Saturday, June 23, 2018

အရွယ်တင် နုပျိုချင်သူများ ကိုလာဂျင် ဆောင်ထား


အရွယ်တင် နုပျိုချင်သူများ ကိုလာဂျင် ဆောင်ထား

သင့်အရေပြား အမြဲတမ်းနုပျို နေဖို့ဆိုရင် ကိုလာဂျင် (Collagen) ဆိုတဲ့ဝေါဟာရကို ရင်းနှီးကျွမ်းဝင် နေဖို့လိုပါတယ်။ ကိုလာဂျင် ဆိုတာ လူသားတွေရဲ့ Dermis (ခေါ်) အရေပြားရဲ့အလယ်လွှာထဲမှာ ရှိနေတဲ့ ပရိုတင်း အမျှင်ဓာတ် တစ်မျိုးဖြစ်ပြီး အရေပြားရဲ့ ၇၅ ရာခိုင်နှုန်းက ကိုလာဂျင် ပဲဖြစ်ပါတယ်။ အလှအပဗေဒ ဆိုင်ရာ ပါရဂူတွေရဲ့ အဆိုအရ လူတစ်ယောက်ရဲ့အရေပြား အလှပဆုံး အချိန်ဟာ အသက် ၃၅ နှစ် ၀န်းကျင်လို့ ဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတစ်ဦးရဲ့ ကိုလာဂျင်ဓာတ် ထုတ်လုပ် နိုင်မှုက အဲဒီ အသက်အရွယ် ကာလမှာ ဖြစ်နေလို့ပါပဲ။ အသက် ၃၅ နှစ် နောက်ပိုင်းက စပြီး ကိုလာဂျင် ထုတ်လုပ်မှု တဖြည်းဖြည်း မသိမသာ လျော့နည်းလာ ပါတယ်။ အသက် ၆၀ လောက်မှာတော့ ကိုလာဂျင် အမျှင်တွေ တော်တော်ကြီး နည်းသွားပါပြီ။ ဒါကြောင့် အသားအရေတွေ တွဲလာတာပါ။


ဒါကို ဆေးပညာအရ Premature aging (ခေါ်) ဇရာအိုစောခြင်း လို့ခေါ်ပါတယ်။ နေလောင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးမ၀ခြင်း၊ အညောင်းထိုင်ခြင်း၊ ရေသောက် နည်းခြင်း၊ ဆီကြော်မုန့်များ စားခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ခြင်းတို့က ကိုလာဂျင်ကို ထိခိုက်ပျက်စီး စေပါတယ်။ အဲဒီလို အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ခြင်း၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး တို့မှီဝဲခြင်း၊ ကိုလာဂျင် သို့မဟုတ် Tretinoin (ခေါ်) ကိုလာဂျင် အားပေးပစ္စည်း သို့မဟုတ် ဗီတာမင်စီ သို့မဟုတ် ဗီတာမင်အီး ပါတဲ့ အလှအပပစ္စည်းများ သုံးစွဲခြင်းတို့ဖြင့် ကာကွယ်ထားသင့် ပါတယ်။ အောက်ဖော်ပြပါ အစားအစာများက ကိုလာဂျင် ထုတ်လုပ် နိုင်မှုကို အားဖြည့်ပေး နိုင်တာကြောင့် အရွယ်မတိုင်မီ မအိုချင်သူများ အတွက် သတင်းကောင်း ပါးလိုက်ပါတယ်။

ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ သကြားမုန်လာဥ (ခေါ်) မုန်လာဥနီ စတဲ့ အနီရောင် ဟင်းသီးဟင်းရွက် တွေထဲမှာ နေလောင်လို့ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေး နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါရှိတဲ့အပြင် ကိုလာဂျင် ပမာဏကို တိုးပွားစေနိုင် ပါတယ်။

ဟင်းနုနယ်၊ ကိုက်လန်၊ ထောပတ်သီး စတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်နဲ့ သစ်သီးဝလံ တွေမှာ ဆာလ်ဖာဓာတ် ကြွယ်ဝစွာပါရှိ ပါတယ်။ အဲဒီဓာတ် တွေက ကိုလာဂျင် ပရိုတင်း ကို တိုးမြင့်စွာ ထုတ်လုပ်စေ ပါတယ်။

လိမ္မော်သီး၊ မုန်လာဥနီ၊ အ၀ါရောင် ကန်စွန်းဥ၊ အ၀ါရောင် ပြောင်းဖူးနဲ့ အာလူး စတဲ့ သစ်သီးဝလံ တွေမှာ ဗီတာမင်အေ ပေါပေါများများ ပါရှိတာကြောင့် အသားအရေ အတွက် ကိုလာဂျင် ပရိုတင်းကို သိုလှောင် သိမ်းဆည်းပေးထား နိုင်ပါတယ်။

အနက်ရောင် ဘလူးဘယ်ရီ၊ အနီရောင် ရက်စ်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ ပါရှိတဲ့ သဘာဝဓာတ်တိုး ဆန့်ကျင်ပစ္စည်း တွေက ကိုလာဂျင် ပမာဏကို တိုးမြင့်ပေး နိုင်ပါတယ်။

သံပရာသီး၊ သံပရိုသီး၊ ဂရိတ်ဖရုစတဲ့ အချဉ်ဓာတ်ရှိတဲ့ အသီးတွေမှာ Amino အက်စစ်တွေ ပါရှိနေကြပြီး အဲဒီအက်စစ် တွေက ကိုလာဂျင် အဖြစ် ပြောင်းလဲနိုင် တာကြောင့် အသားအရေကို စိုပြည်စေရုံ သာမက အသားအရေကို တင်းရင်းလာစေ နိုင်ပါတယ်။

ပဲပိစပ် (ခေါ်) ပဲပုပ်နဲ့လုပ်တဲ့ တိုဟူး၊ ပဲနို့ရည်တွေမှာ Genistein (ခေါ်) အပင်မှရရှိတဲ့ စွမ်းအားပြည့် သဘာဝ ဟော်မုန်းဓာတ် တွေ ပါရှိနေပါတယ်။ အဲဒီဓာတ်တွေက ကိုလာဂျင် အမြောက်အမြား ထုတ်လုပ်မှုကို အားပေးပါတယ်။

Green Tea (ခေါ်) လက်ဖက်ရွက် အစိမ်း တွေက အရေပြားရဲ့ ကိုလာဂျင် ပရိုတင်း တည်ဆောက်မှုကို အထူးအားပေး တာကြောင့် အရွယ်တင် နုပျိုစေဖို့ လက်ဖက်ရည်ကြမ်း သောက်ပေးသင့် ပါတယ်။

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥနဲ့ ငုံးဥတွေက ကိုလာဂျင် ထုတ်လုပ်မှုကို ကောင်းကျိုးပြုသလို၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ ပင်လယ်စာ၊ ကမာကောင် တွေကလည်း ကိုလာဂျင်ကို ကောင်းစွာ တည်ဆောက်ပေး နိုင်ပါတယ်။

အိုမီဂါ-၃ ၊ ဖက်တီးအက်စစ် တွေက ကိုလာဂျင် ထုတ်လုပ်မှုကို စွမ်းအားဖြည့်ပေး နိုင်တာကြောင့် အဲဒီ အက်စစ်ဓာတ် ကြွယ်ဝစွာ ပါရှိတဲ့ ဆော်လမွန်ငါး၊ ပင်လယ်ငါးကြီး၊ ငါးကြီးဆီ တို့အပြင် ဗာဒံစေ့၊ သီဟိုဠ်စေ့ စတဲ့ အစေ့အဆန် တွေကို စားပေးသင့် ပါတယ်။

ကြက်သွန်ဖြူထဲမှာ ပါရှိတဲ့ ဆာလ်ဖာဓာတ် က ခန္ဓာကိုယ်ရဲ့ ကိုလာဂျင် အပျက်အစီး တွေကို အသစ်တစ်ဖန် ပြန်လည်ကောင်းမွန် အောင် တည်ဆောက်ပေး နိုင်ပါတယ်။ သခွားသီးကလည်း ဆာလ်ဖာဓာတ် တွေ များစွာပါရှိ နေတာကြောင့် ကိုလာဂျင် ထုတ်လုပ်မှု အတွက် သခွားသီးကို စားသုံးသင့် ပါတယ်။

ပေါက်ပေါက်

No comments: