Tuesday, May 8, 2018

တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး


တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး

ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) များသည် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလျက်ရှိရာ ရှေးယခင်က ကုန်ပစ္စည်း အချင်းချင်း ဖလှယ်ခြင်းစနစ် သုံးစွဲခဲ့ရာမှ ဖွံဖြိုးတိုးတက် လာသည်နှင့်အမျှ ဒင်္ဂါးပြားများ၊ ငွေစက္ကူများကို တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာခဲ့ ပါသည်။ ထို့နောက် စဉ်ဆက်မပြတ် ပြောင်းလဲလာခြင်းနှင့်အတူ ငွေကြေးပိုင်းဆိုင်ရာ ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ ငွေကြေးသုံးစွဲမှုမှာလည်း လွယ်ကူမြန်ဆန်ကျယ်ပြန့် လာစေရေးအတွက် အင်တာနက် နည်းပညာကို အသုံးချလာကြပါသည်။ Mobile Banking နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသည်နှင့်အညီ ငွေကြေးသုံးစွဲမှု ဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်မှုတစ်ခုအနေဖြင့်လည်း အဆင့်မြင့်ကွန်ပျုတာနည်းပညာတစ်ခုဖြစ်သည့် BlockChain နည်းပညာကိုအခြေခံ၍ အသုံးပြုထားသော Cryptocurrency (ခ) Digital Currency ဟု ခေါ်ဆိုကြသည့် ကိုင်တွယ်၍ မရသော ငွေကြေးစနစ် (Digital Money) ဒီဂျစ်တယ်ငွေကြေးတစ်မျိုးမှာ ၂၀၀၉ ခုနှစ်တွင် စတင်ပေါ်ထွက် လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး နယ်ပယ်၌ တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာ နေသည်ကို တွေ့မြင်နေရ ပါသည်။


ယနေ့ခေတ်ကာလ ကမ္ဘာ့စီးပွားရေး နယ်ပယ်၌ Cryptocurrency (ခေါ်) Digital Currency ဒီဂျစ်တယ်ငွေကြေးများ၊ အများအပြား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သုံးစွဲသူအချင်းချင်း လက်ခံကြသည့် သမားရိုးကျ ရင်းနှီးမြှုပ်နှံမှု မဟုတ်သော Cryptocurrency (ခ) Digital Money (ခ)Coin စနစ်သည်လည်းပေါ်ပေါက်လာခဲ့ပါသည်။ Cryptocurrency Coin စနစ်သုံးစွဲမှုမှာ အစိုးရများ၏ ထိန်းချုပ်မှု အောက်တွင်မရှိဘဲ ယင်းစနစ်ကို သဘောကျလက်ခံသည့် လူပုဂ္ဂိုလ် အချင်းချင်းသာ သုံးစွဲနေကြခြင်းဖြစ်သည်။ အဆိုပါ Cryptocurrency Coin များအားဝယ်ယူ ရင်းနှီးမြှုပ်နှံမှုပြုသူ အချို့သည် လတ်တလော အမြတ်အစွန်း အများအပြားရနေခြင်း၊ Online စနစ်ကို အခြေခံထားသဖြင့် ငွေကြေးထိန်းသိမ်းရမှုမရှိခြင်း၊ လွှဲပြောင်းရာတွင် ကုန်ကျစရိတ် မရှိသလောက် နည်းပါးခြင်း၊ အခွန် ပေးဆောင် ရမှုမရှိခြင်း၊ ငွေလွှဲသည့်အချိန် သက်သာခြင်း စသည်တို့အပြင် အစိုးရအဖွဲ့အစည်း အသီးသီး၏ ထိန်းချုပ်နှောင်ဖွဲ့မှု ကင်းလွတ်၍ လွတ်လပ်သည့် အခြေအနေ တွင် ရှိနေသဖြင့် ဥပဒေနှင့် လွတ်ကင်းနေသည့် သဘောမျိုး ဖြစ်နေခြင်း တို့ကြောင့် Digital Currency ကို စမ်းသပ်လုပ်ကိုင် လာကြပါသည်။ ထိုကြောင့် Cryptocurrency Coin လက်ဝယ်ရှိသူများ သည်လည်း ကမ္ဘာ့နိုင်ငံ အချို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို တွေ့ရှိရပါသည်။ 

