Thursday, May 3, 2018

ချိုသာယဉ်ကျေးစွာ ပြောဆိုပါ


ချိုသာယဉ်ကျေးစွာ ပြောဆိုပါ

လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြ၏။ လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြရ သော်လည်း မျိုးရိုးမျိုးနွယ် အလိုက် သုံးနှုန်းကြသည့် ဘာသာစကားတော့ မတူညီပေ။ အင်္ဂလိပ်လူမျိုးတို့သည် သူတို့လူမျိုး ဘာသာစကား ဖြစ်သည့် အင်္ဂလိပ်စကား ကိုသာ ပြောကြသည်။ ထို့အတူ တရုတ်လူမျိုးများသည်လည်း သူတို့လူမျိုး ဘာသာစကားဖြစ်သည့် တရုတ်စကားကို ပြောကြသည်။ မိမိတို့ မြန်မာလူမျိုး တို့သည်လည်း မိမိတို့၏ ဘာသာစကား ဖြစ်သည့် မြန်မာစကားကို ပြောကြသည်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို စကားပြော ကြရ၏။


စကားကို လူတိုင်း လူတိုင်း ပြောနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြ ပုံတော့ မတူညီလှပေ။ အချို့သူများသည် စကားကို ချိုချိုသာသာဖြင့် ပြောတတ်ကြပြီး အချို့ လူများသည် စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောတတ်ကြသည်။ အချို့ သူများသည် စကားကို ကျယ်လောင်စွာ ပြောဆိုတတ်ကြ၏။ အချို့ သူများသည်လည်း တိုးတိုးသက်သာ ပြောကြသည်။ လူတစ်ကိုယ် စိတ်တစ်မျိုးဖြစ် သောကြောင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုပုံများ မတူညီကြသည်မှာ သိပ်တော့ မထူးဆန်းလှပေ။

ကမ္ဘာကြီးသည် အလွန် ကျယ်လွန်းလှ၏။ ထိုနိုင်ငံပေါင်း မြောက်မြားစွာ ရှိသည့်အနက် မိမိတို့မြန်မာ နိုင်ငံလည်း ပါဝင်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် လည်း တောင်ပေါ်မြေပြန့် ၊ အပူပိုင်း ၊ အအေးပိုင်းဟူ၍ လည်း နေရာဒေသများစွာ ရှိ၏။ ထိုကဲ့သို့ နေရာဒေသ များစွာရှိသောကြောင့် စကားပြောဆိုပုံ လေယူလေသိမ်း များလည်း ဒေသတစ်ခုနှင့် တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ ၊ တစ်ရွာနှင့်တစ်ရွာ စကားပြောဆိုပုံ၊ စကားလုံး သုံးနှုန်းပုံများ မတူညီကြပေ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည့်စကားအတိုင်း တစ်နေရာနှင့် တစ်နေရာ၊ တစ်ဒေသနှင့် တစ်ဒေသ ဆန်းပြားကြ၏။

စကားသည် အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြရာတွင် နှုတ်ဖြင့် စကားမိတ်ဆက် ကြရသည်။ စကားတစ်ခွန်းကြောင့် လူတစ်ဦး ပျော်ရွှင်တက်ကြွ သွားနိုင်သလို စကား တစ်ခွန်းကြောင့် လူတစ်ဦးမှိုင်တွေ သွားနိုင်သည်။ စကားတစ်ခွန်းကြောင့် လူတစ်ဦး အလွန်ပျော်ရသလို စကားတစ်ခွန်းကြောင့် လူတစ်ဦး ငိုကြွေးသွား စေနိုင်သည်။ စကားတစ်ခွန်းကြောင့် လူတစ်ဦး၏ အသက်လည်း သေစေနိုင်သည်။ စကားတစ်ခွန်းကြောင့် အသက်ပို၍ ရှည်လာနိုင်၏။ စကားတစ်ခွန်းကြောင့် လူတစ်ဦး စိတ်ချမ်းသာ နိုင်သလို စကားတစ်ခွန်းကြောင့်ပဲ လူတစ်ဦးစိတ်ဆင်းရဲ စေနိုင်သည်။ ထို့ကြောင့် အလွန် အရေးကြီးသော၊ အရေးပါသော အရာသည်စကားဟု ပြောလျှင် မမှားနိုင်ပေ။

" စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ " ဆိုသကဲ့သို့ လူတစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး မဆုံမတွေ့ဖူး ကြသေးသော်လည်း ပထမဆုံး တွေ့ဆုံကြသည့်အခါ စကားဖြင့် နှုတ်ဆက်၊ မိတ်ဆက်ကြ သည့် အခါတွင် တစ်ယောက်ကို တစ်ယောက် စကား အသွားအလာ၊ အပြောအဆိုကို ကြည့်၍ အတွင်းစိတ်ကို အကဲခတ်ကြ၏။ သို့ပါသောကြောင့် လူတိုင်း လူတိုင်း စကားကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း ချိုသာ ယဉ်ကျေးစွာ ပြောဆိုတတ်ရန် အထူးပင် လိုအပ်ကြသည်။ သို့မှသာ လူမှုနယ်ပယ် ပတ်ဝန်းကျင်တွင် လူတိုင်း လူတိုင်းနှင့် သဟဇာတ မျှနေမည်မှာ အမှန်ပင် ဖြစ်သည်။

" ကြမ်းကျွံက နုတ်သော်ရ " ၊ " စကားကျွံက နုတ်မရ" ဆိုသကဲ့သို့ မိမိပြောဆိုသည့် စကားလုံးများကို သတိပြု ဆင်ခြင်သုံးစွဲ ပြောဆိုသင့်ပေသည်။ တစ်ဦး တစ်ယောက်က မိမိပြောသော စကားကို စောင့်မျှော်
မျှော်လင့်ရစေသော စကား မပြောမိရန်လည်း အထူး သတိထားရပေမည်။ လောကကြီးမှာ စကား အပြောအဆိုသည် အလွန်အင်မတန် အရေးကြီးလှသည်။ စကားသည် လူသားတိုင်း အတွက် အသုံးအ၀င်ဆုံးနှင့်
မသုံးမဖြစ် သုံးရသော အရာတစ်ခုဖြစ်သည်။ စကားကြောင့် မုန်းကြ၏၊ စကားကြောင့် ချစ်ကြ၏။ စကားပြောဆိုရာမှာ သတိရှိမှသာလျှင် စကားမကျွံ နှုတ်မလွန်မှာ အမှန်ပင်ဖြစ်သည်။

" နှုတ်ကောင်းတော့ပြည်စိုး " ၊ " နှုတ်ချို သျှိုတစ်ပါး " ဆိုသကဲ့သို့ စကားပြောသည့် အခါမှာ ချိုသာရန်လည်း အလွန် အရေးကြီးသည်။ စကားကို ချိုချိုသာသာ မပြောတတ်သူများ ကိုတော့ လူတိုင်း လူတိုင်းက သဘောကျမည် မဟုတ်ပါ။ ၎င်းကိုဖြင့် လူတိုင်းက ရှောင်ဖယ်နေကြ မည်မှာ အမှန်ပင်ဖြစ်၏။ ချိုချိုသာသာ ပြောဆိုခြင်းကိုသာ လူတိုင်းသဘောကျ နှစ်ခြိုက်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ပြောရလျှင် မိမိ လုပ်ကိုင်နေသော အလုပ်တစ်ခုတွင် မိမိ၏ အထက်လူကြီးက မိမိကို အလုပ် တာဝန်တစ်ခု ပေးခဲ့ပါက အထက်လူကြီးက မိမိကို ချိုသာစွာ အခိုင်းမခံရပါက ၎င်းအလုပ်ကို အလုပ် သဘောအရ လုပ်ပေးရ သော်လည်း စိတ်မပါ၊ စေတနာပါမည် မဟုတ်သလို စိတ်ထဲတွင် မခံချိမခံသာ ဖြစ်နေမည်မှာ အမှန်ပင်ဖြစ်၏။ ထိုကဲ့သို့ ခိုင်းဆိုခြင်း မဟုတ်ဘဲ မိမိကို " ညီလေးရေ ဒီအလုပ်လေး အရေးကြီးလို့ ဒီနေ့အပြီး လုပ်ပေးပါဦးကွာ " ဟု ခိုင်းခဲ့မည်ဆိုပါလျှင် အခိုင်းခံရသော မိမိ အနေဖြင့် စိတ်ပါလက်ပါ စေတနာများစွာနှင့် လုပ်ပေးနေမည်မှာ အမှန်ပင်ဖြစ်၏။

သို့ပါသောကြောင့် စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုတတ်ကြရန် လည်း အထူး အရေးကြီးသည်။ လောကကြီးထဲတွင် ရုပ်ချောအောင် ပြင်ဆင်ရန်သာ ခက်၏။ နှုတ်ချောအောင် လေ့ကျင့်ယူပါက ရနိုင်၏။ တန်ဖိုးရှိသော စကားများကို နားထောင်သင့်၊ ပြောဆိုသင့်သည်။ ပညာရှိများကို လေ့လာဆည်းပူး ကြရပေမည်။ အဆုံးအမ များကိုလည်း လိုက်နာ ကြရပေမည်။ မိမိကိုယ်မိမိလည်း သတိထားပြောဆို သင့်ပေသည်။ နေ့စဉ်နှင့်အမျှ ပြောဆိုနေရပါသော စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်ရန်လည်း အထူး လိုအပ်ပေ၏။ စကားကို ကောင်းမွန် ချိုသာစွာ ပြောဆိုတတ်မှ သာလျှင် မိမိ ပတ်ဝန်းကျင်တွင် အဆင်ပြေမည် ဖြစ်၏။

မိမိပြောဆိုသည့် စကားကြောင့် တစ်ဖတ်သား မည်သို့ ခံစားရမည်ကို မပြောမီ မိမိအနေဖြင့် ကြိုတင် စဉ်းစားသင့်ပေသည်။ မိမိအနေဖြင့် စကားကို လိမ်ညာ၍ ပြောဆိုရမည် ဆိုပါလျှင် တစ်ဖက်သား ထိခိုက်နစ်နာ စေသည့် စကားများကိုဖြင့် မပြောစေလိုပါ။ မိမိပြောလိုသည့် စကားက တစ်ဖက်သား စိတ်ချမ်းသာ ပျော်ရွှင်သွား စေနိုင်ပါက စိတ်ထဲမျှမရှိလည်း ပြောသင့်ပေ၏။ မိမိကြောင့် တစ်ဖက်သားပျော်ရွှင် စိတ်ချမ်းသာသည်မှာ မိမိလည်း ကုသိုလ်ရ၏။

စကားသည် ငွေဖြင့် မ၀ယ်ရသော်လည်း တန်ဖိုးရှိသော အရာ၊ တန်ဖိုးရှိဆုံး အရာဖြစ်၏။ လေ၀ယ်ရတာ မှတ်လို့ ဆိုသောအတွေးဖြင့် လက်လွတ်စပယ် ပြော၍ မရသည်ကိုလည်း စာဖတ်သူတို့ အနေဖြင့် အထူးသိထားသင့် ပေသည်။

စာရေးသူ၏ အဖေသည် စကားပြောဆိုခြင်း အတတ်ပညာကို ကောင်းစွာ တတ်သည်ဟု ပြော၍ ရပေသည်။ စာရေးသူ၏ အဖေကို ရပ်ကွက်ထဲ သာမက စာရေးသူတို့ ရွာနီးချုပ်စပ်က ရွာများကပါ သိကြ၏။ သဘောကောင်း၊ အပြောကောင်းမို့ လူချစ်လူခင်များ၏။ စာရေးသူ၏ အဖေကို စံနမူနာယူ၍ စာရေးသူ သည်လည်း စကားကို ချိုသာယဉ်ကျေး ရှင်းလင်းတိကျ ပြတ်သားစွာ ပြောဆိုတတ် လာခဲ့၏။ ချိုသာသော စကားများသည် အလွန်စူးရှသည့် ပီယဆေးများ ပါသည်ဟု စာရေးသူ၏ အဖေက ပြောဖူးသည်။ ထိုစကားကို အချိန် တော်တော်ကြာမှ စာရေးသူ နားလည် သဘောပေါက် လာခဲ့သည်။ ချိုသာသော စကားများသည် အလွန်စူးရှသည့် ပီယဆေး ပါသည်မှာ ပျားရည်ဖြင့် ယင်ကောင်ဖမ်း သလိုမျိုးနှင့် တူသည်။ ချိုသာသော စကားများကြောင့် လူကြမ်း၊ လူရမ်းမှာ ပျော့ပျောင်းသွား စေနိုင်သည်။ စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုတတ်သော သူများသည် မိမိ ပတ်ဝန်းကျင်နှင့် သာမက ကမ္ဘာလောကကြီး၏ မည်သည့်နေရာပဲ ရောက်ရောက် အဆင်ပြေ နေမည်မှာ အမှန်ပင်ဖြစ်သည်။

သို့ဖြစ်ရာလူတိုင်း လူတိုင်း စကားပြောခြင်း အတတ်ပညာနှင့် လူချစ်လူခင် များအောင် ချိုသာ ယဉ်ကျေးစွာ ပြောဆိုတတ်ကြ စေရန် စေတနာထား ရေးသား အကြံပြု လိုက်ပါသည်။

ဇင်မင်း (မြို့သာ)
ရတနာပုံနေ့စဉ်

1 comment:

Anonymous said...

ယူနီကုတ် နဲ့ ဖတ်ချင်ပါတယ်