Sunday, June 10, 2018

နီပါးဗိုင်းရပ်ရောဂါ အကြောင်း သိကောင်းစရာ


နီပါးဗိုင်းရပ်ရောဂါ အကြောင်း သိကောင်းစရာ

နီပါးဗိုင်းရပ်ရောဂါ သည် အသစ်ပေါ်ထွက် လာသောရောဂါ တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက် တတ်သောရောဂါ ဖြစ်သည်။ ၎င်း ရောဂါပိုးသည် RNA ဗိုင်းရပ် အမျိုးအစားဖြစ်ပြီး Paramyxoviridae မိသားစုဝင် ဖြစ်သည်။ ထို့ပြင် ၁၉၉၄ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ၌ ဖြစ်ပွားခဲ့သော Hendra ဗိုင်းရပ်နှင့်လည်း အမျိုးအစား တူညီသည်။

နီပါးဗိုင်းရပ်ကို ၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ နီပါရွာ ၌ ၀က်မွေးမြူရေး လုပ်သားများတွင် စတင်ဖြစ်ပွားပြီး စတင်ဖြစ်ပွား ခဲ့သော ကျေးရွာ၏အမည်ကို အစွဲပြု၍ ၎င်းင်းရောဂါကို နီပါးဗိုင်းရပ်ရောဂါ ဟု ခေါ်တွင်ခဲ့သည်။


၁၉၉၈-၁၉၉၉ ခုနှစ်အတွင်း မလေးရှားနိုင်ငံတွင် ဆေးရုံတက်ရောက် သူလူနာ ၂၅၆ ဦးရှိပြီး သေဆုံးသူ ၁၀၅ ဦးထိရှိခဲ့သည်။ ၀က်ကောင်ရေ ၁ ဒသမ ၁ သန်းကို သုတ်သင် ရှင်းလင်းခဲ့ရပြီး တိုင်းပြည် စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံမှ တင်ပို့သော ၀က်များမှ တစ်ဆင့် စင်ကာပူနိုင်ငံရှိ သားသတ်ရုံ လုပ်သားများထံသို့ ရောဂါပျံ့နှံ့ ခဲ့သည်။

၁၉၉၉ ခုနှစ်၌ စင်ကာပူနိုင်ငံတွင် ရောဂါ စစ်ဆေးသူ ၁၄၆၉ ဦးထိရှိခဲ့ပြီး ရောဂါဖြစ်ပွားသူ ၂၂ ဦးထိရှိခဲ့သည်။ ဖြစ်ပွားသူ အားလုံးသည် အမျိုးသားများ ဖြစ်ပြီး သားသတ်ရုံ ၀န်ထမ်းများ ဖြစ်ကြသည်။ ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန်္ဒိယနိုင်ငံ တို့တွင် ထပ်မံဖြစ်ပွား ခဲ့သည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်၌ အိန်္ဒိယနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၇၁ ဦးနှင့် သေဆုံးသူ ၅၀ ဦးထိ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မေတွင် နီပါးဗိုင်းရပ် ကူးစက် ခံရမှုကို အိန်္ဒိယနိုင်ငံ ကာရာလာပြည်နယ် တွင် တွေ့ရှိရပြီး သံသယရှိသူ လူနာ ၁၁၆ ဦးရှိခဲ့သည်။ ၎င်းတို့ထံမှ ရောဂါပိုး တွေ့ရှိသူ ၁၅ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးထိရှိခဲ့သည်။ နီပါးဗိုင်းရပ်ပိုး ပါသည့် လင်းနို့များ၏ ခံတွင်းမှ ထွက်လာသော အရည်များ၊ ဆီးများ နှင့် အညစ်အကြေး များတွင် ပေါက်ပွားနိုင်ပြီး ထိုအရာများနှင့် ရောနှော ပါဝင်နေသော ရောဂါပိုး ပါသော သစ်သီးများ၊ သစ်ရွက်များ၊ ပင်စည်ထွက် အရည်များ (ဥပမာ-ထန်းရည်၊ ဓနိရည်)အား တိုက်ရိုက် ထိတွေ့ခြင်း၊ ကိုင်တွယ် စားသုံးခြင်း၊ သောက်သုံးခြင်း ဖြင့်ကူးစက်နိုင်သည်။ ထို့ပြင် အခြား ကူးစက်နိုင်သည့် နည်းလမ်းများမှာ ရောဂါပိုးပါသော ၀က်များကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်း၊ အသက်ရှူ လမ်းကြောင်း မှတစ်ဆင့် ကူးစက်ခြင်း၊ ခန္ဓာကိုယ်မှ ထွက်သော အရည်များမှ တစ်ဆင့် ကူးစက်ခြင်းနှင့် မိခင်မှသန္ဓေသား အားကူးစက်ခြင်း စသည့်နည်းလမ်း များဖြင့် လည်း ရောဂါကူးစက် ပြန့်ပွားနိုင်သည်။ သို့ရာတွင် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း နှင့် လင်းနို့များမှ လူသို့ကူးစက်ခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန်္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့ရပြီး မလေးရှားနိုင်ငံ တွင် ဖြစ်ပွားမှု မရှိခဲ့ပါ။

နီပါးဗိုင်းရပ်ရောဂါ၏ ရောဂါလက္ခဏာ များမှာ အစပိုင်းတွင် သာမန်တုပ်ကွေး ရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ သတိလစ်ခြင်း၊ ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စသည်တို့ဖြစ်တတ် ပါသည်။ ရောဂါပြင်းထန် ပါက ပြင်းထန် ဦးနှောက် အမြှေးရောင်ခြင်း၊ တက်ခြင်းစသည် တို့ဖြစ်ပေါ် လာနိုင်ပြီး ထိုမှတစ်ဆင့် ၂၄ နာရီ နှင့် ၄၈ နာရီအတွင်း ကိုမာရောဂါဖြစ်ခြင်း နှင့် အသက်သေဆုံးခြင်း ထိ ဖြစ်တတ်ပါသည်။

နီပါးဗိုင်းရပ်ရောဂါ ဖြစ်ပွားမှု ဟုတ်၊ မဟုတ် ရောဂါစစ်ဆေး သတ်မှတ်ရန်အတွက် ရောဂါရာဇ၀င် မေးမြန်းခြင်းနှင့် သွေးစစ်ခြင်း ကို သွေးတွင်းရောဂါ အင်ဇိုင်း စစ်ဆေးခြင်း (ELTSA) ဖြင့် စစ်ဆေး၍ သော်လည်းကောင်း၊ ဗိုင်းရပ်ပိုးဗီဇ စစ်ဆေးသော နည်းပညာ (RT-PCR) ဖြင့် စစ်ဆေး၍ သော်လည်းကောင်း၊ ဗိုင်းရပ်ပိုးမွေးခြင်းဖြင့် စစ်ဆေး၍ သော်လည်းကောင်း ရောဂါကို အတည်ပြု သတ်မှတ်နိုင်သည်။ ယခုအချိန်ထိ နီပါးဗိုင်းရပ်ရောဂါ အတွက် တိကျသော ဗိုင်းရပ်ရောဂါ ကုထုံး မရှိသေးပါ။ သို့ရာတွင် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာ များဖြစ်သည့် ပြင်းထန် အဆုတ်ရောင် ရောဂါနှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာ များကို ဖြစ်ပွားသော ရောဂါအလိုက် သက်သာပျောက်ကင်း စေသော ကုထုံးများဖြင့်သာ ပြုစုကုသ ပေးနိုင်သည်။

နီပါးဗိုင်းရပ်ရောဂါ အတွက် ကာကွယ်ဆေး ဟူ၍ မရှိသေးပါ။ ထို့ကြောင့် နီပါးဗိုင်းရပ် ရောဂါ ပိုးကူးစက်ခြင်းမှ ကာကွယ်ရန်၊ တိရစ္ဆာန် မှ လူသို့ ကူးစက်မှုမှ ကာကွယ်ရန် ၀က်မွေးမြူရေး ခြံများတွင် ပိုးသတ်ခြင်း နှင့် သန့်ရှင်းမှု ကိုပုံမှန်ပြုလုပ်ခြင်း၊ သားသတ်ရုံ ၀န်ထမ်းများ နှင့် တိရစ္ဆာန် ကိုင်တွယ်သူများ အနေဖြင့် တိရစ္ဆာန်များအား ကိုင်တွယ်ရာတွင် လက်အိတ်များ၊ နှာခေါင်းစည်းများ၊ အကာအကွယ် အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ ရောဂါကူးစက်သည်ဟု သံသယရှိသော တိရစ္ဆာန်များအား သီးခြားခွဲထားခြင်း၊ လက်အိတ်များ အသုံးပြု၍ ကိုင်တွယ်ခြင်း၊ သုတ်သင် ရှင်းလင်းခြင်း၊ မြေမြှုပ်ခြင်း၊ မီးရှို့ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ ခြင်းများ ပြုလုပ်ရမည်။ ဖြစ်နိုင်ပါက ရောဂါကူးစက် ခံနေရသော တိရစ္ဆာန်များ၊ ၀က်များနှင့် ထိတွေ့မှုမရှိစေရန် ဂရုစိုက်ရမည်။

လင်းနို့မှလူသို့ ကူးစက်မှုမှ ကာကွယ်ရန် ထန်းရည် ထုတ်လုပ်ရာ နေရာများတွင် လင်းနို့များ မလာနိုင်အောင် စီမံထားခြင်း၊ ထန်းရည်၊ ဓနိရည် ကဲ့သို့ သစ်ပင်များမှ တိုက်ရိုက်ခံယူ၍ ရရှိသော အရည်များအား သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ထန်းရည် ချက်ရာတွင် ဆူပွက်အောင် ချက်လုပ်ခြင်း၊ အဖုံးဖုံးထားခြင်း၊ အသီးအနှံများအား မစားသုံးမီ ရေနှင့် သေချာစွာ ဆေးကြောရန်နှင့် အခွံနွှာပြီးမှသာ စားသုံးခြင်း၊ ဟင်းသီးဟင်းရွက် များအားအစိမ်း စားသုံးခြင်း မပြုဘဲ ဆူပွက်နေသော ရေတွင်ပြုတ်ပြီးမှ စားသုံးခြင်းတို့ကို လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

လူအချင်းချင်း ကူးစက်မှုမှ ကာကွယ်ရန် အသိပညာပေးခြင်း၊ ရောဂါဖြစ်ပွားသူ၊ သံသယရှိသူ များနှင့် ထိတွေ့မှုမှ ရှောင်ကြဉ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးခြင်း၊ ရောဂါဖြစ်ပွား နေသောနေရာ၊ ဒေသ၊ နိုင်ငံများအား သွားရောက် လည်ပတ်ခြင်းကို ရှောင်ကြဉ်ခြင်း စသည်တို့ကို ဂရုစိုက်သင့်သည်။

ကျန်းမာရေးဝန်ထမ်း များတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရန် နီပါးဗိုင်းရပ် ရောဂါပိုး သံသယရှိသော လူနာများအား ကိုင်တွယ်သည့် အချိန်တိုင်းတွင် စနစ်ကျသော Infection Control Precautions များအတိုင်း လိုက်နာခြင်း၊ လူနာများအား ကိုင်တွယ်ပြီးပါက လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် စနစ်တကျ ဆေးကြောခြင်း၊ လူနာ၏ သွေးပစ္စည်းများအား ကိုင်တွယ်ရာတွင် စနစ်တကျလေ့ကျင့် ထားသော ၀န်ထမ်းများမှ ကိုင်တွယ်စေခြင်း၊ လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက် ခံရပါက အချိန်မီနှင့် လျင်မြန်စွာ အဆင့်ဆင့် သတင်းပို့ခြင်း စသည့်နည်းလမ်း များကို ဂရုပြုလိုက်နာ သင့်ပါသည်။

အချုပ်အားဖြင့် ဆိုသော် နီပါးဗိုင်းရပ် ရောဂါပိုးသည် သေဆုံးမှုနှုန်း မြင့်မားသော ရောဂါတစ်ခု ဖြစ်ပြီး တိရစ္ဆာန်မှ လူသို့လည်းကောင်း၊ လူတစ်ဦးမှ တစ်ဦးသို့ လည်းကောင်း ကူးစက်ပြန့်ပွား နိုင်သော ရောဂါဖြစ်သည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော အိန်္ဒိယနိုင်ငံ ကာရာလာ ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသောကြောင့် ပြည်သူလူထု အနေဖြင့် အထက် ဖော်ပြပါ အချက်များအား သတိပြုလိုက်နာ ကြစေရန် အကြံပြုတင်ပြ အပ်ပါသည်။

ဒေါက်တာ ကျော်ခန့် (ပြည်သူ့ကျန်းမာ)
မြ၀တီနေ့စဉ်

No comments: