့ စကားကို ရာနှုန်းပြည့် စိတ်မ၀င်စားဘူးဆိုတာ ကျိန်းသေနေပါပြီ။ ကိုယ်က စကားတစ်ခွန်း ပြောလိုက်တိုင်း သူလေးက "သြ၊ အင်း၊ အဲ ဟုတ်တာပေါ့၊ ဒီလိုလား၊ ဒါ မှန်တာပေါ့ " စတဲ့ စကားလုံး တိုတိုတွေနဲ့ ပြောနေပြီဆိုရင် ကိုယ်က အလိုက်သိတော့။ သူလေးကတော့ ပါးစပ်ကနေ ဖွင့်ပြောမှာ မဟုတ်ဘူး။ လိမ္မာပါးနပ်စွာနဲ့ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို ဒီမှာတင်ရပ်ပြီး၊ ဟာသနှောပြီး တစ်ခြားအကြောင်းအရာ ပြောင်းပြောဖို့ ကြီးစားပေတော့ သူငယ်ချင်းတို့ရေ။

လျှို့ဝှက်ချက်(၃)၊ တစ်ဘက်စောင်းနင်း ခင်မင်မှုဇာတ်လမ်း

သ၀န်တိုတာပဲ ပြောရမလား၊ အချစ်ကြီးတာပဲ ဆိုရမလားပဲ။ ကောင်မလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခင်မင် ရင်းနှီးစွာနဲ့ အပေါင်းအသင်း လုပ်လို့ရပေမယ့် သူချစ်နေတဲ့ သူ့ချစ်သူကောင်လေး ကိုတော့ သူ့သူငယ်ချင်း မိန်းကလေး အပေါင်းအသင်းတွေနဲ့ ရင်းနှီးသွားမှာ ခင်မင်သွားမှာကို မလို လားကြပါဘူး။ ဒါကို မယုံမရှိပါနဲ့။ အရမ်းချစ်ကြတဲ့ သူငယ်ချင်း မိန်းကလေးနှစ်ယောက် ရှိတယ်။ ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူက သူ့ကောင်မလေး သူငယ်ချင်းကို ရင်းရင်းနှီးနှီးကြီး ဆက်ဆံတာကို သူ့ကောင်မလေးက နှစ်သက်မှာ မဟုတ်ပါဘူး။ မိန်းကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် မခေါ်နိုင်၊ မပြောနိုင်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ချစ်သူလေးရဲ့ မိန်းကလေး သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရင် စကားပြောတာ ဖြစ်ဖြစ်၊ အနေအထိုင် အမူအယာပဲ ဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင် ရှိသင့်ပါတယ်။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကိုတော့ ဝေမစားနိုင်တဲ့ သူတို့ရဲ့ မနောကို ကိုယ်တို့ယောက်ျားသားတွေ အလိုက် သိနေဖို့ လိုပါမယ်။

လျှို့ဝှက်ချက်(၄)၊ ကိုကိုနော်

ဘယ်ကောင်မလေးကမှ ကိုယ့်ချစ်သူကောင်လေးကို ကိုယ့်ထက်လှတဲ့၊ ချောတဲ့ ကောင်မလေးနဲ့ အရောဝင်နေတာကို ရှုစိမ့်မယ်၊ မုဒိတာပွားနိုင်မယ် မရှိပါဘူး။ ကိုယ်ကတော့ အဲဒီမဒီချောကို ရိုးရိုးသားသား လို့ပဲပြောပြော၊ ဖြူဖြူစင်စင် လို့ပဲဆိုဆို ဒါမှမဟုတ် နှာရောင်ငန်းဖျားစိတ်နဲ့ လျှာကြောရှည်နေတာပဲ ဖြစ်ဖြစ် ကိုယ့်ကောင်မလေးက အစိုးရိမ်တွေပိုပြီး ဘယ်လိုမှ ကြည့်မရ၊ ရှုမရ ဖြစ်နေပါလိမ့်မယ်။ စိတ်အားငယ် နေပါလိမ့်မယ်။ မိန်းကလေးဘက်က မယ်ကုဝဏ် လို ဖြစ်နေ ပေမယ့် သူ့ချစ်သူကတော့ နတ်သူလေးကျနေတာပဲ (အမှန်က နတ်ကတော်နဲ့ တူချင်တူနေမှာပါ)၊ မျက်လုံးလေးက ဝိုင်းစက်ပြီး ရွှန်းလဲ့နေတာပဲ (အမှန်က ပြူးထက် ပြီး ငေါနေမှာပါ)၊ နှာတံလေးက စင်းနေတာပဲ (အမှန်က အလယ်မှာ ပြားနေတာ လူတိုင်းကသိပါတယ်)၊ နှုတ်ခမ်းလေးကလည်း ဖူးဖူးလေး (အမှန်က ဖူးနေတာ မဟုတ်၊ ဆူပြီး ထော်လှန်နေတဲ့နှုတ်ခမ်း ရှင်ဖြစ်မှာပါ) ဆိုပြီး စိတ်ကျေနပ်အောင် ပြောတတ်ကြတာ မဟုတ်ဘူးလားဗျာ။ ဘာကြောင့်လဲ ဆိုတာ့ Love is Blind လေ။ အချစ်ဗိုင်းရပ်စ် ကိုက်သွားလို့ ကန်းနေတဲ့ မျက်စိနဲ့ကြည့်မှတော့ မလှလည်း လှနေတာပဲ မဟုတ်လား။ အလှအပဆိုတာ ကြည့်ရှုသူနဲ့ပဲ ဆိုင်တာ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ထက် အဆ(၁၀၀) မပြောနဲ့ တစ်ဆပဲ သာတဲ့ အပျိုချောနဲ့ ကိုယ့်ချစ်သူကောင်လေး ထိုင်စကေားပြောနေပြီ ဆိုရင်တော့ သူလေးရဲ့ ရင်ထဲမှာ ဆူနာမီရေလှိုင်းတင် မကပါဘူး၊ ဟာရီကိန်းမုန်တိုင်းပါ ၀င်မွှေသလို ခံစားနေရ ပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက် ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ သစ္စာရှိပါတယ် ဆိုတဲ့ အောင်လက်မှတ်တွေ ဘယ်လောက်ပဲပေးပေး ခိုးချပြီး အောင်တာပဲလို့ တစ်ဖက်သတ် သံသယ၀င်နေလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ ပုရိသ တွေအနေနဲ့ စုမိတဲ့အချစ်တွေအားလုံး သူလေး တစ်ယောက်တည်း အတွက်ပါလို့ သက်သေပြနိုင်အောင် အနေအထိုင်လေးတော့ ဆင်ခြင်ကြစို့ပါ။

လျှို့ဝှက်ချက်(၅)၊ ဝေးဝေးမသွားနဲ့

မိန်းကလေးတွေဟာ တစ်မျိုးပါပဲ။ သူတို့ အချစ်ကြီးလာရင် ကြောက်ဖို့ ကောင်းပါတယ်။ သူတို့ မျက်စိအောက်က အပျောက်မခံနိုင်ကြဘူး။ အရေးကြီးတယ်၊ သွားစရာ ရှိတယ်လို့ပါဆိုလည်း မရပါဘူး။ " သူလေးထက် အရေးကြီးတဲ့ ကိစ္စရှိသေးလား " တဲ့။ နောက်ပြီး job ka a yay kyi tar pae. lote pot. ya tal ဆိုတဲ့ အပြောလေးတွေနဲ့ အရည်ပျော်လု မတတ်ပါပဲ။ မိန်းကလေးတွေ ဆိုတာ ကိုယ့်ချစ်သူနဲ့ အမြဲတစေ အတူ နေလိုတဲ့ ဆန္ဒရှိကြတယ်။ အားငယ် တတ်ကြတာမို့ပါ။ မျက်စိအောက်က အပျောက်မခံနိုင်ကြပါဘူး။ (တစ်ချို့ကောင်လေးတွေက လက်သွတ်တာမို့ပါ) ဒါကြောင့် အချိန်ရနိုင် သရွေ့ကို သူတို့လေးနဲ့ အတူနေပေးနိုင်ဖို့ ကြိုးစားပေးသင့်ပါတယ်။ သူတို့ ရင်ထဲက အချစ်စိတ်တွေကို ကိုယ်တို့ ယောက်ျားတွေ နားလည်ပေးသင့်ပါတယ်။ အပြန်အလှန် အားဖြင့် တို့ယောက်ျားတွေရဲ့ အခက်အခဲကိုလည်း သူတို့ နားလည်လာအောင် တဖြည်းဖြည်း နားသွင်းရမှာ တာဝန်တစ်ခုပေါ့ဗျာ။

လောကမှာ အချစ်သာရှိရင် အရာရာ ပြီးပြည့်စုံပြီး ကမ္ဘာကြီးလည်း သာယာလှပနေမှာပါ။ အချစ်ရှိနေရင် ဆူးမွေ့ယာမှာလည်း အိပ်ရဲတယ်။ ခရောင်းလမ်းလည်း လျှောက်လှမ်းရဲတယ်။ မီးပင်လယ်လည်း ကူးရဲတယ်။ ဓားတောင်ကိုလည်း ကျော်ဖြတ်ရဲတယ်။ အချစ်မရှိရင် အချစ်မဲ့ရင် ဘ၀ဟာ သေနေသလိုပါပဲ ဒါကြောင့် အချစ်ဟာ လောကမှာ အရေးကြီးဆုံးနဲ့ မရှိမဖြစ်အရာပါ။ မိန်းကလေးတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိတဲ့အတွက် လာအော်မယ့်သူတွေကို ရှောင်ရှားရင်းနဲ့ အားလုံး ကျေနပ်နိုင်ပါစေလို့။

(၉-၉-၂၀၀၈၊ အင်္ဂါနေ့၊ ပင်လောင်းမြို့၊ တောင်ပိုင်းရှမ်းပြည်)

7 comments:

သက်တန့် said...

အကိုသယ်ရင်းရေ...
လျှို့ဝှက်ချက်တွေက ကိုယ်တွေ့မှတ်တမ်းလားလို့ ထင်လိုက်မိတယ်...
မမှားလောက်ဘူးပါနော်... ဟုတ်တယ်ဟုတ်... :P

Nge Naing said...

Congratulation!
မနေ့တနေ့ကအထိ တောက်ရှောက် အလွမ်းတွေ၊ ဝေဒနာတွေချည်းပဲ တင်ထားတာကို ဖတ်လာခဲ့ရာကနေ အခြေအနေ ပြောင်းတော့လည်း ချက်ချင်းကြီးပါလား။ ဖတ်တဲ့သူဆီတောင် အပျော်တွေကူးတယ်ဆိုတော့ ကာယကံရှင်ဆိုရင် ဘယ်လောက်ပျော်နေလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ခုတော့ အလွမ်းတွေ၊ ဝေဒနာတွေကို ပင်လောင်းမှာ မြှပ်နှံလိုက်ပြီး ကုသိုလ်ကံက ၀င်းဇော်ဘက်ရောက်လာဆိုတာ သေချာနေပြီ။ လေသံကလည်း မိန်းမကျမ်း ၁၀ စောင်လောက် ပြုစုထားတဲ့ ကျမ်းပြုဆရာကြီးတယေက်ရဲ့ လေသံနဲ့ စစ်ပွဲ ၁၀ ပွဲလောက်ဆက်တိုက် အောင်မြင်လာတဲ့ စစ်မြေပြင်က ပြန်လာတဲ့ စစ်သူကြီးတယောက်ရဲ့ ပျော်ရွှင်နေတဲ့ လေသံနှစ်ခုပေါင်းပြီး မိန်းကလေးတွေအကြောင်းကို ဆရာကြီးလုပ်နိုင်တဲ့အထိ ဖြစ်နေပြီဆိုတော့ ၀င်းဇော်တယောက် ပင်လောင်းက ရှမ်းမလေးလား ပအို့မလေးလားပဲ ညီမလေး တတယောက်ယောက်နဲ့ စွန်သွားပြီဆိုတာ သိသာနေတယ်နော့်။ ၀င်းဇော်ရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ဆိုတာကို ဖတ်ပြီး ယုံတဲ့သူတွေအမှားတွေ့နေပါအုံးမယ်၊ လူဆိုတာ တယောက်နဲ့တယောက် တူတာမှမဟုတ်ပဲ၊ သိပ်ပျော်နေတဲ့ အရိပ်ရောာင်တွေက စာထဲမှာသိသိသာသာကြီးကို ထင်ဟပ်နေတယ်ဆိုတော့ ပင်လောင်းကနေ ရန်ကုန်ပြန်မလာတော့ပဲ အခြေချတော့မယ်ထင်တယ်။ အဲဒီလိုတော့မလုပ်ပါနဲ့ လျှောင်နောက်ဆံထုံးပါဆိုတဲ့ အတိုင်း ညီမလေးကို ရန်ကုန်ကိုခေါ်ခဲ့ပါ။ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေကို စာဖတ်သူတယေက်အနေနဲ့ မျှဝေခံစားသွားပါတယ်။

ကိုတိုး said...

ကိုကိုတွေသိထားရမယ့် ညီမလေးတို့ရဲ့လျှိ့ဝှက်ချက်လေးတော်တော်လေး ကောင်းတယ်နော် အစ်ကိုရေ အစ်ကိုတော်တော်လေးစိတ်ကူးကောင်းတာပဲ မိန်းခလေးတစ်ယောက်ရဲ့နေရာကနေခံစားပြီးတော့လေ ရေးပြသွားတာ တော်တော်လေးမိုက်တယ်နော်။ ကျွန်တော်လည်းမှတ်ထားလိုက်တယ်နော်။ နောက်ကောင်မလေးကို စကားပြောရင်လေ အစ်ကိုပြောတဲ့အချက်လေးတွေကို မှတ်မိအောင်လို့နော်။
ပျော်ရွှင်ပါစေအစ်ကို။

Dream said...

ဟွန်း..လျို့ဝှက်ချက်တွေသိကုန်ပြီးနော်..ဦးဦးဇော်....
အင်း..လေ့လာသင့်တဲ့လျို့ဝှက်ချက်လေးတွေပါပဲနော်။...


ပျော်ရွှင်ပါစေဦးဦး..

JulyDream said...

အခုလို သင်ကြားပြသပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ တချိန်ချိန်မှာ သုံးခွင့်ကြုံတဲ့အခါ မမေ့မလျှော့ သုံးလိုက်ပါမယ်။

သန့်စင် said...

မှတ်သားလောက်ပါတယ် ဗျာ

Unknown said...

တစိမ်းမိနးကလေးတွေနဲ့စကားပြောရင်နဲ့တွေရင်ကိုလူကကတုံ့ကရင်ဖြစ်နေတာဘာကြောင်းလည်းသိရင်ပြောပြပါလား