Tuesday, December 8, 2020

အိုခြင်း၏လက္ခဏာ သို့မဟုတ် ဆီးကျိတ်ရောင်ရောဂါ

 

အိုခြင်း၏လက္ခဏာ သို့မဟုတ် ဆီးကျိတ်ရောင်ရောဂါ

 


ဆီးကျိတ်ရောင် ရောဂါသည် အသက်ကြီးသူ အမျိုးသား များတွင် အဖြစ်များသော ရောဂါဖြစ်သည်။ ဆီးကျိတ်သည် အမျိုးသားများတွင် သာရှိသော အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘ၀တစ်သက်တာ ကြီးထွားမှု စက်ဝိုင်း ၂ ကြိမ်ဖြစ်သည် ဟု ဆိုကြသည်။ ပထမ အကြိမ်မှာ မွေးစအရွယ်မှ လူပျိုပေါ်ဝင်ခါစ အချိန် ဖြစ်ပြီး အရွယ်မှာ ၂ ဆ ကြီးလာသည်ဟု ဆိုထားသည်။ ဒုတိယစက်ဝန်းမှာ အသက် ၂၅ နှစ်ခန့်မှ စတင်ကာ အသက်ကြီး လာသည်နှင့် အမျှ တဖြည်းဖြည်း ကြီးမား လာသည်ဟု ဆိုသည်။ ဆီးကျိတ်ရောင် ရောဂါသည် အဆိုပါ ဒုတိယအဆင့် တွင် ဖြစ်ပွားသည်ဟု ဆိုကြသည်။ ဆီးကျိတ်ရောင် ရောဂါသည် အသက် ၅၁ နှစ်မှ ၆၀ ကြား အမျိုးသားများ၏ ထက်ဝက်ခန့်တွင် ဖြစ်ပွားနေပြီး အသက် ၈၀ နှင့်အထက် ဆိုပါက ၉၀ ရာခိုင်နှုန်းခန့် ဖြစ်တတ်သည်ဟု ဆိုထားသောကြောင့် အိုခြင်း၏ လက္ခဏာ ဟုပင် ဆိုနိုင်သည်။


ဆီးကျိတ်ရောင်ရောဂါ

          ဆီးကျိတ်သည် ဆီးအိမ်၏ အောက်တွင် ဆီးပြွန် ပတ်ပတ်လည် ငုံ၍ တည်ရှိနေသော မျိုးပွားအင်္ဂါ အဖွဲ့တွင် ပါရှိသည့် အင်္ဂါတစ်ခု ဖြစ်သည်။ ဆီးကျိတ်ရောင်ခြင်း ဆိုသည်မှာ ကင်ဆာ မဟုတ်သော ဆီးကျိတ်ကြီးသည့် အခြေအနေ ဖြစ်သည်။ ဆီးကျိတ် ကြီးလာခြင်းသည် ဆီးကျိတ်တွင် ပြဿနာ ဖြစ်လာခြင်းထက် ပတ်ဝန်းကျင် တွင်ရှိသော အင်္ဂါများတွင် ပြဿနာ ဖြစ်လာခြင်းဖြစ်သည်။ ဆီးကျိတ် ကြီးလာသည်နှင့် အမျှ ဆီးပြွန်သည် ကျဉ်းလာသည်။ ထို့ပြင် ဆီးအိမ်နံရံကို တွန်းတင်သည်။ ထိုအခါတွင် အဓိက ဖြစ်လာသော ပြဿနာမှာ ဆီးအိမ်သည် ဆီးသွားချိန်တွင် ဆီးကုန်အောင် မစွန့်နိုင်တော့ခြင်း နှင့် ကျဉ်းလာသော ဆီးပြွန်ကြောင့် ဆီးသွားရခက်ခဲ လာခြင်း ဖြစ်သည်။ ဆီးကျိတ်ရောင် ခြင်းသည် ကင်ဆာရောဂါ မဟုတ်သော်လည်း ဆီးကျိတ်ကင်ဆာ နှင့်တွဲ၍လည်း ဖြစ်နိုင် သောကြောင့် ဆီးကျိတ်ရောင် သည့် လက္ခဏာရှိ သူတိုင်းကို ဆီးကျိတ်ကင်ဆာ ရှိ-မရှိ စစ်ဆေး ရသည်။

ရောဂါလက္ခဏာများ

          ဆီးကျိတ်ရောင် ခြင်းသည် ဆီးအိမ်အတွင်း ဆီးကျန်သည့် အပြင် ဆီးအိမ်၏ ဆီးသိုလှောင် နိုင်စွမ်းကို လျော့ကျစေသည်။ ထိုအခါ မကြာခဏ ဆီးသွားလိုသော ဆန္ဒဖြစ် လာသည်။ အများအားဖြင့် တစ်နာရီ တစ်ကြိမ်ခန့် ထိပင် ဆီးသွားနေရပြီး ညအိပ်ချိန်တွင် ပို၍ ဆိုးနိုင်သည်။ အခြား ဖြစ်နိုင်သော ရောဂါ လက္ခဏာများမှာ-

(၁)     ဆီးအိမ်တင်နေသည်ဟု အမြဲခံစားနေရခြင်း။

(၂)     ဆီးမထိန်းနိုင်ခြင်း။

(၃)     ဆီးပန်းအားနည်းလာခြင်း။

(၄)     ဆီးသွားနေစဉ် ဆီးရပ်လိုက်၊ ပြန်သွားလိုက်ဖြစ်ခြင်း။

(၅)     ဆီးစတင်သွားရန်ခက်ခဲခြင်း။

(၆)     ဆီးသွားရန် ညှစ်အားလိုခြင်း။

(၇)     ဆီးကျိတ်ရောင်ခြင်း အလွန်ပြင်းထန် လာပါက လုံးဝဆီးမသွားနိုင်ခြင်း ဖြစ်လာနိုင်ပြီး ထိုကဲ့သို့ ဖြစ်လာပါက အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည်။

(၈)     နောက်ဆက်တွဲ အနေဖြင့် ဆီးအိမ်အတွင်း ဆီးကျန်ခြင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပြီး ကျောက်ကပ် ပျက်စီးခြင်းလည်း ဖြစ်စေနိုင်သည်။

ဆီးကျိတ်ရောင်စေသော အကြောင်းရင်းများ

          ဆီးကျိတ်ရောင်ခြင်းကို ဖြစ်စေသည့် တိကျသေချာသော အကြောင်းရင်းကို မသိရှိ ရသေးပါ။ သို့သော်လည်း အသက်အရွယ် ကြီးရင်ခြင်း နှင့် ဝှေးစေ့သည် ဆီးကျိတ်ရောင် ခြင်း၏ အဓိကလက်သည် ဟု ယူဆထားသည်။ အဘယ်ကြောင့် ဆိုသော အကြောင်း အမျိုးမျိုးကြောင့် အရွယ်မတိုင်မီ ဝှေးစေ့ ထုတ်ထားသော အမျိုးသားများတွင် ဆီးကျိတ်ကြီး ခြင်းကို တွေ့ရလေ့ မရှိသောကြောင့် ဖြစ်သည်။

          အခြား ဆက်စပ်မှုရှိသော အကြောင်းရင်း များမှာ ဟော်မုန်းဓာတ် များဖြစ်သည်။ သက်ရောက်မှု ရှိသော ဟော်မုန်းများ အနက် ပထမတစ်မျိုးမှာ မ ဟော်မုန်း တစ်မျိုးဖြစ်သော အီစတိုဂျင် ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသားများ၏ ခန္ဓာကိုယ် တွင်းတွင် ကျားဟော်မုန်း ဖြစ်သော တက်စတိုစတီရုန်း ကို အဓိက ထုတ်ပေးပြီး အီစတိုဂျင် ဟော်မုန်း အနည်းငယ် ကိုလည်း ထုတ်ပေးသည်။ အသက်ကြီး လာသည်နှင့်အမျှ တက်စတိုစတီရုန်း ထုတ်လုပ်မှု ကျဆင်းသွား သောကြောင့် အီစတိုဂျင် ဟော်မုန်း ပမာဏမှာ နှုန်းရသဘောဖြင့် မြင့်တက် လာသည်။ ထိုကဲ့သို့ အီစတိုဂျင်သည် နှိုင်းရသဘော မြှင့်တက်ခြင်းကြောင့် ဆီးကျိတ်ရောင် လာသည်ဟု ယုံကြည်ရသည်။

          နောက်ထပ် သက်ရောက်မှု ရှိသော ဟော်မုန်းတစ်မျိုးမှာ ဒိုင်ဟိုက်ဒရို တက်စတိုစတီရုန်း ဖြစ်သည်။ အဆိုပါ ဟော်မုန်းသည် ဆီးကျိတ်ဖွံ့ဖြိုး ကြီးထွားမှု ဖြစ်စေသော ကျားဟော်မုန်း တစ်မျိုးဖြစ်သည်။ အသက်ကြီး၍ တက်စတိုစတီရုန်း ထုတ်လုပ်မှု ကျဆင်းသွားသော အချိန်တွင် ခန္ဓာကိုယ် အတွင်းတွင် အဆိုပါ ဟော်မုန်းသည် မြင့်တက် လာသည်။ ထိုကဲ့သို့ မြင့်တက် လာခြင်းသည် ဆီးကျိတ်ရောင် ခြင်းကို ဖြစ်လာ စေသည်ဟု ယူဆထားသည်။

ဖြစ်ပွားနှုန်းမြင့်မားစေသည့် အကြောင်းရင်းများ

          ဆီးကျိတ်ရောင် ခြင်းသည် အောက်ပါ အချက်များနှင့် ကိုက်ညီသူများတွင် ပို၍ ဖြစ်ပွားနိုင်သည်-

(၁)     အသက်အရွယ်

          ဆီးကျိတ်ရောင်ခြင်း ၏ ရောဂါလက္ခဏာ များကို အသက် ၄၀ အောက်တွင် တွေ့ရခဲသည်။ အသက် ၆၀ အရွယ်ရှိ အမျိုးသားများ၏ သုံးပုံတစ်ပုံတွင် ပြင်းထန်သော ရောဂါ လက္ခဏာများ ပြသနိုင်ပြီး အသက် ၈၀ ဆိုပါက ထက်ဝက်ခန့်သည် ပြင်းထန်သော ရောဂါ လက္ခဏာများကို ခံစားရလေ့ ရှိသည်ဟု ဆိုထားသည်။

(၂)     မျိုးရိုးလိုက်ခြင်း

          အဖေနှင့် အစ်ကိုတွင် ဆီးကျိတ်ရောင် ရောဂါ ဖြစ်ဖူသူ များသည် ပို၍ ဖြစ်ပွား နိုင်သည်။

(၃)     ဆီချိုနှင့် နှလုံးသွေးတိုးရောဂါ

          နှလုံးရောဂါ ၊ ဆီးချိုရောဂါ နှင့် Beta Blockers ကဲ့သို့ ဆေးဝါးများ သောက်သုံးရ ပါက ဆီးကျိတ်ရောင် ခြင်းကို ပို၍ ဖြစ်စေနိုင်သည်။

ရောဂါရှာဖွေခြင်း

          ရောဂါရှာဖွေ အတည်ပြု ရာတွင် လက်ဖြင့် စမ်းသပ်ခြင်း ၊ အသံလှိုင်း ဓာတ်မှန် ( Ultrasound) ရိုက်ခြင်း များဖြင့် စစ်ဆေး သိရှိနိုင်သည်။ ထို့ပြင် ကင်ဆာရောဂါ ဟုတ်-မဟုတ် ကိုပါ သွေးစစ်ခြင်း ၊ ဆီးစစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ ထို့ပြင် အခြား လိုအပ်ချက် များဖြစ်သည့် ရောဂါ ရာဇ၀င် မေးမြန်းခြင်း နှင့် အခြေခံ ကျန်းမာရေး စစ်ဆေးခြင်း များကိုလည်း ဆောင်ရွက် ပေးမည် ဖြစ်သည်။

ကုသခြင်း

          ဆီးကျိတ်ရောင် ခြင်းကို ကုသရာတွင် နည်းလမ်းများစွာ ရှိခြင်းကြောင့် သင် ပြသနေသော ဆရာဝန်နှင့် တိုင်ပင်ပြီး အောက်ပါ ကုသနည်း များအနက်မှ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်နိုင်သည်။

(၁)     ဆေးဝါးဖြင့် ကုသခြင်း

          ဆေးဝါးများ အသုံးပြု ကုသရာတွင် ဆီးလမ်းကြောင်း ကို ကျယ်စေပြီး ဆီးသွားရ လွယ်ကူစေရန် ပေးသော Alpha Blockers ဟူသည့် ဆေးအုပ်စု ၊ ဒိုင်ဟိုက်ဒရို တက်စတိုစတီရုန်း ထုတ်လုပ်မှု ပိုလျော့ကျစေပြီး ဆီးကျိတ်၏ အရွယ်အစားကို လျော့ကျစေ နိုင်သော 5-Alpha Reducatase Inhibitors ဆေးအုပ်စု ဟူသော ဆေးအုပ်စု ၂ ခုကို ပေါင်းပြီး ကုသလေ့ရှိသည်။ ထို့ပြင် ဆီးအိမ်နံရံ ကြွက်သားများကို လျော့ကျစေပြီး ဆီးသွားချင် စိတ်ကို လျော့ပါး စေနိုင်သည့် Antimuscarinics ဆေးအုပ်စု ကိုလည်း တွဲပေးတတ်သည်။

(၂)     မခွဲစိတ်ဘဲ (သို့) ခွဲဒဏ်ရာအနည်းငယ်သာ ဖြစ်စေသော နည်း

          ဆေးဝါးဖြင့် ကုသခြင်းကို တုံ့ပြန်မှုမရှိဘဲ အောက်ပါ ရောဂါလက္ခဏာ များရှိနေပါက မခွဲစိတ်ဘဲ သို့မဟုတ် ခွဲဒဏ်ရာ အနည်းငယ်သာ ဖြစ်စေသော နည်းဖြင့် ကုသနိုင်သည်။

          ၁။      ဆီးသွားနှုန်းနည်းပါးခြင်း

          ၂။      ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း

          ၃။      ဆီးသွားလျှင်ညှစ်သွားရခြင်း

          ၄။      ဆီးကျန်ခြင်း

          ၅။      ဆီးကျိတ်မှ သွေးထွက်ခြင်း

          ဤကုသမှုတွင် လူနာသည် ပြင်ပလူနာ အနေဖြင့် ကုသနိုင်ခြင်း တစ်နည်းအားဖြင့် ဆေးရုံတက်ရန် မလိုအပ်ခြင်း ၊ နာလန်ပြန်ထ ချိန်တိုခြင်း စသညတို့အပြင် အကြီးစား ခွဲစိတ်မှု ပြုလုပ်ရန် မလိုအပ်ခြင်း နှင့် ရောဂါလက္ခဏာ များကို သက်သာ ပျောက်ကင်း စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

(၃)     ခွဲစိတ်ကုသခြင်း

          အလွန် ပြင်းထန်သော လူနာများတွင် ခွဲစိတ်ကုသခြင်းကို ခံယူနိုင်သည်။ အထူးသဖြင့် ဆီးလုံးဝ မသွားနိုင်ခြင်း ၊ ကျောက်ကပ် ထိခိုက်နေခြင်း ၊ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၊ သွေးထွက်ခြင်း ၊ ဆီးအိမ်အတွင်း ဆီးကျောက် ရှိနေခြင်း စသည့် ရောဂါ လက္ခဏာ ရှိနေသူများတွင် ခွဲစိတ်ကုသမှု ကို ခံယူနိုင်သည်။

          နိဂုံးချုပ်အနေဖြင့် ဆီးကျိတ်ရောင် ခြင်းကို အမျိုးသား တစ်ဦးအနေဖြင့် ကြုံတွေ့ရန် အခွင့်အလမ်းသည် ပို၍ များပြားနိုင်သည်။ ဆီကျိတ်ရောင် ခြင်းကြောင့် နောက်ဆုံးတွင် ကျောက်ကပ် ပျက်စီးခြင်း ၊ သွေးဆိပ်သင့် သွေးလန့်ခြင်း မှသည် သေဆုံးသည်ထိ ဖြစ်စေနိုင် သောကြောင့် ရောဂါရင့်သည်ထိ မစောင့်ဘဲ ပုံမှန်စစ်ဆေး ကုသမှု ခံယူသင့်ပါကြောင်း ရေးသား လိုက်ရပါသည်။

 

ဒေါက်တာ လင်း

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - ydb daily


No comments: