Saturday, December 12, 2020

ဆီးချိုရောဂါ နှင့် ခြေထောက်ကျန်းမာရေး

 

ဆီးချိုရောဂါ နှင့် ခြေထောက်ကျန်းမာရေး

 


ဆီးချိုလူနာရှင်တွေ အဓိက ဂရုစိုက်ရမယ့် နေရာက ခြေထောက် ဂရုစိုက်ခြင်းပဲ ဖြစ်တယ်။  ခြထောက်ဟာ ဆီးချိုလူနာတွေ ဒဏ်ရာ အနာတရ အဖြစ်လွယ်ဆုံး နေရာဖြစ်တယ်။ ခြေထောက်ဟာ ထိခိုက်မှုတိုင်း မသိလိုက်တာ ပါတယ်။ အာရုံခံစားမှု နည်းပါးခြင်း၊ ခြေထောက် အနေအထား မမှန်ခြင်း၊ ခြေထောက်မှာ အချိန်ကြာမြင့်စွာ အနာဖြစ်ခြင်း၊ ဆီးချို ရောဂါကြောင့် အာရုံကြော များပျက်စီးနေလို့ အာရုံခံစားမှု နည်းပါးပြီး ခဲလုံးနင်း မိခြင်း၊ ဆူးစူးမိခြင်း၊ အပူလောင်ခြင်း၊ ပွတ်တိုက်ခြင်း တို့ကြောင့် အနာဖြစ်ခြင်း၊ အရေကြည်ဖု ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးချို သွေးချို ထိန်းသိမ်းဖို့ လိုတယ်။ ကျန်းမာတဲ့ နေထိုင်မှုဘ၀ ဖြစ်စေရေး အတွက် သွေးပေါင်ချိန် ပုံမှန် ထိန်းရမယ်။ သွေးချို ပုံမှန်(၇၅-၁၇၅) မီလီဂရမ် ရာခိုင်နှုန်းပဲ ဖြစ်တယ်။ သွေးအတွင်း အဆီတွေ ပုံမှန်အဆင့် ဖြစ်အောင် ထိန်းထားရမယ်။ ဆီးချို ထိန်းထားရင်  ဆီးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ မျက်စိမှုန်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်း၊ နှလုံး ရုတ်တရက် အတိုက်ခိုက်ခံ ရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခိုက်ခံ ရခြင်းတို့မှ ကာကွယ်နိုင် ပါတယ်။


ဆီးချိုဆေး မက်ဖိုမင် (Metformin 500 mg) တစ်လုံးနဲ့ ဂလိုက်ဇင် (Glitz 80 mg) တစ်ခြမ်းကို နံနက်၊ ညတစ်စုံ သောက်သင့်တယ်။ သို့မဟုတ် ဆရာဝန် ညွှန်ကြားတဲ့ တိုင်း ဆေးကိုပုံမှန် သောက်သင့်ပါတယ်။ အဆီနည်းပြီး အမျှင်ဓာတ်ပါတဲ့ ဟင်းသီး ဟင်းရွက်များ၊ အမျှင်ဓာတ် ပေါကြွယ်တဲ့ အစာများ မှန်မှန်စား ရမယ်။ ဆီးချိုမှန်မှန် စစ်ဆေးရမယ်။ အိပ်ရာက နိုးချိန် နံနက် ခြောက်နာရီ  ထမင်းစားပြီးချိန်မှာ တိုင်းတာ သင့်ပါတယ်။ ဟေမိုဂလိုဘင် အေ၀မ်းစီ (HbA1C) တိုင်းသင့်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးခြင်း တစ်ခုခု ဆောင်ရွက်ရမယ်။ ဆေးလိပ်၊ ကွမ်း ဖြတ်ရမယ်။ အရက်၊ ဘီယာ ရှောင်ရမယ်။ ရေဆာရင် ရေပဲသောက်ပြီး အရက်၊ ဘီယာ၊ အချိုရည် မသောက်သင့်ပါ။ ကျောက်ကပ်၊ နှလုံးနှစ်စဉ် စစ်ဆေးသင့်တယ်။ မျက်လုံးအမြင်ကို နှစ်စဉ် စစ်သင့်ပါတယ်။

ဆီးချိုလူနာဟာ ကိုယ့်ခြေထောက်ကို ပုံမှန်စစ်ဆေး သင့်ပါတယ်။ နာကျင်မှု မခံစားရဘဲ အနာဖြစ်နိုင်တယ်။ အနာမကျက်ဘဲ ရှိနေတတ်တယ်။ နေ့တိုင်း ခြေထောက် မှာရှနာ၊ ထိခိုက်ဒဏ်ရာ၊ အရောင်ပြောင်းခြင်း၊ ရောင်ရမ်းခြင်း၊ ခြေသည်း ပိုးဝင်ခြင်းရှိ၊ မရှိ ပုံမှန်စစ်ဆေး သင့်တယ်။ ခြေဖ၀ါးကို ကြည့်ဖို့ခက်ခဲရင် မှန်ထောင် ကြည့်နိုင်ပါတယ်။ ခြေထောက်ကို နေ့စဉ်ပုံမှန် ဆေးကြော ပေးရမယ်။ ရေပူမသုံးသင့်ဘဲ ပုံမှန် ရေချိုးဆပ်ပြာနဲ့ အနာရှိ၊ မရှိ စစ်ဆေးကာ စနစ်တကျ ဆေးကြောသင့်တယ်။ ရေဆေးပြီးရင် ခြေချောင်းတွေကြား ခြောက်သွေ့အောင် သေချာ သုတ်ဖို့လိုပါတယ်။

ခြေထောက် အရေပြားကို ချောမွတ် ပျော့ပျောင်းအောင် ထားရမယ်။   ခြေထောက် ချောမွတ်စေဖို့ လိုးရှင်း၊  ခရင်မ် လိမ်းပေးနိုင်တယ်။ ပေါင်ဒါမှုန့်ဖြးကာ ခြေအိတ် ၀တ်သင့်တယ်။ ခြေထောက်မှာ  အသားမာနဲ့ ငါးမျက်စိတို့ရှိရင် ဆရာဝန် သို့မဟုတ် သူနာပြနဲ့ တိုင်ပင်ကာ ကုသမှု ခံယူသင့်တယ်။ အသားမာတွေ၊ ငါးမျက်စိတွေကို ကိုယ့်ဘာသာ ဘလိတ်ဓားနဲ့ လှီးဖြတ်ခြင်း၊ အက်စစ်များ ထည့်ခြင်းဟာ အရေပြားကို ပျက်စီး စေနိုင်လို့ ရှောင်ကြဉ်သင့် ပါတယ်။ ခြေသည်း လက်သည်း ပုံမှန်စနစ်တကျ လှီးဖြတ်သင့် ပါတယ်။ ကိုယ့်ရဲ့ခြေသည်း တွေ ထူနေရင်၊ ၀ါနေရင်၊ အတွင်းကို စိုက်ဝင်နေရင်၊ ခြေသည်းညှပ်ဖို့ အခက်အခဲရှိရင်   ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ကိုယ့်ဘာသာ ညှပ်ရင် ခြေထောက် ရေဆေးပြီးချိန် ညှပ်သင့်တယ်။ ခြေသည်း အနားများ တံစဉ်းနဲ့ ပွတ်တိုက် ရမယ်။

ဆီးချိုလူနာဟာ အချိန်တိုင်း ဖိနပ်စီးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခြေထောက်ဟာ   ထိခိုက်လွယ်လို့ ဖိနပ်မပါဘဲ လမ်းမလျှောက် သင့်ပါဘူး။ အိမ်တွင်းအိမ်ပြင် ဖိနပ် စီးသင့်တယ်။ ကိုယ်နဲ့တော်တဲ့ ဖိနပ်စီးရမယ်။ ထိပ်ပိတ် ဖိနပ်တွေစီးရင် မစီးခင် ကတည်းက ကိုယ်နှင့်တော်၊ မတော်၊ ဖိနပ်က မာနေသလား၊ ခဲလုံးပါ၊ မပါသေချာစွာ ကြည့်ရပါမယ်။

ဆီးချိုလူနာရဲ့ ခြေထောက်တွေ အပူအအေးမှ ကာကွယ်သင့် ပါတယ်။ ပူနေတဲ့ မျက်နှာပြင်မှာ ဖိနပ် စီးသင့်တယ်။ ခြေဖျားတွေ အေးနေရင်  မီးမလှုံသင့်ဘူး။ ခြေထောက်ကို ရေနွေးအိတ် မကပ်သင့်ပါဘူး။ ခြေထောက်တွေ အေးနေရင် ခြေအိတ်စွပ်ခြင်းနဲ့ နွေးထွေးစွာ ထားသင့်ပါတယ်။

ခြေထောက် သွေးလည်ပတ်မှု ကောင်းစေသင့်တယ်။ အချိန်ကြာမြင့်စွာ ထိုင်မယ်ဆိုရင် ခြေထောက်ကို အနည်းငယ် မြှင့်ထားရမယ်။ ခြေချောင်းလေးတွေ လှုပ်ရှားခြင်းကို တစ်ကြိမ်မှာ ငါးမိနစ်၊ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြလုပ်ပေး သင့်ပါတယ်။  ခြေချင်းဝတ်ကို အပေါ်အောက်၊ ဘေးတိုက် လှုပ်ရှားခြင်း တို့ပြလုပ်ပေး သင့်တယ်။ ခြေထောက် ချိတ်ကာ အချိန်ကြာမြင့်စွာ မထိုင်သင့်ပါဘူး။ အလွန် ကျပ်တည်းလှတဲ့ ခြေစွပ်တွေ မ၀တ်သင့်ပါဘူး။

            ဆေးလိပ်၊ ကွမ်း ဖြတ်သင့်တယ်။ ဆေးလိပ်၊ ကွမ်း မှာပါတဲ့ ဆေးရွက်မှာ ဓာတုပစ္စည်း လေးထောင်ကျော် ပါဝင်ကာ အဆုတ်ကင်ဆာ မဖြစ်ခင် အသက်ရှလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ခြေထောက်ကို သွားတဲ့ သွေးကြောတွေကို ကျဉ်းစေခြင်း၊ ဘားဂါးရောဂါ စုဖြစ်စေခြင်း၊ ခြေထောက်ဖြတ်ခြင်း ကင်းဝေးစေဖို့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း ရှောင်သင့် ပါတယ်။ မိမိရဲ့ ခြေထောက် သွေးလည်ပတ်မှု ကောင်းစေဖို့ ဆီးချို၊ သွေးပေါင်ချိန်နဲ့ သွေးအတွင်း အဆီဓာတ်တွေ ပုံမှန်ဖြစ်စေဖို့ လိုအပ်ပါတယ်။

မိမိနဲ့ လိုက်လျောညီထွေ ရှိတဲ့ ပုံမှန် လှုပ်ရှားမှုမျိုး ပြလုပ်ပေး သင့်ပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း ဟာ ခြေထောက်ကို ဒဏ်မဖြစ်စေတဲ့ လေ့ကျင့်ခန်း တွေပဲ ဖြစ်ပါတယ်။ ပြင်းထန်စွာ ပြေးခြင်း၊  ခုန်ခြင်းဟာ ခြေဖ၀ါးပေါ်မှာ ဒဏ်ဖြစ်စေလို့ ရှောင်ကြဉ် သင့်ပါတယ်။ ကိုယ်နဲ့ သင့်လျော်တဲ့ အားကစားဖိနပ် ရွေးသင့်တယ်။

ဆီးချိုလူနာ အနေနဲ့ ဆရာဝန်နဲ့ ပြသချိန်တိုင်း စစ်ဆေးဖို့ လိုတယ်။  ခြေထောက်ရဲ့ အာရုံကြောနဲ့ သွေးကြောတွေ အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ဆေးမှု ခံယူဖို့လိုတယ်။ အထူးပြလုပ်တဲ့ ဖိနပ်လို၊  မလို  ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ယခုမှစကာ ခြေထောက်ကို ဂရုစိုက်ရမယ်။ နေ့စဉ် ခြေထောက် စစ်ဆေးဖို့ အတွက် အချိန်တစ်ခု သတ်မှတ်ရမယ်။ ဆရာဝန်နဲ့ နောက်တစ်ကြိမ် ပြန်လည်ပြသရမယ့် ရက်ကို မှတ်သား ထားရမယ်။ ဆီးချို ဌာနမှာ မှန်မှန်ပြသကာ လိုအပ်တဲ့ ကုသမှု ခံယူသင့်တယ်။ မိမိနဲ့ လိုက်လျောညီထွေ ရှိမယ့်  ဖိနပ်ကို စီးခြင်းက  ဆိုးရွားတဲ့ ခြေထောက် ပြဿနာ တွေကို ကာကွယ်နိုင် ပါတယ်။ ဓာတုပစ္စည်းနဲ့ ပြလုပ်တဲ့ ဖိနပ်များ၊ ပလတ်စတစ်နဲ့ ပြလုပ်ထားတဲ့ ဖိနပ်များ  မစီးသင့်ဘူး။ ဖိနပ်ဝယ်ရင် သက်သောင့် သက်သာရှိတဲ့၊ ခြေချောင်းတွေ လှုပ်ရှားဖို့ နေရာရှိတဲ့ ဖိနပ်ကိုဝယ်ယူ သင့်တယ်။ ထိပ်ဦးချွန်နဲ့ ဒေါက်မြင့်ဖိနပ် တွေမစီးသင့် ပါဘူး။ မ၀ယ်သင့်ဘူး။

ကိုယ့်ရဲ့ ခြေထောက်ကို ဆိုးရွားတဲ့ ခြေထောက်အနာ ဖြစ်နိုင်ခြေရှိ၊ မရှိ ဆရာဝန်က ကြည့်ရှု စစ်ဆေးပေး သင့်တယ်။ သတိထားသင့် တာက ကိုယ့်ခြေထောက် ထိခိုက် ဒဏ်ရာရရင် နာကျင်မှုမရှိဘဲ ဖြစ်နေတတ်တယ်။ ခြေထောက်မှာ ပြတ်ရှခြင်း၊ နာကျင်ခြင်း၊ အရေကြည်ဖု ထခြင်း၊ သွေးခြည်ဥခြင်း၊ အနာမကျက်ခြင်း ရှိရင် ဆရာဝန်နဲ့ ပြကာ တိုင်ပင် သင့်တယ်။

ဆီးချို အစားအစာ၊ အချိုပေါ့၊ အငန်လျှော့ အဆီနည်းတဲ့ အစာ ဖြစ်သင့်တယ်။ ဆီးချိုဆန်၊ ဆီးချိုနို့မှုန့်၊ ဆီးချို ဘီစကွတ် စားပေးနိုင်တယ်။ ပုံမှန် ထမင်းဆိုရင် လည်း ရေငှဲ့ချက် စားသင့်တယ်။ ထမင်း ၁၂ ဇွန်းနဲ့ ဟင်းသီး ဟင်းရွက်သုပ်၊ စွပ်ပြတ်ရည် ကီလိုကယ်လိုရီ  ၁၀၀၀ ဆိုရင် လုံလောက်ပါတယ်။ ဆီပြန်ငါးဟင်း ဆိုလျှင်လည်း ငါးကိုဆယ်ပြီး စားနိုင်ပါတယ်။ ဒါမှသာ ခြေထောက် ကျန်းမာရေး ကောင်းမွန်ပြီး ဆီးချိုရောဂါ အတွက် ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ရေးသားလိုက်ရ ပါတယ်။  

 

ဒေါက်တာလွင်သန့်

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily


No comments: