Thursday, April 24, 2008

ကျွန်တော်ကျောင်းသားဘ၀ (၁၀)

မယ်ဆိုင်မြို့လေးကိုတော့ အိမ်ဦးနဲ့ ကြမ်းပြင်လို နေ့တိုင်းပဲ ရောက်ဖြစ်တယ်။ ဈေးဝယ်ရင်းဖြစ်စေ၊ ဈေးမ၀ယ်လည်း လျှောက်ကြည့်ရင်းဖြစ်စေ၊ ရပ်ဝေးဧည့်လာလို့ လိုက်ပို့ရင်းနဲ့ ဖြစ်စေ ရောက်နေကျမို့ ရပ်ကွက်တစ်ခုထဲ ၊ တရုတ်တန်းဈေးတစ်ခုကို သွားလည်နေရသလိုပါပဲ။ မယ်ဆိုင်နယ်စပ်မြို့လေးကနေ ချင်းမိုင် ကို ထွက်တဲ့ ဟိုင်းဝေးဘတ်စ် တစ်နေ့တစ်စီးထွက်တည်၊ မနက်(၆)နာရီ လောက်ပါ။ အဲဒီကားရဲ့ ဟွန်းသံက သင်္ဘောမှာတပ်ထားတဲ့ ဟွန်းအသံလိုပါပဲ။ ဘတ် ၆၀ ပေးရတယ်။ သင်္ကြန်ရက်ဆိုရင် အစစ်အဆေးမရှိ ချင်းမိုင်ကို သွားလည်နိုင်တယ်လို့သိရတယ်။

တစ်ရက်….
အဖေရဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ မယ်ဆိုင်နဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ ၀မ်ထန် မြို့လေးကိုသွားလည်ကြတယ်။ တောမကျ မြို့မကျ မြို့ကလေးပါ။ ဘတ်စ်ကားက ၂၂ ဘတ် ပေးရတယ်။ ကားခလဲ ကလေးဆို တစ်ဝက်နှုန်းပါပဲ။ တိုက်အိမ်ပုလေးတွေရှိသလို တဲအိမ်၊ သစ်သားအိမ် လေးတွေလည်းတွေ့ရပါတယ်။ အဓိကစီးပွားရေး လုပ်ငန်းကတော့ မွေးမြူရေးကြက်၊ ဥစားကြက်တွေမွေးတယ်။ ဥကြက်မတစ်ကောင်ကို ဘလောက်တစ်ခုနဲ့ ဘလောက် ၅၀ ပါတဲ့ အတန်း ၁၀၀ တန်းမက ရှိတယ်။ တစ်နေ့ ဥကြက်မတစ်ကောင်က ဥ ၁၅ လုံး ၂၀ လုံးဥတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ တိရိစ္ဆာန် ဆရာဝန်က သူ့ရဲ့ဥနဲ့ပဲ ဆလင်းနဲ့ အဲဒီကြက်ကို ပြန်ထိုးပေး နေတာ တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာ သိပ္ပံနည်းကျ စီးပွားဖြစ် ဥကြက်မွေးမြူတာကတော့ ယိုးဒယားရဲ့ နောက်နှစ် ၂၀ လောက် နောက်ကျပြီးမှ လုပ်တာတွေ့ရပါတယ်။ သွားတည်းတဲ့အိမ်က အရင် တုန်းက မြန်မာပြည်ကပဲ အခုဒီမှာ ပြည်သူ့စစ်ဆိုလားပဲ လုပ်တယ်။ အိမ်မှာ အမ်-၁၆ တစ်လက်နဲ့၊ နှစ်လုံးပြူး တစ်လက်အမြဲဆောင် ထားတာတွေ့ရတယ်။ ၀မ်ထန်မြို့နဲ့မနီးမဝေးမှာ ဘုရားကျောင်းကို သွားဖူးကြတယ်။ ဘုရားခြေရင်း ရောက်ရင်ပဲ ကလေးတစ်သိုက်က ပန်းဝယ်ပါ၊ ဖယောင်းတိုင်ဝယ်ပါ၊ ဖိနပ်ထားခဲ့ပါ နဲ့အလုအယက် လိုက်ဆွဲ ရောင်းတာတွေ့ရတယ်။ ကျွန်တော်တို့ ဗမာပြည်မှာတော့ ဒီလိုအလေ့အထ မတွေ့ရသလောက်ပါပဲ။ ဒါပေမယ့် ရွှေတိဂုံ တောင်ဘက်မုဒ်မှာ ဖိနပ်ထည့်ဖို့ ကျွတ်ကျွတ်အိပ်အတင်းလိုက်ရောင်း တာတွေ့နေရသေးတယ်။ နောက် မျောက်တွေအများကြီး ရှိတဲ့ ဘုန်းကြီးကျောင်းကို လည်းရောက်ခဲ့တယ်။ မျောက်တွေက ဖိုးဝင်းတောင်လောက်အရေအတွက်မများပေမယ့် ပိုယဉ်ကျေးတဲ့ အနေအထားမှာတွေ့ရတယ်။ လုတာ ဆွဲတာ မတွေ့ရဘူး။ ကျွေးမှ ပေးမှ စားတာတွေ့ရတယ်။

တကယ့် ယိုးဒယားစစ်စစ်တွေကို ဒီဝမ်ထန်ရွာလေးမှာတွေ့ရတယ်။ အသားညိုညို ရွက်ကြမ်းရေကြို လေးတွေ ကျွန်တော်တို့ အညာဘက်ကနဲ့ ဆင်ပါတယ်။ ညဘက်ကျတော့ ထူးခြားတာက လျှပ်စစ်မီးမရတာပဲ။ ဓာတ်မီးနဲ့ဓာတ်ခဲ၊ မီးခြစ်နဲ့ဖယောင်းတိုင် တွဲပြီး ဆောင်ထားရတယ်။ လျှပ်စစ်မီးမရတာကို မေးကြည့်တော့ ပိုက်ဆံ ပေးနိုင်ရင်ရတယ်။ မပေးရင်မရဘူးတဲ့။ သိပ်တော့နားမရှင်းခဲ့ပါဘူး။
ဝမ်ထန် မှာတစ်ညအိပ်ပြီး မယ်ဆိုင်ကို ပြန်ခဲ့ကြတယ်။ လမ်းမကြီး တွေကတော့ တစ်လျှောက်လုံး နိုင်လွန်ကတ္တရာတွေ အပြည့်နဲ့ ဖြူးနေတာတွေ့ခဲ့ရတယ်။ ဘတ်စ်ကားက မယ်ဆိုင်ဈေးမှာ လမ်းဆုံးတယ်။

ဆက်ရေးပါအုံးမည် . . .

Wednesday, April 23, 2008

နွေမုန်းသူ . . . သို့

မြေမှာကြွေမှာစိုးလို့
နွေကို မုန်းခဲ့တာလား . . . ။

လေယူရာတိမ်း ယိမ်းနွဲ့သလို
လေသာရာ ပကာသနဘက်ကို
တမင်တကာများ ယိမ်းနွဲ့လို့
တိမ်းခဲ့ရော့သလား . . . ။

သြော် . . . ဂေါ်သဇင်ပန်းလို တော်ဝင်မျိုးနွယ်မို့
ခဏ တဖြုတ် အပျော်သဘောနဲ့
ခြောက်ကပ်ကပ် နွေရာသီဘ၀လေးထဲကို
အလည်ဝင်ရောက်ခဲ့သူပါလား . . . ။ ။


တစ်ပွင့်ပန်း

ဟိုးအမြင့်မှာ
ပန်လိုရည်စူး
ခူးမခွင့်သာ
ယိုင်နဲ့နဲ့ တံခြူနဲ့မို့
တမင်တကာများ
အပိုင်လိုချင်အောင်
လှပြနေတာလား . . . . .။


ဥပေက္ခာ

ဤနေရာတွင်
သာယာအေးဆေး ၊ ပန်းတိုင်းမွှေးသည်
မွှေးကြပါစေ ၊ သည်ပန်းတွေကို
ခြွေလည်း မခြွေလိုတော့ပါ ။
နမ်းလည်း မနမ်းလိုတော့ပါ ။

ဤနေရာတွင်
ခွေကာဝိုက်ပြေး ၊ စမ်းကလေးတို့
အေးမြသန့်စင် ၊ လွန်ကြည်လင်သည်
ကြည်လင်ပါစေ ၊ သည်စမ်းရေကို
ခြေလည်း မဆေးလိုတော့ပါ ။
သောက်လည်း မသောက်လိုတော့ပါ ။ ။

ကျွန်တော်ကျောင်းသားဘ၀ (၉)



ကျွန်တော့်မွေးရပ် ကျိုင်းတုံလိုပါပဲ နယ်စပ်မြို့ကလေး တာချီလိတ်လဲ လျှပ်စစ်မီး မရရှာဘူး။ ယိုးဒယားကလာတဲ့ ၅၀ ချောင်းပါ အ၀ါရောင် ဖယောင်းတိုင် တွေနဲ့ပဲ နှစ်ပါးသွားရတယ်။ ဟိုဘက် မယ်ဆိုင်မြို့လေးကို လှမ်းမျှော်ကြည့်လိုက်တော့ နီယွန်မီးတွေ၊ မာကျူရီ မီးတွေ၊ လမ်းဘေး၊ လမ်းလယ်မီးလုံးတွေ၊ တိုက်တွေက နေလျှံထွက်လာတဲ့ မီးရောင်တွေက မယ်ဆိုင်တစ်မြို့လုံးကို လေးလမ်းသွား နိုင်လွန်ကတ္တရာ လမ်းမကြီးနဲ့အတူ ထိန်ထိန်ညီးနေစေတယ်။ ညနေခင်းဆို သူငယ်ချင်းတွေနဲ့ မယ်ဆိုင်ချောင်းတံတားပေါ်ကလက်ရန်းကိုမှီ နီယွန်မီးတွေအောက်မှာ အမြဲအချိန်ဖြုန်းနေကျပါ။ တာချီလိတ်မြို့ထဲက ကတ္တရာလမ်းပေါ် ချိုင့်ခွက်တွေကို သတိထားရှောင်ရှားရင်း အိမ်အပြန်လမ်းမှာ သိမ်ငယ်တဲ့စိတ်တွေ ခဏခဏ ၀င်မိတယ်။


တစ်နေ့ ဟိုဘက်ကမ်းမှာ အဖေနဲ့ရုပ်ရှင်သွားကြည့်တယ်။ ပလက်တွန် ဖြစ်မယ်။ ဗီယက်နမ်စစ် နောက်ခံစစ်ကားပါ။ အနိမ့်ဆုံးက ၁၆ ဘတ် ပေးရတယ်။ လူကြီး ၁၆ ဘတ်၊ ကလေး၊ ဆိုက္ကားသမား၊ ဘုန်းကြီး တွေကိုတော့ တစ်ဝက်နှုန်းပါ။ ကျွန်တော်က ၈ ဘတ်ပေးရတယ်။ သူတို့ဆီက ထိုင်ခုံနံပါတ်မပါဘူး။ ကြိုက်ရာနေရာထိုင်ပဲ။ စပြတော့ ယိုးဒယားဘုရင် ဓာတ်ပုံနဲ့ ယိုးဒယားနိုင်ငံတော် သီချင်းဖွင့်တယ်။ ရုပ်ရှင်က မူရင်းအင်္ဂလိပ် အသံထွက်မဟုတ်ဘဲ ယိုးဒယားအသံထွက်နဲ့ ဘာသာပြန်ထားတယ်။ ကြည့်ရတာ တစ်မျိုးလိုနေသလိုပါပဲ။ မယ်ဆိုင်မှာ ရုပ်ရှင်ရုံ(၂)ရုံရှိတယ်။ ယိုးဒယားဇာတ်ကားတွေ သီးသန့်ပြ တဲ့ရုံနဲ့ နိုင်ငံခြားဇာတ်လမ်းတွေပြတဲ့ရုံပါ။ နိုင်ငံခြားဇာတ်လမ်းပြတဲ့ ရုံက စပြတဲ့ ပထမရက်တစ်ရက်တည်း မူရင်းအသံထွက်ဖြစ်တယ်။ ကျန်ရက်တွေမှာ ဘာသာပြန်ပြီး ယိုးဒယားအသံဖြစ်တယ်။


ရုပ်ရှင်ကြည့်ပြီးတော့ အနီးအနားမှာ ခေါက်ဆွဲပြုတ်ဆိုင်ဝင်စားတယ်။ တစ်ပွဲ ဘတ် ၃၀ ပါ။ နောက် စက်နဲ့ဖျော်ထားတဲ့ မြင်းခွာရွက်အအေး က တစ်ခွက် ၅ ဘတ်ပါ။ ယိုးဒယားမှာ ဟင်းချိုမှုန့်လုံးဝ စားသုံးတာ မတွေ့ရပါဘူး။ ခေါက်ဆွဲဆိုင်မှာ ဟင်းချိုမှုန့်အစား သကြားပဲပေးပါ တယ်။ ပြည်သူတွေ စားသုံးခြင်းမရှိတဲ့ ဟင်းချိုမှုန့်တွေကို နိုင်ငံခြား (မြန်မာနိုင်ငံ)ကိုအဓိက တင်ပို့တယ်။ ဆိုင်ရှင်ကို မေးကြည့်တော့ အရိုးပျော့ဆေးပါလို့ မစားကြဘူးလို့ ပြန်ပြောပြတယ်။


မယ်ဆိုင်မြို့လေးရဲ့ ရောင်းချတဲ့ဆိုင်တွေရဲ့ ဆိုင်းဘုတ် ၈၀ ရာခိုင်နှုန်းက မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ဖြစ်တယ်။ ထူးထူးခြားခြား အိန္ဒိယတိုင်းရင်းသားရောင်းတဲ့ ပါတိတ်ဆိုင်တစ်ဆိုင် ရှိပါတယ်။ ဒီမှာက အထည်အလိပ်တွေ အများဆုံးရောင်းတာ တွေ့ရတယ်။ ဈေးလည်းပေါတယ်။ အဆင်တွေလည်းလှတယ်။ တစ်ကိုက် နှစ်ကိုက်အစား မစ် နဲ့သုံးတယ်။ အလေးချိန်ကျတော့ ကီလို၊ ပေါင် အလေးချိန်သုံးပါတယ်။ သားအဖနှစ်ယောက် ပိတ်စတွေဝယ်ပြီး ခေါက်ဆွဲဆိုင်လမ်းကြားထဲက နာမည်ကြီး မိုးပြာ အပ်ချုပ်ဆိုင်မှာ တစ်ခါတည်း ၀င်အပ်တယ်။ ချုပ်ခက ready made ထက်ဈေးကြီး တယ်။ ယိုးဒယားမှာ ဈေးဝယ်ရတာက ပျော်စရာသိပ်ကောင်းတယ်။ ဘာပဲဝယ်ဝယ် လက်ဆောင်ပစ္စည်းပါတယ်။ အနည်းဆုံးတော့ ပြက္ခဒိန် ပါတယ်။ ပေးတဲ့လက်ဆောင်ဟာ ပစ္စည်းအသစ်ကြော်ငြာတာဖြစ်သလို အမြဲလာအားပေးအောင် လာဘ်ထိုးတာလဲ ဖြစ်နိုင်ပါတယ်။


ဆက်ရေးပါအုံးမယ်….

ကျွန်တော့်တစ်နေ့တာ (၆)

“ နောက်ဆုံးတေးသံ ”

လူတို့သည် အချိန်နဲ့အမျှ အလင်းနဲ့အမှောင်ရဲ့ သံစဉ်မဲ့တေးသံကို နာခံရင်း လူ့ဘ၀ကမ်းပါးဟာ နေ့ရက်များ တိုက်စားမှုအောက်ကို တစ်စတစ်စ ပြိုကျနေကြရတယ်။


လူတစ်ယောက်အတွက် အသက်တွေကြီးလာတယ် ဆိုတာ ဆုံးရှုံးရတဲ့ အလင်းရောင် ပမာဏတွေ များလာတာပါပဲ။ ကျွန်တော်လည်း နှစ်ပေါင်း ၃၀ ကျော်စာ အလင်းရောင်တွေ ဆုံးရှုံးခဲ့ပြီးပါပြီ။ နောက်ထပ်လည်း ဆုံးရှုံးရအုန်းမှာပါ။ အသက်ရှင်ခြင်း တရားဆိုတာ ဆုံးရှုံးမှုတို့ရဲ့ ပုန်းအောင်းရာနေရာ ပါပဲ။


မနက်ခင်း အရုဏ်ရောင်ခြည်မှာ ကျွန်တော်အိပ်ရာထရမယ်။
ကျွန်တော့်အိပ်ရာကို ကျွန်တော် ဆုံးရှုံးမယ်။
မျှော်လင့်ခြင်းတွေနဲ့ ကျွန်တော်လမ်းပေါ်ထွက်လာတော့ ကျွန်တော့် အခန်းလေးကို ကျွန်တော် ဆုံးရှုံးခဲ့ရတယ်။
မျှော်လင့်ခြင်းတွေဖြစ်မလာတော့ ကျွန်တော့်စိတ်ခံစားမှုတွေ
ကျွန်တော်ဆုံးရှုံးခဲ့ရတယ်။
(မျှော်လင့်ခြင်းတွေ ဖြစ်လာဖို့ ဆိုတာကလည်း လူဆန်တဲ့ လူတစ်ယောက် အတွက် နှလုံးသားကို ပုံပေးလိုက်ရတာပါ။)
ပျော်ပျော်နေချင်ပေမယ့် အပျော်မလွန်ချင်ဘူး။
တရားမျှတစွာ ပျော်ရွှင်ချင်တယ်။
ပျော်ရွှင်မှုရဲ့ အဆုံးသတ်မှာ
နောင်တနဲ့ သက်ပြင်းတွေ မပါဝင် စေချင်ဘူး။


လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံခြင်းအနုပညာဆိုတာ
အငြင်းပယ်ခံကြရဖို့လား….
လိုက်လျောခံရဖို့လား…. နှစ်ခုစလုံးလား….။


လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းတရားမှာ တေးသံပေါင်းစုံကို ကြားရမှာ ဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် သေခြင်းတရားရဲ့ ခေါ်ဆောင်ရာ သွားရတဲ့အခါမှာတော့ ဘယ်လိုတေးသံမျိုးကိုမှ ကျွန်တော်တို့ ကြားနိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး…။
နောက်ဆုံးတေးသံကို မကြားနိုင်တော့ပါဘူး ….။


ဆက်ရေးပါအုန်းမည်…

Tuesday, April 22, 2008

ကျွန်တော်ကျောင်းသားဘ၀ (၈)

တာချီလိတ်မြို့လေးဟာ နယ်စပ်မြို့၊ နယ်စပ်ကုန်သွယ်မြို့လေးပါ။
ယိုးဒယားနိုင်ငံ မယ်ဆိုင်မြို့လေးနဲ့ မယ်ဆိုင်ချောင်းလေးပေါ်က ချစ်ကြည်ရေးတံတားလေးခင်းပြီး ကုန်သွယ်ကြတာပါ။ ကုန်သွယ်တယ် ဆိုပေမယ့် ကျွန်တော်တို့ဘက်နေ ထူးထူးခြားခြား တင်ပို့နိုင်ခြင်း မရှိပါဘူး။ ယိုးဒယားဘက်ကနေ အိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ အိမ်မိုးသွပ်၊ ဘိလပ်မြေ၊ သံချောင်းဆိုဒ်စုံ၊ အ၀တ်အထည်များ၊ စက်ဘီး၊ ဇိမ်ခံ ပလပ်စတစ်ပစ္စည်း၊ ရေဒီယို၊ ကက်ဆက်၊ သိုးမွှေး၊ ယုန်မွှေး၊ သိုးမွှေးထိုးစက်၊ လျှပ်စစ်ပစ္စည်း အစုံစုံပါပဲ။
အဲဒီအချိန်က နိုင်ငံရေးတည်ငြိမ်တာကြောင့် အခုလို့ တံတားထိပ် (၂)ဘက်မှာ တံခါးကြီးတွေ မရှိသေးပါဘူး၊ ငွေကြေးအနေနဲ့ မြန်မာငွေက တန်ဖိုးပိုကြီးပါတယ်။ ဘတ် ၁၀၀ ကို မြန်မာငွေ ၈၀ ပဲ ပေးလဲလှယ်ရပါတယ်။ သူတို့ဘက် တံတားထိပ်မှာ cat globe သုံးထပ်တိုက်က အနီးဆုံးပဲ။ မြေညီထပ်အပါအ၀င် သုံးထပ်ပါ။ အကောင်းစား ရူးတွေရောင်းပါတယ်။


ကျွန်တော်တို့ ဟင်းစားဈေးဝယ်ရင် မယ်ဆိုင်ဘက်ဈေးကိုပဲ သွားကြတယ်။ ဆန်ဝယ်ရင်လည်းပဲပေါ့။ အရင်ဆုံး ဆေးပစ္စည်းတွေ ရောင်းတဲ့ဆေးဆိုင်မှာ ဘတ်ငွေလဲရတယ်။ ရောက်စမို့ ယိုးဒယားလို မပြောတတ်တော့ မြန်မာလိုပဲ ပြောကြရတယ်။ ရှမ်းလိုပြောတော့ တူတာရှိသလို မတူတာကများပါတယ်။ နှစ်လလောက်ကြာတော့ ယိုးဒယားစကား ကောင်းကောင်းပြောတတ်သွားတယ်။ သူတို့ဘက် စက်ဘီးစီးသွားရင် နယ်စပ်ကျော်တာနဲ့ ဘယ်ကပ်မောင်းရတယ်။ ဒေသခံယိုးဒယားတွေ နည်းပြီး စီးပွားရေးလုပ်တဲ့ တရုတ်၊ တရုတ်ကပြားတွေများပါတယ်။ ဆိုင်အားလုံးနည်းပါး ကုန်တိုက်တွေ လိုပါပဲ လိုချင်တဲ့ပစ္စည်းမေးဝယ်ယုံပဲ။ ထူးခြားတာက သူတို့ဆီမှာ တစ်နှစ်ပတ်လုံး အသီးအနှံတွေ ပြတ်လပ်ခြင်းမရှိတာပဲ၊ အချိန်မရွေး ရနိုင်တယ်။ သူတို့အကြိုက်က ဒူးရင်းသီးဖြစ်မှာပါ။


ကျောင်းပိတ်ရက်ဆိုရင် မယ်ဆိုင်ဘက်ကိုပဲ သွားလည်ကြတယ်။ လမ်းမကြီးညာဘက် လမ်းချိုးလေးအတိုင်း သွားရင် ဦးအောင်ဇေယျ တည်ထားကိုးကွယ်တဲ့ စေတီလေးတစ်ဆူရှိတယ်။ ထီးတော်တင်ထား တာတော့မတွေ့မိဘူး။ တော်တော်လေးမြင့်တဲ့ တောင်ကုန်းလေးပေါ် မှာပါ။ ယိုးဒယားတွေက ဘုရားကို ထိခြင်းငါးပါးနဲ့ ရှိခိုးတာ မဟုတ်ပါဘူး။ မတ်တပ်ရပ်ပြီး လက်အုပ်ချီ ဦးညွှတ်လိုက်တာပါ။
ရောမရောက်ရင် ရောမလိုကျင့်ရမှာဖြစ်လို့ သူတို့ရှိခိုးတဲ့အတိုင်း လုပ်ရတယ်။ မဟုတ်ရင် ဗမာဆိုပြီး ယိုးဒယားလို စော်ကားမော်ကား သဲ့သဲ့လေး ဆဲသွားတယ်။ တာချီလိတ်မြို့က ပူအိုက်လွန်းတာမို့ ကျွန်တော်တို့ကျောင်းသားသူငယ်ချင်းတွေ ကြည်လင်နေတဲ့ မယ်ဆိုင်ချောင်းထဲ ရေကူး၊ ရေစိမ်ကြတယ်။ ငါးဖမ်းကြတယ်။ ရေကစားကြတယ်။


ဆက်ရေးပါအုံးမယ်….

ကျေးဇူးကြီးပေကမ္ဘာမြေ

“ ကျေးဇူးကြီးပေ ကမ္ဘာမြေ ”

ကျွန်တော်တို့လိုလားတောင့်တတာ မှန်သမျှဖြစ်တဲ့
စားစရာ အစားအသောက်တွေ
သောက်သုံးဖို့ သန့်ရှင်းတဲ့ရေတွေ
ဝတ်စရာ အ၀တ်အထည်တွေ
တန်ဆာဆင်စရာ ကျောက်မျက်တွေ
စွမ်းအင်အတွက် သဘာဝရေနံဓာတ်ငွေ့တွေ
ပသာဒဖြစ်စရာ တောတောင်ရေမြေစိမ့်စမ်းရေတံခွန်တွေ
သဘာဝ အကာအရံ အတားအဆီးတွေအထပ်ထပ်နဲ့
လူသားတို့ဘ၀ကို ပြည်စုံအောင်၊ လှပအောင်၊ လုံခြုံအောင်
စွမ်းဆောင်ပေးတဲ့ အမိကမ္ဘာမြေအား
စွမ်းဆောင်ရည်များ ပျက်စီးခြင်းမရှိရလေအောင်
စွမ်းဆောင်ရည်များ ကျဆင်းခြင်းမရှိရလေအောင်
မိမိတို့လူသားများအနေနဲ့
တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီကြပါလို့
တတ်စွမ်းသမျှ ၀ိုင်းဝန်းဖေးမကြပါလို့
တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာမြေနေ့ ကိုရည်စူးလျက်
အမိကမ္ဘာမြေကြီး အစွန့်ရှည်တည်တံ့နိုင်ပါစေ….

ကျွန်တော့်တစ်နေ့တာ (၅)

“ ဘ၀ ”


ငယ်ငယ်တုန်းကတော့ ဘ၀ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုရင်း … ဘ၀ဆိုတာ တိုက်ပွဲ၊ ဘ၀ဆိုတာ ရုန်းကန်ခြင်း၊ ဘ၀ ဆိုသည်မှာ ဖြတ်သန်းခြင်း၊ ဘ၀ဆိုသည်မှာ ရေပွတ်ပမာ စသဖြင့် အမျိုးမျိုး တွေးထင် ကြားခဲ့ရတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ သာမန် လူတစ်ယောက်အတွက် ကတော့ အဓိပ္ပါယ်ဖွင့်ဆိုချက် အားလုံးဟာ အကျုံးဝင်ပါတယ်။


ကျွန်တော် ငယ်ငယ်တုန်းက ဘယ်ဒေသ၊ ဘယ်နေရာ၊ ဘယ်အရပ် ရောက်ရောက် အဲဒီဒေသနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေတာတွေကို စူးစမ်းမိတယ်။ အခြေအနေ ပေးတာနဲ့ လက်တွေ့ဆောင်ရွက်မိတတ်ခဲတယ်။ နောင်သောအခါမှာ ကျွန်တော့်အတွက် သတိရစရာ အချက်အလက်များ ဖြစ်ခဲ့ရပါတယ်။


ဝန်ထမ်းဖြစ်တဲ့ အဖေနဲ့ ရိုးသားပြီး ပညာကိုပြည့်စုံအောင် သင်ကြားနိုင် ခဲ့ခြင်းမရှိတဲ့ အမေတို့က ကျွန်တော့်ကို စာပေသင်ကြားခြင်းတွင်သာ ပျော်ပိုက်စေချင်သည်။ ပညာတတ်လူငယ် တစ်ယောက်အဖြစ်နှင့်သာ မြင်ချင်ကြသော်လည်း ကျွန်တော်က ကျွန်တော် ထင်ရာမြင်ရာ၊ စိတ်ဝင်စားရာ ကိုသာ တိုးဝှေ့လုပ်ဆောင် ခဲ့မိပါသည်။ ဘ၀တွင် သေချာပြီး အမှတ်ထင်ထင်ရှိသည့် အကြောင်းအရာများကို လွမ်းဆွတ် ဖွဲ့နွဲ့ရသော အဖြစ်အပေါ်၌ အကြွင်းမဲ့ မှန်ကန်သူ၊ နောင်တမဲ့ ယုံကြည်သူအဖြစ် ရပ်တည်ရင်း ဘ၀ အလွမ်းသစ္စာ တရားအလှကို စုံမက်နေမိတော့သည်။


ဒီလိုနဲ့ ကျွန်တော်သည် အဖွဲ့အနွဲ့မပါသောစကားပြေသည် အနုပညာ အားမရှိသကဲ့သို့ အတိတ်၏ အကြောင်းအရာမပါသော လူ့ဘ၀သည်လည်း အနုပညာမဲ့သောဘ၀ ဖြစ်လိမ့်မည်ဟု ယုံကြည်ရင်း … … ။


ဆက်ရေးပါအုန်းမည်…

Monday, April 21, 2008

ကျွန်တော့်တစ်နေ့တာ (၄)

“ အမှန်တရား ”

လူ့သဘောသဘာဝအရ ကိုယ့်ကို “မှားနေပြီ” လို့ လာပြောတာကို လူအများစုက လက်ခံလိုစိတ် မရှိကြပါဘူး။ လူအများစုရဲ့ ပင်ကိုယ် သဘာဝစိတ်ထဲမှာ သဘာဝတရားကြီးဟာ အဲဒီအမှားကို ၀န်မခံလို စိတ်ကို ထည့်ပေးလိုက်တယ်။ ဒါကိုက သဘာဝတရားရဲ့ မျှတတဲ့ လက်ဆောင်များလား ….. . ။


ဒါပေမယ့် လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်မှာ အသက်ရှင်ခြင်းတရားဟာ အရေးကြီးသလို အဲဒီ အသက်ရှင်ခြင်း တရားလိုပဲ အရေးကြီးတာက သူ အသက်ရှင်ဖြတ်သန်းနေရတဲ့ ဘ၀တစ်လျှောက် အမှန်တရား ဆီ ဘယ်လောက်ချဉ်းကပ်ခဲ့သလဲ၊ အမှန်တရားဘက်က ဘယ်လောက် ရပ်တည်ခဲ့သလဲ၊ အမှန်တရားမှာ ဘယ်လောက်အထိ နေထိုင်ခဲ့သလဲ၊ အမှန်တရားအတွက် ဘယ်လောက် စွန့်လွှတ်စွန့်စား ခဲ့သလဲ ဆိုတာ အဲဒီလူရဲ့ သမိုင်းမှတ်တမ်းဖြစ်မှာပါ။ ပြီးတော့ လူဆိုတာ တစ်ကိုယ်တည်း နေတဲ့သတ္တ၀ါမဟုတ်ပါဘူး။ တစ်ယောက်တည်း မှန်နေလို့မရပါဘူး။ ကိုယ်နဲ့ပေါင်းနေတဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့် ပတ်ဝန်းကျင်က မှားနေတဲ့လူတွေကိုလည်း ပြုပြင် ပေးဖို့လိုမှာပါ။ ဒါကလည်း လူတစ်ဦးချင်းစီအတွက် ပြဌာန်းမထားတဲ့ ယဉ်ကျေးမှု တာဝန်ပါ။


လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအ၀ိုင်းက မှားနေတာကို ပြုပြင်မပေးခဲ့ရင် အမှန်တရားမှာ နေထိုင်နေတဲ့ လူတစ်ယောက်ကပါ ဆုံးရုံးသွားဖို့ ရှိပါတယ်။ ဒီနေရာမှာ လောက သဘောသဘာဝအရ ပုထုဇဉ်လောကမှာ အားသာတဲ့အရာက အားနည်းတဲ့ အရာတွေကို ၀ါးမျိုတတ်တာ သတိချပ်ဖို့ လိုမှာပါ။


ဒီတော့ ကျွန်တော့်အနေနဲ့ အမှန်တရားဆိုတာ အသက်ရှင်ခြင်းတရား လိုပဲ အရေးကြီးတယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်း တန်ဖိုးဆိုတာ ကိုယ်ကိုယ်တိုင် အမှန်တရားမှာ ဘယ်လောက် နေထိုင်ခဲ့ပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လောကကို ဘယ်အတိုင်း အတာထိ အမှန်တရားဆီ ပို့ဆောင်ပေးနိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ မှတ်တမ်းတင်၊ မော်ကွန်းထိုးရမှာပဲ လို့ ယုံကြည်မိပါတယ်။


ဆက်ရေးပါအုံးမည်…