Cryptocurrency (ခ) Digital Currency နှင့်ပတ်သက်၍ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ပြန်လည် လေ့လာမည် ဆိုပါက ၂၀၀၈ ခုနှစ်တွင် ဂျပန်အမည် ဆာတိုရှီနာကာမိုတို ဟုခေါ်သည့် အဖွဲ့တစ်ဖွဲ့က Digital Currency နည်းပညာတစ်ခုအား ကမ္ဘာသို့ စာတမ်းတစ်စောင်ကို ချပြခဲ့ပါသည်။ အဆိုပါ  နည်းပညာမှာ Digital Currency ငွေကြေးတစ်ခုအား Block Chain System ကိုအသုံးပြု၍ အဆင့်မြင့် ကွန်ပျူတာများနှင့် ချိတ်ဆက် တည်ဆောက်ထားသော Network ကွန်ရက် တစ်ခုအား အသုံးပြု ဆောင်ရွက်ခြင်းမျိုး ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Digital Currency တစ်မျိုးပြုလုပ်မည် ဆိုပါက လုံခြုံသည့် Network ကွန်ရက် တစ်ခုကို တည်ဆောက်ပြီး Coin များကို ထုတ်လုပ် ရောင်းချခြင်း ဖြစ်ကြောင်း၊ ထိုသို့ Coin များ ထုတ်လုပ်သည်ကို နည်းပညာ အခေါ်အရ Minning ပြုလုပ်သည်(ခ) သတ္တုတူးဖေါ်သည်ဟု တင်စား ခေါ်ဝေါ်ကြောင်း၊ Coin များထုတ်လုပ် ဆောင်ရွက်နိုင်သည့် သက်တမ်းကို ၂၀၀၉ ခုနှစ်မှစ၍ (၂၅)နှစ်အထိနှင့် Coin အရေအတွက် ကိုလည်း (၂၁)သန်းသာ ထုတ်လုပ်ရန် စည်းမျဉ်း သတ်မှတ် ထား ကြောင်း၊ Digital Currency နှင့်ပတ်သက်၍ စာတမ်းရေးသား၍ နည်းပညာတီထွင်သူ အမည်အား ဆာတိုရှီနာကာမိုတို ဟု အလွယ်တကူ ခေါ်ဝေါ်ကြသော်လည်း မည်သူမှန်း တိတိကျကျမသိ ရှိကြကြောင်း၊ ၎င်းတို့အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် ဒီဂျစ်တယ်ငွေကြေး တစ်မျိုးဖြစ်သည့် Bitcoin အမည်ဖြင့် Cryptocurrency တစ်ခုကို စတင်ထုတ်လုပ် ရောင်းချခဲ့ပါသည်။ လက်ရှိအချိန်တွင် စီပွားရေးလုပ်ငန်း အဖွဲ့အစည်းများ အနေဖြင့် ငွေစာရင်း အလွှဲအပြောင်း ပြုလုပ်ရာတွင် Online ပေါ်၌ Exchange များမှ တစ်ဆင့် Bitcoin အား အသုံးပြု၍သော် လည်းကောင်း၊ အခြား ဒီဂျစ်တယ် ငွေကြေးအမျိုးအစား များအား အသုံးပြု၍ လည်းကောင်း၊ အပြန်အလှန် လဲလှယ်ရောင်းဝယ် ခဲ့ကြသဖြင့် အောင်မြင်သည့် ဒီဂျစ်တယ် ငွေကြေး တစ်မျိုးအဖြစ် ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် စိတ်ဝင်စားမှု များပြားလာခဲ့ပါသည်။

ကမ္ဘာပေါ်တွင် Bitcoin ပေါ်ပေါက်လာပြီး နောက်ပိုင်း Cryptocurrency Coin အမျိုးအစား အများအပြား ပေါ်ထွက်လာခဲ့ရာ လက်ရှိဈေးကွက်ဝင် Initial Coin Offering (ICO) Coin အမျိုးအစားပေါင်း (၁၃၀၀) ကျော်ခန့် ရှိနေသော်လည်း လူသိများသော၊ စိတ်ဝင်စားမှု များသော Coin များမှာ Bitcoin (BTC) ၊ Ethereum (ETH) ၊ Ripple (XRP)၊ Bitcoin Cash(BCH)၊ Litecoin(LTC)၊ Tron(TRX)၊ Ethereum Classic(ETC)၊ Qtum(QTUM) စသည်တို့ဖြစ်ပြီး ရောင်းဝယ်မှု အနေဖြင့်လည်း အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် Cryptocurrency Market Capitalization တွင် ဈေးကွက် မဖွင့်သေးသည့် Pre-Initial Coin Offering (Pre ICO) Coin အမျိုးအစားများ ကိုလည်း မြင်တွေ့နေရပြီး ဈေးကွက်ဝင် သယောင်ယောင် အသုံးအနှုန်းများ သုံး၍ ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံအချို့တွင် Company အချို့သည် ပြည်တွင်းရှိ လူပုဂ္ဂိုလ်များနှင့် နိုင်ငံခြားသားများအား ခေါ်ဆောင်၍ ဟောပြောစည်းရုံးပွဲများအား ဟိုတယ်ခန်းမကြီးများ၌ ပြုလုပ်လာကြသည်ကို မြင်တွေ့လာရပြီး မြန်မာနိုင်ငံအတွင်း၌ပင် ထိုသို့ဟောပြောစည်းရုံးမှုများ ပြုလုပ်နေသည်ကို သတိထားတွေ့မြင် လာပါသည်။ အဆိုပါ Cryptocurrency Coin ရောင်းဝယ်နေသည့် ပြည်တွင်းရှိအမည်ခံ Company အချို့နှင့် လူပုဂ္ဂိုလ်အချို့သည် လက်ရှိတွင်လည်း ငွေကြေးဆိုင်ရာ ဟောပြောပွဲများ၊ နည်းပညာဟောပြောပွဲများ ပြည်တွင်း၌ မကြာခဏပြုလုပ်လာမှုနှင့် တိုးတက်လာသည့် ငွေကြေးသုံးစွဲမှု ပုံစံ ပြောင်းလဲလာမှု များကို လူအများစုက စိတ်ဝင်စားခြင်း မရှိသေးသော်လည်း လူနည်းစုကအဆိုပါ Cryptocurrency Coin များအပေါ် ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် အကျိုးအမြတ် များများရရှိနိုင်မည်ဟု ထင်မြင်ယူဆကာ စိတ်ဝင်စားလျက် ရှိသည်ကိုတွေ့ရှိရပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံအတွင်း၌ ကိုယ်ပိုင် အမည်တပ်၍ Cryptocurrency Coin ထုတ်လုပ်ခြင်းမရှိဘဲ Minning အလုပ်ကိုသာ ပြုလုပ်နေသည့်  Minning Company များလည်းရှိပြီး ပြည်ပ Company များမှထုတ်လုပ်သည့် Cryptocurrency Coin များကို Package အလိုက် ဈေးနှုန်းသတ်မှတ်ပြီး မြန်မာနိုင်ငံ အတွင်း၌ Multi Level Marketing (MLM) စနစ်သုံး၍ စီးပွားရေးလုပ်ငန်း တစ်ခု သဖွယ် စည်းရုံးဟောပြော၍ လည်းကောင်း၊ လောင်းကစား ဆန်ဆန်၊ စတော့ရှယ်ယာ ဆန်ဆန် အဖြစ်ဖြင့် ပြောဆို၍ လည်းကောင်း ထိုးဖောက်ဝင်ရောက် ရောင်းဝယ် လာသည်ကိုလည်း မြင်တွေ့ နေရပါသည်။ 

ဒီဂျစ်တယ်ငွေကြေး သုံးစွဲသူများ အနေဖြင့် Cryptocurrency Coin များမှာ ကွန်ပျူတာ နည်းပညာများ အပေါ် အခြေခံပြီး အင်တာနက်ပေါ်၌သာ အရောင်းအဝယ် ပြုလုပ်နိုင်သည့် အကောင်အထည် မပြနိုင်သော ငွေကြေးစနစ် တစ်ခုဖြစ်သဖြင့် အချိန်အခါမရွေး မှားယွင်းမှု၊ လိမ်လည်မှုများ ဖြစ်နိုင် သည့်အပြင် နည်းပညာ၏ အားနည်းချက် ကြောင့်လည်း ပျောက်ပျက် ဆုံးရှုံးမှုများ ရှိနိုင်သည်ကို သတိပြု ရမည်ဖြစ်ပါသည်။ ထို့အပြင် ဒီဂျစ်တယ် ငွေကြေးကို အသုံးပြု၍ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအ၀င် တရားမဝင်သော စီးပွားရေးလုပ်ငန်းများမှရ ရှိသည့် ငွေကြေးများ ကို ငွေကြေးခဝါချမှု (Money Laundering) နှင့် အကြမ်းဖက်မှုကို ထောက်ပံ့ခြင်း (Aids to Terrorist) များတွင် အသုံးချ လာနိုင်သည်ကို တာဝန်ရှိသူများ အနေဖြင့် သတိပြုရမည် ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအချို့တွင် Cryptocurrency ဒီဂျစ်တယ် ငွေကြေးများအား သုံးစွဲနေသော်လည်း နည်းပညာလုံခြုံမှု အားနည်း ခြင်းကြောင့် မကြာခဏဆိုသလို Online မှ ထိုးဖောက်ခံရပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ သည်ကို မြင်တွေ့နေရပါသည်။ ထိုသို့ ဆုံးရှုံးမှုများ ဖြစ်ပေါ်မှုကြောင့် ဒီဂျစ်တယ် ငွေကြေးနှင့် ပတ်သက်၍ နိုင်ငံအချို့တွင် အောက်ပါအတိုင်း သတင်းများ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်-

  • စင်္ကာပူနိုင်ငံ ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက် တွင် ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများ အတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ် စေနိုင်သောကြောင့် Bitcoin အပါအဝင် Digital Currency(ခ) Cryptocurrencies များကို ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် အထူး သတိထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း၊ 
  • ဂျပန်နိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဟာလူဟီကိုကူရိုဒါ က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်က ဂျပန်ဗဟိုဘဏ် အစည်းအဝေး၌ Bitcoin ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ သွေးရိုးသားရိုး ဖြစ်စဉ် မဟုတ်နိုင်ကြောင်း၊ Bitcoin သည် သမားရိုးကျ ငွေကြေးများ ကဲ့သို့ မဟုတ်ဘဲ ဗဟိုဘဏ် တစ်ခုခု (သို့မဟုတ်) အစိုးရ တစ်ရပ်ရပ်က ကျောထောက် နောက်ခံပြုပေး ထားသော ငွေကြေးလည်း မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်း အချက်အလက် များအရ လက်ရှိ (၅)လတာ ကာလအတွင်း ဂျပန်နိုင်ငံ၌ သံသယဖြစ်ဖွယ် ငွေကြေးခဝါချမှုနှင့် ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ်ငွေကြေး ဆိုင်ရာမှုခင်း(၁၇၀)ခန့် ဖြစ်ပွားခဲ့သည်ဟု ပြောကြား ခဲ့ကြောင်း၊ 
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗဟိုဘဏ်မှလည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်က Bitcoin အပါအဝင် Ethereum၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ် ငွေကြေး များအသုံးပြုခြင်းကို တားမြစ် ပိတ်ပင် ခဲ့ကြောင်း၊ Bitcoin အပါအဝင် ဒစ်ဂျစ်တယ် ငွေကြေးများသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ တရားဝင် ထုတ်လုပ် ထားသည့် ငွေကြေးများ မဟုတ်ကြောင်း၊ အဆိုပါ ငွေကြေးများကို အရောင်းအဝယ် အလွှဲအပြောင်း ပြုလုပ်ခြင်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း ဆိုင်ရာ ဥပဒေပြဌာန်းချက် များကို ချိုးဖောက်ရာ ရောက်ကြောင်း၊ နိုင်ငံအတွင်း၌ တရားဝင် အသိအမှတ်ပြုထား သည့် ငွေကြေးများ မဟုတ်သည့်အတွက် Bitcoin၊ Ethereum၊ Ripple နှင့် Litecoin အစရှိသည့် ဒစ်ဂျစ်တယ် ငွေကြေးများ အရောင်းအဝယ် ပြုလုပ်သူများ အနေဖြင့် ဆုံးရှုံး နစ်နာမှုများရှိပါက ဥပဒေကြောင်း အရ နစ်နာကြေးတောင်းခံပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံသားများ အနေဖြင့် ဒီဂျစ်တယ်ငွေကြေး များအား အရောင်းအဝယ် ပြုလုပ်ခြင်း၊ အလွှဲအပြောင်း ပြုလုပ်ခြင်း၊ အကူအညီ ပေးခြင်းနှင့် ကြော်ငြာပေးခြင်း အစရှိသည့်လုပ်ငန်း များကို ရှောင်ကြဉ်ကြရန် ဗဟိုဘဏ်မှ မေတ္တာရပ်ခံ ထားကြောင်း၊ 
  • တရုတ်နိုင်ငံ၌ Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ်ပြုလုပ်မှုအား ၂၀၁၇ ခုနှစ်မှ စတင်တားမြစ်ကာ တရားမဝင်ငွေကြေး အရောင်းအဝယ် များအဖြစ် သတ်မှတ်ခဲ့ပြီး အရေးယူမှု များ စတင်ပြုလုပ် လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်သည့် Website များ၊ မိုဘိုင်းဖုန်းများတွင် ထည့်သွင်း ထားသည့် ဆော့ဖ်ဝဲလ်များနှင့် အခြားသောဝန်ဆောင်မှု လုပ်ငန်းများ အားလုံးကို ပစ်မှတ်ထား၍ နှိမ်နှင်းမှုများ စတင်ပြုလုပ်လျက် ရှိသော်လည်း ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုများမှာ ဆက်လက်ဖြစ်ပေါ်နေ ဆဲဖြစ်သောကြောင့် တရုတ်အစိုးရမှ ယခုကဲ့သို့ အရေးယူ နှိမ်နှင်းမှုများ စတင်ပြုလုပ် လာခြင်းဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေး အရောင်းအဝယ်နှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ဆက်လက် ပစ်မှတ်ထား အရေးယူသွားရန် စီစဉ်ထားကြောင်း၊ 
  • အင်တာနက် Website များတွင်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဗဟိုဘဏ်များ အပါအဝင် ငွေကြေးအဖွဲ့အစည်းများ၏ သတိပေးချက် များကြောင့် ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက် အပေါ် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လာကြသည့် အတွက် ခရစ္စမတ်အကြို ကာလတွင် ဒစ်ဂျစ်တယ်ငွေကြေး များ၏တန်ဖိုးမှာ အဆမတန် ကျဆင်းလာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်တွင် ဒစ်ဂျစ်တယ်ငွေကြေး များအနက် တန်ဖိုးအမြင့်ဆုံး ဖြစ်သော Bitcoin ၏တန်ဖိုးမှာ(၁၃%) ကျဆင်းခဲ့ပြီး (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၃,၃၆၇) ဒေါ်လာဖြင့် ဈေးပိတ် သွားခဲ့ကြောင်း၊ အလားတူ ဒုတိယတန်ဖိုး အမြင့်ဆုံး ဖြစ်သည့် Ethereum တန်ဖိုးမှာလည်း (၁၂%) ကျဆင်းကာ (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၆၆၃.၇၇) ဒေါ်လာဖြင့် ဈေးပိတ် သွားခဲ့ကြောင်း၊ ထို့အပြင် အခြား ရေပန်းစားသည့် ဒစ်ဂျစ်တယ် ငွေကြေး (၁၀)မျိုး၏ တန်ဖိုးမှာလည်း (၁၉%)အထိ ကျဆင်း လာခဲ့ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးများ တန်ဖိုး ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ် ငွေကြေး ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံ ထားသူများမှာ စိုးရိမ်လျက် ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၆၀) ဘီလီယံ ကျော်ရှိကြောင်း၊
  • ထိုင်းနိုင်ငံ၌ Bitcoin အပါအဝင် ဒီဂျစ်တယ်ငွေကြေးများ အသုံးပြု၍ ငွေကြေးခဝါချ နေခြင်းကို ထိန်းချုပ်နိုင်ရန် အတွက် ဒီဂျစ်တယ်ငွေကြေး အိတ်ချိန်း လုပ်ငန်းရှင်များ အနေဖြင့် နေ့စဉ် ဒီဂျစ်တယ်ငွေကြေး အရောင်းအဝယ် အလွှဲအပြောင်း ကိစ္စများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ထံ မဖြစ်မနေ သတင်းပို့ရမည်ဟု ထိုင်းအစိုးရက အမိန့်ထုတ်ပြန် ခဲ့ကြောင်း၊ 
  • ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ဒီဂျစ်တယ်ငွေကြေး အိတ်ချိန်း တစ်ခုဖြစ် သည့် Coincheck အား ဟက်ကာများက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်တွင် ဝင်ရောက် ထိုးဖောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅၃၄)သန်း တန်ဖိုး ရှိ ဒီဂျစ်တယ် ငွေကြေးများကို ခိုးယူသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ဒီဂျစ်တယ်ငွေကြေး အိတ်ချိန်းများ၌ ဆိုက်ဘာ လုံခြုံရေးကို အထူးဂရုပြုကြရန် ဂျပန်အစိုးရမှ ညွှန်ကြားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူပေါင်း (၂၆၀၀၀၀) ဦးခန့်မှာ ငွေကြေးဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ 
  • လူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook သည် Bitcoin အပါအဝင် ဒီဂျစ်တယ် ငွေကြေးများနှင့် ပတ်သက်သည့် Page များ၊ကြော်ငြာများအား Facebook များပေါ်တွင် ဖော်ပြခြင်းကို ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ (၃၀)ရက်မှ စတင်၍ တားမြစ်ပိတ်ပင် ခဲ့ကြောင်း၊ ဒီဂျစ်တယ်ငွေကြေး များနှင့် ပတ်သက်၍ Facebook မှ ထုတ်ပြန်သည့် ကြေညာချက်၌ Facebook စာမျက်နှာပေါ်ရှိ ကြော်ငြာများသည် ပြည်သူများအတွက် ဘေးကင်း လုံခြုံမှုကို ပေးစွမ်းနိုင်သည့် ဖော်ပြချက်များ ဖြစ်သင့်ကြောင်း၊ Facebook သည် လူထုကို အကျိုးပြု နိုင်ရန် တည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လူထု အကျိုးစီးပွားကို ထိခိုက်စေ နိုင်သော၊ လူထုအား လမ်းလွဲသို့ ရောက်ရှိစေနိုင်သော ဒီဂျစ်တယ်ငွေကြေး များနှင့် ပတ်သက်သည့် ကြော်ငြာများ၊ ရေးသားချက်များကို တင်ပြခွင့်ပြုတော့မည် မဟုတ်ဟု ဖော်ပြထားကြောင်း၊ Facebook ၏ကြေညာချက် မထွက်ပေါ်မီက တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀၀) အထက်၌ ဖြစ်ပေါ်နေသော Bitcoin ဈေးနူန်းသည် Facebook ကြေညာချက် ထွက်ပေါ်ပြီး နောက်တွင် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၉၈၁၇) သို့ ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလ အတွင်း Bitcoin တန်ဖိုးမှာ(၃၁%) ကျဆင်းခဲ့ပြီး အခြား လူသုံးများသော ဒီဂျစ်တယ် ငွေကြေးများဖြစ်သည့် Ripple , Ethereum နှင့် Litecoin တန်ဖိုးများမှာ (၂%)ခန့် အသီးသီး ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 


မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် (၄/၅)နှစ်ခန့်မှစ၍ Online Website များ၊ Facebook လူမှုကွန်ရက်၊ အင်တာနက် သုံးစွဲမှုများ၊ များပြားလာပြီးနောက် Financial Technology (Fintech) အသုံးအနှုန်းများပါ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခဲ့ပါသည်။ Financial နှင့် ပတ်သက်သည့် ပြည်တွင်းကုမ္ပဏီ အချို့မှဦးဆောင်၍ ပြည်တွင်း၊ ပြည်ပမှပညာရှင်များ ပူးပေါင်းကာ Fintech ဟောပြောပွဲများ ပြည်တွင်း၌ မကြာခဏ ပြုလုပ်လာကြ သဖြင့် Online Shopping လုပ်ငန်း များလည်း ကျယ်ပြန့်များပြား လာခဲ့ပါသည်။ ထိုသို့ Online သုံးစွဲဝယ်ယူရာတွင် အသုံးပြုသည့် Visa Card ၊ Master Card ၊ Paypal Card အစရှိသည်များကိုပါ သုံးစွဲလာသည့် အပြင် အဆိုပါ ကတ်များနှင့် အတူ ချိတ်ဆက် အသုံးပြုနိုင်သည့် Cryptocurrency ဒီဂျစ်တယ်ငွေကြေး တစ်မျိုး ဖြစ်သည့် Bitcoin ကိုပါ မြန်မာနိုင်ငံတွင် လူသိများလာခဲ့ပါသည်။ 

၂၀၁၂ ခုနှစ်က Bitcoin တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၄၅)ဒေါ်လာခန့် ဖြစ်ပေါ်နေရာမှ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်တွင် အမေရိကန် ဒေါ်လာ (၁၈၀၀၀)အထိ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၈ ခုနှစ် နှစ်စပိုင်း လက်ရှိအခြေ အချိန်တွင်လည်း အမေရိကန်ဒေါ်လာ (၁၀၀၀၀) ဝန်းကျင်ခန့် ဈေးနှုန်းဖြစ်ပေါ် နေသဖြင့် စီးပွားရေး စိတ်ဝင်စားသူများကပါ သေချာစွာ လေ့လာစုံစမ်းခြင်း မပြုတော့ဘဲ ၀ယ်ယူရင်းနှီး မြှုပ်နှံလျှင် အကျိုးအမြတ်ရမည် အထင်ဖြင့် ပါဝင်လာသည်ကို တွေ့ရှိလာရ ပါသည်။ Bitcoin အပေါ် လူသုံးစွဲမှု များပြားလာမှု ကြောင့် ဈေးနှုန်းမြင့်တက် လာသည်ကို အကြောင်းပြု၍ ၎င်းနှင့် အလားသဏ္ဍာန်တူ ဆင်တူရိုးမှား Coin များလည်း မြန်မာနိုင်ငံ အတွင်း၌ နိုင်ငံခြားသားများ ပါဝင်သည့် ပြည်ပနိုင်ငံ အခြေစိုက်ကုမ္ပဏီများ လာရောက်ကာ Multi Level Marketing ပုံစံမျိုး ဆင့်ပွားစနစ် အသုံးပြု၍ ဈေးကွက်ရှာဖွေ လုပ်ကိုင်မှုများ ရှိလာပါသည်။ ၎င်းတို့သည် နည်းပညာ နားလည်သူထက် စည်းရုံးရ လွယ်ကူသည့်၊ နည်းပညာ ဗဟုသုတ နည်းပါးသည့် နယ်မြေဒေသ များသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံစေရန် စည်းရုံးလုပ်ဆောင် နေသည်ကို တွေ့မြင်နေရသဖြင့် နည်းပညာ နှင့်ပတ်သက်၍ အကျွမ်းတဝင် မရှိသေးသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ ကျွမ်းကျင်မှု မရှိသော ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းများအပေါ် ဗဟုသုတ အနေဖြင့်သာ လေ့လာသင့် ပါသည်။ ပြည်တွင်း၌လည်း အင်တာနက် Website များပေါ်ရှိ Coin Market Cap ၊ World Coin Index ၊ Cryptocurrency Market Capital တို့တွင် ဖော်ပြထားသည့် Bitcoin ကဲ့သို့သော ဈေးကွက်ဝင် Initial Coin Offering (ICO) Coin(၁၀)မျိုး ခန့်နှင့် ဈေးကွက် မဖွင့်သေးသည့် Pre-Initial Coin Offering (Pre ICO) Coin (၄/၅)မျိုးခန့်လည်း အရောင်းအ၀ယ် ပြုလုပ်မှုများ ရှိနေပြီး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မက်လုံးပေးစည်းရုံး ပြောဆိုမှုများ ပြုလုပ်ခြင်းတို့ကိုလည်း မြင်တွေ့ နေရကြောင်း၊ အစိုးရနှင့် မည်သည့် အဖွဲ့အစည်းများ ကမှ ကျောထောက် နောက်ခံမရှိဘဲ  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ပြုလုပ်မည် ဆိုပါက စနစ်တကျလေ့လာ သုံးသပ်စဉ်းစား ဆင်ခြင်သင့် ပါသည်။

Cryptocurrency(ခ) Digital Currency (ခ) Coin ဒီဂျစ်တယ်ငွေကြေး များအား အစိုးရတစ်ခုခုက ကျောထောက်နောက်ခံ ပြုထားခြင်းမရှိဘဲ လွတ်လပ်ခြင်း၊ အနှောင်အဖွဲ့ ကင်းခြင်း ကိုအကြောင်းပြု၍ လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် အယုံလွယ်သူ၊ လောဘကြီးသူ၊ ဗဟုသုတ နည်းပါးသူများ အနေဖြင့် ဆုံးရှုံးနစ်နာမှုများ အချိန်မရွေး ဖြစ်လာနိုင်သကဲ့သို့ ထိုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို အထိုက်အလျောက် ထိခိုက် ရိုက်ခတ် လာနိုင်မည် ဖြစ်သောကြောင့် အထက်ဖော်ပြပါ နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များအပေါ် နမူနာယူ၍ ယနေ့တိုးတက် လာနေသည့် ငွေကြေးသုံးစွဲမှု ဆိုင်ရာနည်းပညာ (Financial Technology) ခေတ်တွင် ဒီဂျစ်တယ်ငွေကြေး မှာ သတိပြုဆင်ခြင် နိုင်စရာ တစ်ခုအဖြစ် လောဘမကြီး၊ အယုံမလွယ်ဘဲ စဉ်းစားချင့်ချိန် နိုင်စရာ အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ဗဟုသုတ တစ်ရပ်အနေဖြင့် အသိပေး တိုက်တွန်း လိုက်ရပါသည်။

မူရင်းနေရာ
Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/

No comments: