Tuesday, May 13, 2008

လမင်းနှင့် ခင်








ပွင့်ငုံဖူးစ ၊ ပန်းအလှသို့
ယုယချစ်ဖွယ် ၊ ခင့်သားငယ်သည်
ရင်ဝယ်မှေးစက် နေသတည်း ။

ကြည်ကြည်သာသာ ၊ သားမျက်နှာကို
ခင့်မှာငုံ့ကြည့် ၊ ချမ်းမြေ့ဘိသည်
ပီတိ ဖြစ်လျက် နေသတည်း။

ပျိုစဉ်ခါက ၊ ခင့်ရူပသည်
အလှ အဆင် ၊ နုရုံပင်တည့်
အသွင်ထူးခြား ၊ မရှိငြားလည်း
ခုကားကြည်သာ ၊ သူ့မျက်နှာမှာ
ထိန်ဝါ လမင်း ထွန်းလေပြီ ။ ။
(မင်းယုဝေ)

Thursday, May 8, 2008

မိခင်များသို့ . . .

















ချမ်းသာ၊ ဆင်းရဲ အလှမ်းကွာလည်း
ဘာသာမတူ အယူကွဲပြား လူမျိုးခြားလည်း
အားလုံးသော မိခင် ကျေးဇူးရှင်တို့
အသွင်ခြားနားခြင်း အလျင်းမရှိ . . . ။

မိခင်များ၏ မြတ်မေတ္တာသည်
လမင်းပမာ ကြည်သာလှပါဘိ၊

မိခင်များ၏ ဂရုဏာသည်
ရွာသွန်းမိုးပမာ အေးမြလှပါဘိ၊

မိခင်များ၏ စေတနာသည်
ပင်လယ်သမျှ ကျယ်ပြောလှပါဘိ၊

မိခင်များ၏ အားမာန်သည်
ကျောက်ဆောင်သဖွယ် မာကျောလှပါဘိ၊

မြတ်သောမိခင် အို...မိခင်များကို
ကြည်ညိုညွှတ်နူး မြတ်နိုးပိုလျက်
ဦးခိုက် ပူဇော် ပါ၏ . . . . ။ ။

(မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့မှာ ကျရောက်မယ့်
Mother's Day ကိုကြိုဆို၊ ဂုဏ်ပြုပါသည်။
မွေးမိခင်နှင့် မြင့်မြတ်သော မိခင်တိုင်းအတွက် ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။)

ကျွန်တော်ကျောင်းသားဘ၀ (၁၃)

ကျိုင်းတုံသို့ အိမ်ပြန်ခရီး…
မနက်(၈)နာရီကတည်းက ကားထွက်မယ့်အိမ်ကနေစောင့်တာ မွန်းလွဲမှ စထွက်ဖြစ်တယ်။ တာချီလိတ်မြို့အထွက် ရဲဂိတ်ကင်းရောက်တော့ ခေတ်စကားအရပြောရရင် “ရစ်” နေတာနဲ့ အချိန်တော်တော်ကြာ သွားတယ်။ သူတို့ပြောစကားအရ တင်လာတဲ့ သွပ်ကတရားမ၀င်ဘူး၊ ဟင်းချိုမှုန့်က တရားမ၀င်ဘူး၊ ဘိလပ်မြေအိတ်တွေက တရားမ၀င်ဘူးနဲ့ နောက်ဆုံး ခေတ်စကားအရပြောရရင် “ရစ်” နေရင် “ညှိ”လိုက်၊ ဒါဆို အဆင်ပြေသွားမယ်။ ဒါနဲ့ “ညှိ”လိုက်တယ်။

စီးလာတဲ့ GMC ကားကအတော့်ကို အင်ဂျင်ကောင်းပါတယ်။ သင်္ကြန်ပြီးစ မိုးတွေရွာထားတဲ့ လမ်းမှာ တင်ထားတဲ့ကုန်နဲ့ မမျှရုန်းနိုင် တယ်။ အဲဒီနေ့ တာချီလိတ်နဲ့ မိုင်(၂၀)ကျော်လောက်ဝေးတဲ့ တာလေမြို့ မှာညအိပ်တယ်။ မိုးချုပ်မှရောက်တာဖြစ်လို့ ပတ်ဝန်းကျင်လေ့လာဖို့ မဖြစ်နိုင်ဘူး။ တစ်မြို့လုံး မှောင်နဲ့မဲမဲပါ။ စားသောက်ဆိုင်လေးလောက် သာ အောက်လင်းမီးထွန်းလို့ လင်းထိန်နေတာ။ အဲဒီည စားသောက်ဆိုင် ရှေ့ကထင်းပုံပေါ်မှာ မှေးတစ်လှည့် နိုးတစ်ခါ အိပ်ခဏနဲ့ အရုဏ်ကျင်း မိုးသောက်တော့ ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ ဒီမှာက ယမ်ယမ် ခေါက်ဆွဲထုတ်ပြုတ်က မင်းသားပဲ သူမပါရင်မပြီးဘူး။

လမ်းတစ်လျှောက်လုံး မျက်စိပသာဒကျစရာ ဘာမှ မရှိပါဘူး။ တစ်ဘက်က ကမ်းပါးယံအမြင့်ကြီး၊ တစ်ဘက်က ချောက်ကမ်းပါး၊ ချောက်ကမ်းပါးအောက်က ရေအလျင်စီးတဲ့အသံက ကြောက်စရာပါ။
ပစ္စည်းအပြည့်တင်ပြီး မိုးကာအလုံအုပ်ထားတဲ့ ကားခေါင်မိုးပေါ် ကိုင်စရာ ဆိုလို့ မိုးကာကို ချည်ထားတဲ့ ကြိုးကိုပဲ မြဲမြဲကိုင်ထားရတယ်။ မငိုက်ရဲဘူး။ လမ်းဘေးသစ်ကိုင်း ရိုက်ပြီး ပြုတ်ကျမှာကတစ်ကြောင်း၊ လမ်းချော်ပြီး ချောက်ထဲကျမှာကြောက်တာက တစ်ကြောင်းမို့ သမ္ဗုဒ္ဓေ ဂါထာကို အကြိမ်ကြိမ်ရွတ်ပြီး နိုးနိုးကြားကြားနဲ့ လိုက်ခဲ့ရတယ်။ ကားဆရာရဲ့ ကားမောင်းကျွမ်းကျင်မှု၊ ကားရဲ့ ကြံ့ခိုင်မှုတို့ကြောင့် မိုင်းဖြတ်မြို့ကို ညနေ ၆ နာရီလောက် ရောက်တယ်။

Wednesday, May 7, 2008

အိမ်ရှေ့က ခုံတန်းလေး

အိမ်ရှေ့က ခုံတန်းလေး

သစ်အဟောင်းကလေးနဲ့
ဖြစ်သလို ဆောက်ထားခဲ့တာပါ။

ဒါပေမဲ့
အချိန်တန်ရင်
မထိုင်ရ မနေနိုင်ဘူး။

နေ၀င်သွားပြီဆိုရင်
အိမ်ရှေ့က ခုံတန်းလျားမှာ
လူငယ်တွေစုစည်း
ခေတ်ကြီးကို တည်းဖြတ်
ဇာတ်လမ်းတွေကို ထုဆစ်
အဖြစ်အပျက်တွေကို မော်ကွန်းရေး
လူဖြစ်ခြင်းကို ချစ်တဲ့တေးတွေ
သီကြွေးခဲ့ကြတယ်။

ဆောင်းတွင်းမနက်တွေဆို နေပူဆာလှုံကြ
အိမ်နီးနားချင်းတွေစုပြီး စကားပြောကြ
ရွာရေး ရပ်ရေးတွေ တိုင်ပင်ကြ
ခုံတန်းလျားလေးဟာ အားလုံးရဲ့ ဗဟိုချက်မ။

သစ်အဟောင်းကလေးနဲ့
ဖြစ်သလိုဆောက်ထားပေမဲ့ . .
အိမ်ရှေ့က ခုံတန်းလျားလေးဟာ
တို့တစ်တွေရဲ့ အနာဂတ်လမ်းစ . . . ။ ။
(သက်လွင်နှင်း)

ကျွန်တော်ကျောင်းသားဘ၀ (၁၂)

နွေရာသီကျောင်းပိတ်ရက်က ကလေးဘ၀အတွက် ပျော်စရာအတိပါ။
သင်္ကြန်ပြီးသွားတော့လည်း အိမ်ကို ကပ်တယ်ရယ်လို့မရှိပါဘူး။
သူငယ်ချင်းတွေက ရဲကုန်းပေါ်က များတယ်။ ရဲလိုင်းထဲကို ခဏခဏ ရောက်ဖြစ်တယ်။ အ၀င်ဝက လုံးချင်းတိုက်မှာ ကျွန်တော်တို့နဲ့ တစ်တန်းတည်း တက်နေတဲ့ ဆုရည်ဆိုတဲ့ ကောင်းမလေးရှိတယ်။ သူ့အဖေက ရဲမှူးလား၊ စခန်းမှူးလားတော့မသိဘူး။ နှုတ်မဆက်ရဲ ပါဘူး။ သူ့အဖေက အရာရှိကြီး ဆိုတော့ နှစ်လုံးပြူးနဲ့ အပစ်ခံရမှာ ကြောက်တယ်။ လိုင်းထဲက သူငယ်ချင်းတွေနဲ့အတူ ရဲကုန်းအနောက် ကတောထဲသွားကြတယ်။ ဓားကိုယ်စီနဲ့ပါ။ ဘာခုတ်ကြသလဲဆိုတော့ တံမြက်စည်းပင်တွေပါ။ ခုတ်နိုင်သလောက်ခုတ်ပြီး မလှမ်းမကမ်းမှာ အခြောက်လှမ်းတယ်။ နောက် မယ်ဆိုင်ချောင်းထဲ ငါးမိုင်းခွဲတယ်။ မိုင်းခွဲတော့ ငါးတွေနားအူပြီး မူးကုန်ရော။ ဒါနဲ့ အလွယ်တကူ ငါးတွေဖမ်းကြတယ်။ ယိုးဒယားငါးတွေက ငွေရောင်တစ်လက်လက် နဲ့ပါ။ အရသာသိပ်မရှိပါဘူး။ ပြန်စဉ်းစားရင် ငါးမိုင်းခွဲတာ အန္တရာယ် တော်တော်များပါတယ်။ လူကြီးတွေကလည်း မပါဘူးလေ။ မိုင်းကလည်း out of date ဖြစ်နေတယ်။ မိုင်းခွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဟိုဘက်ကမ်း ဒေသခံတွေ အ၀တ်လျှော် ရေချိုး နေကြတယ်။ ပြဿနာရှာရင် ကျွန်တော်တို့က ကလေးတွေပဲ ရှိတယ်။ အဲဒီနား တစ်ဝိုက်မှာ နေတဲ့တိုင်းရင်းသားတွေက ကျွန်တော်တို့ ကျိုင်းတုံဘက်က “အခါ”လူမျိုးတွေပါ။ ယိုးဒယားအခါလူမျိုးတွေ ဖြစ်မှာပါ။

ချောင်းရေထဲ တစ်နေကုန်ကစားပြီး အပြန်ကျတော့ မနက်ပိုင်းက ခုတ်ပြီးအခြောက်လှမ်းထားတဲ့ တံမြက်စည်းပင် တွေကိုထမ်းပြန်ကြတယ်။ ဘာလုပ်တယ်မသိလို့ မေးကြည့်တော့ ဟိုဘက်ကမ်းမှာ တစ်ကီလို ၁၅ ဘတ်နဲ့ သွားသွင်းရတယ်တဲ့။
အပြန်ကျတော့ ဆန်တွေရောင်းတဲ့ ဆိုင်ထဲ ၀င်သွားတယ်။ ပြန်ထွက် လာတော့ သတင်းစာစက္ကူလိပ်ကြီးနဲ့ နောက်ကျွတ်ကျွတ်အိတ် တစ်ထုတ်နဲ့ ထွက်လာတယ်။ လိုင်းထဲရောက်တော့ ကျွတ်ကျွတ်အိတ် ထဲက ကော်မှုန့်ကိုကျိုတယ်။ ညနေစောင်းတော့ အိမ်ရှေ့ကွပ်ပစ်မှာ ခုနကထမ်းလာတဲ့ သတင်းစာစက္ကူကို အိတ်ပုံခေါက်ပြီး ကော်ကပ်တော့တာပဲ၊ အထွေထွေသုံး သတင်းစာစက္ကူအိတ်တွေပါ။ ဈေးဝယ်သူတွေကို ပစ္စည်းထည့်ပေးပို့ပါ။ မနက်ကျတော့ အိတ်တွေကို ရာစည်းလိုက်ထုတ်ပိုးပြီး ကုန်စုံဆိုင်ကို ပြန်သွင်းရတယ်။ ဘယ်လောက် ရတယ်ရယ်လို့တော့ မစပ်စုလိုက်တော့ဘူး။ ဒါက
ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဟိုဘက်ကမ်းနဲ့ Export/ Import လုပ် တဲ့ကဏ္ဍပါ။

တာချီလိတ်မှာ တစ်နှစ်ပဲကျောင်းတက်လိုက်ရတယ်။ အဖွားက ကျွန်တော့်ကို ပျက်စီးမှာစိုးလို့ ကျိုင်းတုံကျောင်းပြန်တက်ဖို့ ပြင်ဆင်တယ်။ အင်း နောက် တစ်နှစ်လောက်နေရင် သူ့အလိုလို ပျက်စီးသွားနိုင်ပါတယ်။ လူတွေဟာ စီးပွားရေးနောက်ကိုပဲ လိုက်ကြ တယ်။ စီးပွားရေးအတွက် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငွေရဖို့အတွက် သည်းကြီးမဲကြီး ရှာကြတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု က ဒွန်တွဲနေတယ်လို့ ထင်မိပါတယ်။

ဆက်ရေးပါအုံးမည်…

Friday, May 2, 2008

မနေသင့်တဲ့အရပ်

မကြိုက်ဘဲ နေရတဲ့အရပ်
မချစ်ဘဲ နေရတဲ့အရပ်
မိတ်ဆွေ မရှိတဲ့အရပ်
ပညာတတ်တွေ မရှိတဲ့အရပ် မှာ
တစ်နေ့၊ တစ်ရက်တောင် မနေသင့်ပါ . . ။

လောကမှာလေ...

လ မရှိတဲ့ ည . . .
လှိုင်းမရှိတဲ့ ပင်လယ် . . .
ကြာ မရှိတဲ့ ကန် . . .
လင်မရှိတဲ့ မိန်းမတို့ဟာ
မတင့်တယ် မသာယာပါ . . . ။

ကျွန်တော့်တစ်နေ့တာ (၈)

၃၀-၄-၂၀၀၈ ရက်နေ့
ကွန်နက်ရှင်း မရတာ ကနေ့ပါဆို ၅ ရက်ရှိသွားပြီ။ မျက်စိမှိတ် နားပိတ် နေရတဲ့ ဒုက္ခက တော်တော်ခံရခက်တဲ့ ဆေးခါးကြီး တစ်ခွက်မှန်း ပိုသိရတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ……

ဒီအချိန်ဆို ကဗျာလေးတွေဖတ်ဖို့ ကိုငြိမ်းစု က ကဗျာခေါင်းစဉ်တွေ ဝေနေပြီ။ ကိုTEA က လဘက်ရည်လာသောက်ဖို့ လိုက်နှိုးဆော်နေပြီ။ ကိုစိုးထက် နဲ့ SMNTL က “ ချယ်ဆီး၊ ချယ်ဆီး” ဆိုပြီး ၀င်နှုတ်ဆက် နေလောက်ပြီ။ ဆီပုံးထဲ ဆီလာလာ ဖြည့်နေကျ ခင်ဦးမေ၊မင်းမြတ်ဖုန်း၊ မေမိုး၊ လင်းထက်၊ ဆိုးသွမ်း၊ ကိုစွမ်း၊ မမုံ၊ Apprenticeship၊ ၀ဿန်ဦး၊ SLIP ၊ စိုင်းဝဏ္ဏ၊ မမေငြိမ်း၊ ရွှေပြည်သူ၊ ဖြိုးငယ်၊ ကိုတာယာ၊ မဟန်နီ၊ မလားရှိုးသူ၊ ပန်းခရေ၊ ကိုအောင်ဦး၊ ဟိန်း၊ ငြိမ်း၊ မသက်ဇင်၊ အမရာ ကိုတာတူး ၊ မမေ တို့တစ်တွေလည်း ပြန်သွားပြီး ဖြစ်ပါလိမ့်မယ်။ (သတိမရ၍ ကျန်ခဲ့တဲ့ ဆီပုံးထဲ ဆီလာခပ်သူများလည်း အပါအ၀င်ပါ။)

ကျွန်တော်သွားလည်ခဲ့ပေမယ့် ကျွန်တော့်ဆီလာလည်ဖို့ လိပ်စာပျောက် နေတဲ့ သူငယ်ချင်းတွေဆီကို ဘယ်အခါမှ ထပ်လည် နိုင်မယ်မသိဘူး။ အားလုံးကို သတိရနေပါတယ်။ အိမ်အလုပ်ထက် ထမင်းဟင်းထက် ချစ်ရသူထက် ပိုခင်၊ ပိုတန်ဖိုးထား၊ ပိုသံယောဇဉ် ကြီးမိတဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတွေကို အမြဲအမှတ်ရလျက် ရှိကြောင်း အမှောင်ထဲမှာ ညှိးငယ်တဲ့ စိတ်နှလုံးနဲ့ တိုးတိုးလေး ရေရွတ်နေမိပါတယ်။

တစ်ခါတလေတော့လည်း မြင်နေကျ မြင်ကွင်းတွေတောင် ဆိတ်ငြိမ်တဲ့ နေ့လည်ခင်းတွေမှာ ပရမ်းပတာဖြစ်တည်နေတဲ့ ကျွန်တော့်နေ့ရက် တွေထဲ ရှိခဲ့ဖူးပါတယ်။ ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ်ကို ကိုင်ထား ပါလျက် ကီးတစ်ခုနှိပ်ဖို့၊ မောက်စ်တစ်ချက်နှိပ်ဖို့ အားအင်မရှိအောင် ကုန်ခမ်း စိတ်ပျက် ညှိုးငယ်ခဲ့ရတဲ့ နေ့တွေလည်း မနည်းတော့ပါဘူး။

ကျွန်တော့်တစ်နေ့တာ (၇)

၂၅-၄-၂၀၀၈ ရက်နေ့

မနက်မိုးလင်းရင် နှုတ်ဆက်နေကျ သူငယ်ချင်းတွေ ကိုလည်း နှုတ်ဆက်လို့မရ ဖြစ်နေတယ်။ သွားလည်နေကျ သူငယ်ချင်းတွေရဲ့ အိမ်တွေလည်း နေ့ခင်းကြောင်တောင် မီးတွေမှိတ်လို့ပါ။ ကိုယ့်အိမ်ကို လာလည်ဖို့ကလည်း တံခါးဖွင့်ထားလျက်နဲ့ လမ်းပျောက်နေကြတယ် ထင်ရတယ်။ ၀င်မလာနိုင်ကြဘူး။ ကျွန်တော့်အတွက် အထီးကျန်ဆန် လွန်းလှတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်။

သရဲနီတွေအပေါ် အောင်ပွဲခံခဲ့တဲ့ အပြာင်ရောင် ခြင်္သေ့သူရဲကောင်း တို့ရဲ့ အောင်ပွဲခံသတင်းကို ကိုစိုးထက်၊ ကိုဆိုးသွမ်း၊ ကို Stanley၊ ကိုဖရီး နဲ့ ဆုရည်၊ စိုးမြနန္ဒာသက်လွင် တို့ဆီ ချီးယားမြှောက်ဖို့ ကြိုးစား ပေမယ့် အချည်းနှီးဖြစ်ခဲ့ ရတယ်။ ကျွန်တော့်မှာ ဆွံ့အသူ တစ်ယောက်နဲ့ မခြား မှင်သက်နေမိတယ်။

ဒါနဲ့ အားမလျော့သေးပါဘူး . . .
ဖုန်းနံပါတ် ၀၉၁ ……….. ကိုနှိပ်လိုက်တယ်။
“ဟလို” “ အန်တီလားခင်ဗျာ၊ ကျွန်တော် ၀င်းဇော် ပါ၊ ဆုရည်နဲ့ စကားပြောခွင့်ပေးပါခင်ဗျာ” “ အော်…အေးအေး”
“ဟလို” “ဆုရည်လား” “ပြောအစ်ကို”
“Connection ကောင်းလား” “ဘာလဲ.. ဆုရည်ဘာမှမဆက်သွယ်ဘူး”
“မဟုတ်ဘူး ဆုရည် အင်တာနက်လိုင်းကောင်းလားလို့မေးတာ”
“သိဘူး၊ ဆုရည်လည်းဘုရားဝတ်တက်နေလို့၊ ဘာဖြစ်လို့လဲ”
“online ထဲဝင်မရလို့ မေးကြည့်တာ”
“မနေ့က Post တွေတင်နေသေးတယ်လေ၊ ကနေ့တော့သိဘူး”
“အေးအေး ဒါပဲ၊ ဒီနေ့ဘယ်သွားဖို့ရှိလဲ”
“ဟင့်အင်း အိမ်မှာပဲရှိမယ်၊ ရှမ်းခေါက်ဆွဲလုပ်စားမလို့၊ လာမလို့လား”
“လာခဲ့မယ်လေ၊ ဒါပဲ၊ ဘိုင်” ကွန်ပျူတာ Connection မကောင်းတော့၊ Connection ကောင်းတဲ့ ရှမ်းခေါက်ဆွဲပဲ သွားစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။

ကားဂိတ်ကဆင်း၊ သလ္လ၀တီလမ်းထဲဝင်၊ လမ်းကကျဉ်းပေမယ့် ဆိုက္ကားရော၊ ကားရော၊ လူရောအမြဲစည်ကားနေတဲ့လမ်းသွယ်လေးပါ။ သလ္လ၀တီဈေးလည်းရှိသေးတယ်လေ၊ သူဌေးဈေးပေါ့။ ယောက္ခမ လောင်းကိုမျက်နှာလုပ်ဖို့ ထောပတ်သီးတစ်ခြင်းဝယ်တယ်။ အိမ်ထဲ ရောက်တော့ ရှမ်းပြည်ပြန်လက်ဆောင်လားတဲ့၊ မဟုတ်ပါဘူး အန်တီရယ်. . . သလ္လ၀တီ ဈေးထဲကပါလို့။ ယောက္ခထီးတော့ မရှိဘူး။ ရွာပြန်သွားတယ်။ ပျဉ်းမနား ကြက်ပြေးကိုပြောတာ…။

ဆုရည်တို့အိမ်ကနေပြန်တော့ မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲကို ဆက်သွားတယ်။ FMI ရှေ့ကဆိုင်မှာ Software နဲ့ Game ခွေတွေဝယ်တယ်။ ဂျာနယ်တွေ စာစောင်တွေဝယ်တယ်။ ဆူလေး Game Centre ဘက်တွေသွားတော့ တစ်ချို့ဆိုင်တွေ ပိတ်ထားတယ်။ တစ်ချို့ဆိုင်တွေလည်း Connection မရဘူး။ ဒီလိုနဲ့ အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ လျှပ်စီးမီးချောင်းတွေ မီးလင်းနေပေမယ့် ကျွန်တော့် အတွက်တော့ အမှောင်ကမ္ဘာထဲ လမ်းလျှောက်နေရသလို ပါပဲ။

ကျွန်တော်ကျောင်းသားဘ၀ (၁၁)

အတန်းတင်စာမေးပွဲပြီးတော့ အဖွားရှိရာ ကျိုင်းတုံကို မပြန်နိုင်ဘူး။
တာချီလိတ်မှာ သင်္ကြန်ကျဖို့ မျှော်နေမိတယ်။ ရေသေနတ်တွေ၊ ပိုးသတ်ဆေးဖြန်းတဲ့ ရေပွတ်တွေ နေကာမျက်မှန်တွေ စုံနေအောင် စုထားတယ်။ ကျိုင်းတုံသင်္ကြန်နဲ့ဘာများကွာမလဲပေါ့။

သင်္ကြန်ကတော့ အစည်ကြီးမဟုတ်ပေမယ့် ရေအစား ပေါင်ဒါဘူးအမှုန့်နဲ့ ဖြူးကြတယ်။ ပေါင်ဒါဘူးထဲ ရေထည့်ပြီး ခပ်လှမ်းလှမ်း ရောက်အောင် ပက်ကြတယ်။ ပထမတော့ ပေါင်ဒါမှုန့်နဲ့ ပက်ရတာ ဘ၀မကျသလို တစ်မျိုးကြီးခံစားရတယ်။ ဒီဘက်ကမ်းက အန်တီတွေကို ပက်တော့လည်းမကြိုက်ကြဘူး။ ဟိုဘက်ကမ်းမှာတော့ အဆင်ပြေတယ်။ သူ့ယဉ်ကျေးမှုနဲ့ သူ့အထာနဲ့ပဲကိုး။ ပေါင်ဒါမှုန့်နဲ့ဖြန်းတာကို ဒီဘက်ကမ်းမှာ ပိတ်ပင်တာတွေ့ရတယ်။ တာချီလိတ်သင်္ကြန်က အလကားရတဲ့ရေနဲ့ ပက်တာအလုပ်မဖြစ်ဘူး။ ငွေကုန်မယ့် ပေါင်ဒါဘူးဝယ်ပက်ရတယ်။ မယ်ဆိုင်ဘက်လမ်းမ တစ်လျှောက်လုံး ပေါင်ဒါဘူးခွံတွေ ပွကျဲနေတာတွေ့ရတယ်။ ကျွန်တော်တို့ လူငယ်တွေကတော့ ပေါင်ဒါမှုန့်တွေနဲ့ မြင်မကောင်းအောင် ဖြူဖွေးနေရင် မနေတတ်တော့ မယ်ဆိုင်တံတား ပေါ်ကနေ မယ်ဆိုင်ချောင်းထဲခုန်ချလိုက်တယ်။ ပြန်ရှင်းသန့်သွား တယ်။ တစ်ချို့ကတော့ ပေါင်ဒါမှုန့်နဲ့ မဟုတ်ဘဲ၊ ဂျုံမှုန့်တွေနဲ့ ဆံပင်ထဲ ဖြူးသွားတယ်။ ရေလည်းထိရော ခေါင်းတစ်ခုလုံး ပွစိတက်နေတယ်။

သင်္ကြန်ရက်များအတွင်း ယိုးဒယား လူငယ်လူရွယ်တွေဟာ အုပ်စုလိုက် အဖွဲ့လိုက် ၅ ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ နဲ့ ကျွန်တော်တို့ဘက်ကမ်းက နဂါးနှစ်ကောင်ကျောင်းတိုက်ကိုဘုရားလာ ဖူးကြတယ်။ အလာဆို လမ်းညာဘက်ကပ်လို့၊ အပြန်ကျတော့ လမ်းဘယ်ဘက်တစ်လျှောက် စည်းကမ်းတကျ သွားလာနေကြတာကို တွေ့ရတယ်။ အော်ဟစ်ဆူညံခြင်း မရှိသလို၊ အပြုံးတဝေေ၀နဲ့ ရေအပက်ခံကြတယ်။ သိပ်စည်းကမ်းရှိကြ တယ်လို့ မြင်မိတယ်။ သူတို့လက်ထဲမှာ ရေခွက်မပါသလို၊ ပေါင်ဒါဘူးတွေလည်း မတွေ့မိဘူး။ ဘုရားဖူးသက်သက်မှန်း သိပ်သိသာပါတယ်။
စုံစမ်းကြည့်တော့ မယ်ဆိုင်အနီးပတ်ဝန်းကျင်က လာကြတာဖြစ်တယ်။ အဝေးဆုံးကတော့ ချင်းမိုင်ဘက်ကပါ။

ကျွန်တော်က ယိုးဒယားဆို အထင်မကြီးသလို ကောက်ကျစ်တဲ့ သူတို့ ဥာဏ်ကိုလည်း နှစ်သက်ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဗမာ တွေကို နိမ့်ချတဲ့ အကြည့်နဲ့ ကြည့်တာကိုလည်း မလိုလားပါဘူး။ မကြားတကြား ယိုးဒယားလို ဆဲရေး တိုင်းထွာ နေတာကိုလည်း နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် နေ့စဉ် မြင်နေ တွေ့နေ ကြံနေရတဲ့ ယိုးဒယား နယ်စပ်မြို့ချင်းမိုင်ရဲ့ အလုံးစုံသော လူနေမှုဘ၀ စီးပွားရေး အလားအလာ၊ ဓနအခြေအနေတွေက ကျွန်တော်ရဲ့စိတ်ကို ဒွိဟဖြစ်စေခဲ့ပါတယ်။ ကျွန်တော်အများကြီး သင်ယူရပါအုံးမယ်လို့..

ဆက်ရေးပါအုံးမယ် ……