Monday, June 11, 2018

လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု


လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု

မိုဘိုင်းဖုန်းများကို လူတိုင်းနီးပါး ၀ယ်ယူသုံးစွဲနိုင် ကြပေပြီ။ ယနေ့ခေတ် ကာလသည် လူတစ်ကိုယ် ဖုန်းတစ်လုံးတော့ ပိုင်ဆိုင်မှ၊ ကိုင်နိုင်မှ လူရာဝင်သလို ဖြစ်သောခေတ်ဟု ဆိုပါလျှင်လည်း မှားအံ့မထင်။ ဘယ်သွားသွား ဘယ်လာလာ ကျန်သည့် အရာသာ မေ့ကောင်းမေ့ကြမည် ဖြစ်သော်လည်း မိမိဖုန်းကိုတော့ မေ့ကျန်ခဲ့မည် မဟုတ်ပေ။

ရောက်သည့်နေရာ ရှုကြည့်ပါလေ။ လူတိုင်း လက်ထဲတွင် ဖုန်းတစ်လုံးတော့ တွေ့မြင်ရမည် ဧကန်ပါ။ အချို့ဆိုလျှင် ဖုန်းနှစ်လုံး၊ သုံးလုံးနှင့် အလုပ်များ ရှုပ်လို့။


ယခင်ကတော့ ဖုန်းများကို တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု လွယ်ကူချောမွေ့ စေရန်အတွက် အဓိက ၀ယ်ယူသုံးစွဲ ကြသည်။ နောက်ပိုင်းတွင် နည်းပညာ စွမ်းပကားကြောင့် ဖုန်းဆက်ရန် အပြင် အခြား အခြားသော အရေးကိစ္စများ အတွက်ပါ လုပ်ဆောင်ပေးလာနိုင် သောကြောင့် လူတိုင်း တမ်းတမ်းစွဲ ဖြစ်လာခဲ့သည်။ ဖုန်းမရှိလျှင် နေ၍မရသော အခြေအနေထိ ရောက်မှန်း မသိ ရောက်ရှိလာခဲ့ပေပြီ။

ဤတွင် အရေးတယူ ပြောဆိုလိုသည်မှာ မိုဘိုင်းဖုန်းမှ တစ်ဆင့် လူမှုကွန်ရက်တွင် ပို့စ်များ တင်ကြသောကိစ္စ ဖြစ်သည်။

လူတိုင်းနီးပါး ဖုန်းအနည်းဆုံး တစ်လုံး ပိုင်ဆိုင်ကြ သလို ဖုန်းပိုင်ဆိုင်သူ အားလုံးနီးပါး မှာလည်း လူမှုကွန်ရက် တစ်ခုဖြစ်သော ဖေ့စ်ဘွတ် အကောင့်တစ်ခု တော့ အနည်းဆုံး ပိုင်ဆိုင်ကြသည် ချည်းဖြစ်သည်။ အချို့များဆိုလျှင် အဆိုပါ အကောင့်များ တစ်ခုထက်မက လည်း ရှိနေကြသည်။

ထို မိမိကိုယ်ပိုင် ဖေ့စ်ဘွတ်တွင် စာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ မိမိစိတ်ကြိုက် တင်နိုင်ကြသည်။ မိမိကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်ပါ၏။ မိမိစာမျက်နှာ မိမိကြိုက်သလို အသုံးချခွင့် ရှိနေသည် မဟုတ်ပါလော။

သို့သော် အဆိုပါ ဖေ့စ်ဘွတ် အကောင့်သည် အခြားသူများနှင့် မိတ်ဆွေဖွဲ့ ထားကာ ချိတ်ဆက်ထားသည် ဖြစ်၍ မိမိတင်သမျှ အကြောင်းအရာ များမှာ အခြားသူများထံ သို့လည်း ရောက်ရှိသွား ပေလိမ့်မည်။ မကြည့်ချင်လျှင် ကျော်သွားပါဟု အလွယ် ဆိုနိုင်သော်လည်း မိမိဘက်က စောင့်ထိန်းသင့် သည်များကိုတော့ စောင့်ထိန်းရ ပါလိမ့်မည်။ အများပြည်သူ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စရပ်များ ဆိုလျှင်တော့ အထူးသတိပြု၍ စောင့်ထိန်းရမည် ဖြစ်သည်။

အထူးသဖြင့် ဘာသာရေး မှိုင်းတိုက် လှုံ့ဆော်မှုများ၊ လူမျိုးရေး သွေးခွဲလှုံ့ဆော်မှုများ၊ နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှုများ စသည်တို့ကို သတိကြီးစွာထား၍ ရှောင်ရှား အသုံးပြုသင့် ပေသည်။ ထို့ပြင် လူပုဂ်္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ပါတီ စသည်တို့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လီဆယ် ဖော်ပြထားသည် တို့ကိုလည်း ဝေးစွာရှောင်ကြဉ်၍ အသုံးပြုသင့်သည်။ မိမိ ဂုဏ်သိက္ခာနှင့် အခြားသူတို့၏ ဂုဏ်သိက္ခာကို အလေးထားကာ အသုံးပြုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် မိမိနှင့် မိတ်ဆွေဖြစ်နေကြ သူများသည် လူတန်းစား အမျိုးမျိုး ရှိနေသော ကြောင့်ပင်။ မိမိထက် အသက်အရွယ်ကြီး သူများ၊ ဂုဏ်အားဖြင့် ကြီးသူများ၊ မိမိဆရာ၊ ဆရာမများ၊ ဆွေမျိုးသားချင်းရင်းနှီးသူများ၊ ရဟန်းတော်များ၊ သာမဏေများ စသည်တို့ ရှိနေနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိ တင်လိုက်သောပို့စ် သည် အထက်ဖော်ပြပါ မိမိနှင့် ချိတ်ဆက်ထားသူများ ဆီသို့ စက်္ကန့်ပိုင်း အတွင်း၌ပင် ပျံ့နှံ့ရောက်ရှိ သွားသောကြောင့် ဖြစ်၏။ ထို့ပြင် အမုန်းစကားများ၊ အညှီအဟောက် အကြောင်းအရာ များ၊ အနိဋ္ဌာရုံ မြင်ကွင်းများ ကိုလည်း Like ပေးခြင်း၊ Share ခြင်းများ မလုပ်မိကြ ရန်လည်း လိုအပ်သည်။

မိမိတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ကြီးကြီးငယ်ငယ် အရွယ်စုံ လူတိုင်း လိုလိုပင် ဖေ့စ်ဘွတ်ကို အနားမရှိ သုံးနေကြသည်ကို ယေဘုယျ သဘော လေ့လာသိရှိ နိုင်သည်။ အချို့က အပျော်အနေဖြင့်၊ အချို့က စိတ်ဝင်စားရာ စာပေ၊ ဂီတပညာ စသည်တို့ကို ရှာဖွေရာ အနေဖြင့်၊ အချို့က စီးပွားရေးအလုပ် တစ်ခုအနေဖြင့်၊ အချို့ကလည်း အခြားသော ရည်ရွယ်ချက် တို့ဖြင့် အမျိုးမျိုး အဖုံဖုံ သုံးစွဲနေကြသည်။ ကောင်းကျိုးလည်း ရှိနိုင်သလို ဆိုးကျိုးလည်း ရှိနိုင်သည်။ သုံးစွဲသူ၏ အသိပေါ်တွင်သာ မူတည်ပေလိမ့်မည် မဟုတ်ပါလော။

ဤတွင် အခြားနိုင်ငံများမှ လူပုဂ္ဂိုလ်များရော လူမှုကွန်ရက် များကို မည်သို့မည်ပုံ အသုံးပြုနေကြ ပါသလဲ။ လိုက်လံစေ့ငု ကြည့်ရန်လိုသည်။ မိမိတို့ကဲ့သို့ အချိန် အတော်များများ အသုံးပြုကြ လိမ့်မည် မဟုတ်ပေ။ တစ်ဦး နှင့်တစ်ဦး တွေ့ဆုံပွဲများ၊ စုဝေးပွဲများ၊ အခမ်းအနား ဖိတ်ကြားမှုများနှင့် အခြားသော သတင်းပေး သိစရာများ ရှိမှသာလျှင် အသုံးပြုကြ သည်ကို တွေ့ရှိနိုင်သည်။ သူတို့ သွားလေရာတွင် မပါမဖြစ် ယူဆောင်သွား သည်မှာ စာအုပ်ဖြစ်သည်။ ရထားပေါ်၊ ကားပေါ်တွင် စာဖတ်သည်။ ဘူတာရုံတွင် စာဖတ်သည်။ ဆိုလိုသည်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချသည်။ အပိုင်းလိုက်၊ ကဏ္ဍလိုက် ခွဲခြားထားသည်ကို လေ့လာ သိရှိရသည်။ အတုယူကြရန် ကောင်းပါ၏။

ထို့ကြောင့် မိမိတို့သည်လည်း ဖေ့စ်ဘွတ် စသော လူမှုကွန်ရက် တို့ကို ခဏတာအဖြစ် အပျင်းပြေစရာ၊ ဖျော်ဖြေရေး၊ မိတ်ဆွေတို့နှင့် ဆက်သွယ်ရေး၊ သတင်းဖတ်စရာ စသည့် ကောင်းမွန်သော ရည်ရွယ်ချက်တို့ဖြင့် အချိန် အကန့်အသတ် ထား၍ သုံးစွဲကြရန် ဖြစ်၏။

ကျန်အချိန်တို့တွင် မိမိဘ၀ အတွက် ဖေ့စ်ဘွတ်ထက် ပို၍ အရေးပါသော အရေးကိစ္စများကို ဆောင်ရွက်ကြရန် ဖြစ်၏။ လိုအပ်ပါက ဖေ့စ်ဘွတ် အသုံးပြုခြင်းကို တဖြည်းဖြည်း လျှော့ချနိုင်ကြရန် ဖြစ်၏။ အွန်လိုင်းပေါ်က ဘ၀ထက် မိမိလက်တွေ့ ဘ၀ကို ပိုမိုအလေးထားကာ ရှုမြင်တတ်ကြရန် ဖြစ်၏။

အချို့က ဖေ့စ်ဘွတ် သုံးချိန်သည် အားလပ်ချိန်တွင် သုံးခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ အားလပ်ချိန်တွင် သုံးသည် မှန်သော်လည်း မိမိအိပ်ချိန်၊ စားချိန်ကိုပါ အသုံးပြုမိ နေသည်ကို သတိပြု သင့်သည်။ အချို့ဆိုလျှင် မလိုအပ်ဘဲ လုပ်ငန်းခွင်မှာပင် ဖေ့စ်ဘွတ်သုံး ကြသည်။ ဤသို့ ပြုလုပ်ခြင်းသည် မိမိအလုပ်ကို မလေးစားရာ ရောက်သည့်အပြင် အခြားသူကိုပါ မထီမဲ့မြင်ပြုရာ ရောက်သည်။

တစ်ဖန် အွန်လိုင်းတွင် တင်ထားသော မိမိကိုယ်ရေး အချက်အလက် များနှင့် အခြားသော အရေးကြီး အကြောင်းအရာများ၊ ဓာတ်ပုံများ စသည်တို့ကိုလည်း မသမာသူတို့က ရယူသွား နိုင်ကြကာ ပြဿနာမျိုးစုံ ကြုံရနိုင်သည်။ 

အသိဆင်ခြင်ဉဏ် အားနည်းစွာ အသုံးပြုခဲ့လျှင် ကောင်းကျိုးထက် ဆိုးကျိုးသာ အလေးသာ ရန်ရှိလေသည်။ သို့သော်လည်း ကောင်းခြင်း၊ ဆိုးခြင်း ဟူသည်ကား အသုံးပြုသူ အပေါ်မှာပင် လုံးဝမှီတည်ပေ လိမ့်မည်။

ဤသို့အားဖြင့် လူမှုကွန်ရက်ကို သတိဖြင့် အသုံးပြုကြကာ မိမိဂုဏ်သိက္ခာ၊ မိမိ၏မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း မျက်နှာ၊ မိမိနိုင်ငံနှင့် လူမျိုးဂုဏ် သတင်းတို့ကို မပျက်ယွင်းစေဘဲ အသုံးပြုကြ စေချင်သည်။ အချိန်အကန့်အသတ် ဖြင့်လည်း အသုံးပြုကြ စေချင်သည်။ အကျိုးရှိရာ ရှိကြောင်း အပေါင်းလက္ခဏာ ဆောင်အောင်လည်း အသုံးပြုကြ စေချင်သည်။ ထို့ကြောင့် သတိကြီးစွာထား၍ အသုံးပြုကြပါဟု စေတနာကောင်းဖြင့် တိုက်တွန်းလိုက်ရပါသည်။

ဆဏ်းဝင်းအောင်
ရတနာပုံ

No comments: