Friday, April 6, 2018

မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ


မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ

ဥစ္စာဖြိုစားဖိုက ဆိုတဲ့ စကားပုံဟာ ရှုထောင့်ပေါင်းစုံ ကနေ မှန်နေတာကို တွေ့ရပါတယ်။ အချို့သော အစားအစာတွေ ၊ အစိတ်အပိုင်းတွေကို စားလို့ မရပေမယ့် အကျိုးရှိရှိ အသုံးချလို့ ရတာတွေ အများကြီးရှိတာကို တွေ့ရပါတယ်။




ဖရဲသီးအခွံက ကာမအား ကို ကောင်းစေပါတယ်။ ဗီတာမင် C နဲ့ B6 ပါလို့ အသားအရေ လှမယ်။ ရောဂါ ခုခံစနစ်နဲ့ အာရုံကြော အားကို ကောင်းစေမယ်။ ဒါ့ပြင် စီထရာလင်း လဲပါဝင်ပါတယ်။ ခန္ဓာကိုယ်က စီထရာလင်း ကို အမိုင်နိုအက်စစ် အဖြစ် ပြောင်းပေးတော့ သွေးလည်ပတ်အားကို ကောင်းစေတဲ့ အကျိုး သက်ရောက်မှုက အိမ်ထောင်ရေးကိစ္စ အထိ အကျိုးပြုပါတယ်။ ဖရဲခွံကို ကြိတ်ပြီး ဖျော်ရည် လုပ်သောက်လို့ ရသလို အိုးကင်းပူ တိုက်ပြီး ပြန်ကြော်စားလို့လဲ ရပါတယ်။

ငှက်ပျောသီးအခွံကို ပတ်တီးလုပ်လို့ ရပါတယ်။ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို စွန့်ပစ်တဲ့ ငှက်ပျော်ခွံက အနည်းဆုံး တန်ချိန်ပေါင်း သန်း ၄၀ ရှိပါတယ်။ ငှက်ပျောခွံနဲ့ သားရေထည်တွေ ပြောင်လက် လာအောင်တိုက်လို့ ရပါတယ်။ အတွင်းပိုင်းနဲ့ တိုက်ပါ။ အနာပေါ် အုပ်ထားပေးရင် ငှက်ပျောခွံထဲက ပိုတက်ဆီယမ် စိမ့်ဝင်သွားပြီး အနာကျက် မြန်မယ်၊ အမာရွတ် အဖြစ်နည်းမယ်၊ ငှက်ပျောခွံကို ရေစိမ် ရလာတဲ့ရေကို ရိုးရိုးရေ ငါးဆ၊ ငှက်ပျောစိမ်ရည် တစ်ဆနဲ့ ရောပြီး အပင်တွေကို လောင်းရင် မြေသြဇာဖြစ်တယ်။ ငှက်ပျောခွံကို ၀ါးစားလို့လဲ ရပါတယ်။ ဆီးချို ၊ နှလုံးနဲ့ ကင်ဆာရောဂါ တို့ကို သက်သာ စေနိုင်တဲ့ ကာရိုတီနွိုက် နဲ့ ပိုလီဖနော ဓာတ်တွေ ပါဝင်ပါတယ်။ ငှက်ပျောခွံကို ကောင်းကောင်းဆေးပြီး စက်နဲ့ ဖျော်ရည်ဖျော်ပါ။ ပါးပါးလှီးပြီး ၁၀ မိနစ်လောက် ပြုတ်ပြီးတော့ ဟင်းထဲ ရောစားပါ။

ဖရုံသီးအနှစ်နဲ့ Face Mask လုပ်နိုင်ပါတယ်။ ဖရုံသီးအနှစ်မှာ ဗီတာမင် A, C, E တို့အပြင် အသားအရေကို ချောမွေ့စေတဲ့ ရီတီနွိက် အက်စစ် ၊ ဇင့်တို့ ပါဝင်ပါတယ်။ ဖရုံသီးကို ပြုတ်ပါ၊ အနှစ် နှစ်ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ သစ်ကြံပိုး ခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနဲ့ ရောပါ။ မျက်နှာပေါ်လိမ်းပါ။ ၁၀ မိနစ် လောက်ထားပြီး မျက်နှာသစ်လိုက်ပါ။ အသားအရေ ခြောက်ရင် ခုနကဟာထဲကို သကြားနည်းနည်း ထည့်ပါ။ အဆီပြန်ရင် Cran-berry Jice  နည်းနည်းထည့်ပါ။

အာလူးခွံက အိုမင်းရင့်ရော် ခြင်းကို တန်ပြန်ပါတယ်။ အာလူးခွံ ကပ်ထားပေး လိုက်ရင် မျက်လုံးအောက်က မည်းနေတာတွေ ပျောက်ပါတယ်။ အာလူးခွံမှာ ကက်တာကိုလိတ် အင်ဇိုင်းပါပြီး အသားဖြူ စေပါတယ်။ တွန့်နေတဲ့ အသားအရေပေါ် အာလူးခွံနဲ့ ပွတ်ပေးနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီး မျက်လုံးပေါ် တင်ပြီးတော့ ၁၀ မိနစ်လောက် ထားကြည့်ပါ။ တစ်ပတ်ကို နှစ်ရက်လောက် ပုံမှန် လုပ်ကြည့်ပါ။ အကျိုးထူး လာပါလိမ့်မယ်။

ပေါင်မုန့်မလတ်တော့ရင်လဲ အသုံးဝင် ပါသေးတယ်။ ကော်ဖီကြိတ်စက်ထဲ အနံ့ဆိုးတွေ စွဲနေရင် အဲဒီပေါင်မုန့်နဲ့ ပွတ်ပေးပါ။ နံရံပေါ်ကလေးတွေ ရေးခြစ်သွားပြီ ဆိုရင်လဲ ပေါင်မုန့်နဲ့ ပွတ်လိုက်ပါ။ နံရံကို ရေအရင်ဆွတ်ပြီးမှ ပေါင်မုန့်နဲ့ပွတ်၊ ပြီးရင် ရေနဲ့ထပ်ပွတ် လိုက်ရင် သင် ပြုံးသွားပါလိမ့်မယ်။

ကြက်သွန်နီရဲ့အခွံက သွေးကြောထဲ သွေးမခဲအောင် ၊ သွေးတွင်း သကြားဓာတ် တက်မလာအောင် ၊ ရောင်နာတာတွေ သက်သာအောင် စွမ်းဆောင်နိုင် ပါတယ်။ ဘယ်လိုသုံးရမလဲ ဆိုရင် အစားအသောက် တွေချက်ပြုတ် တဲ့အခါ ကြက်သွန်နီ အခွံကို အထုပ်လေးထဲ ထည့်ပြီး အိုးထဲထည့်စိမ်ပါ။ သူ့အာနိသင်တွေ ဟင်းထဲ ရောက်သွားပါမယ်။ အနံ့လေးလဲ မွှေးသွားပါလိမ့်မယ်။ ဟင်းမခပ်ခင် အဲဒီ ကြက်သွန်နီအခွံ တွေကို ပြန်ထုတ်လိုက်ပါ။ စကားမစပ် EU တစ်နေရာတည်းမှာ တစ်နှစ်ကို ကြက်သွန်နီနဲ့ ဆက်စပ်ပစ္စည်းတွေ စွန့်ပစ်တာ တန်ချိန် ငါးသိန်းထက်မနည်း ရှိပါတယ်။

သံလွင်ဆီ သက်တမ်းကုန်သွားလဲ မိတ်ကပ်ဖျက်ဆေး အဖြစ် သုံးလို့ ရပါတယ်။ အထူးသဖြင့် မျက်ဝန်းပေါ်က မိတ်ကပ်တွေကို ဖျက်ဖို့ သံလွင်ဆီ တစ်တို့လေး သုံးကြည့်လိုက်ပါ။ ဇစ်တွေကျပ်နေ၊ ထစ်နေရင်လဲ သံလွင်ဆီ တစ်တို့သာ ထည့်ပေးလိုက်ပါ။ ခွေးချစ်သူများ ခွေးရဲ့လက်ဖ၀ါး၊ ခြေဖ၀ါးတွေကို သံလွင်ဆီ သုတ်ပြီးဆုပ်နယ် ပေးလိုက်ပါ။ ခြေဖ၀ါး ၊ လက်ဖ၀ါး ကွဲတာတွေ ၊ နာနေတာတွေ သက်သာ စေပါတယ်။ အိုးနဲ့ စိုက်ထားတဲ့ ပန်းပင်တွေရဲ့ အရွက်တွေကို သုတ်ပေးပါ။ စိုတောက်လှပ လာပါလိမ့်မယ်။ ဖိနပ်တိုက်ပါ။ 

လိမ္မော်ခွံကို ပုရွက်ဆိတ်မောင်းဖို့ သုံးပါ။ လိမ္မော်ခွံမှာပါတဲ့ လီမိုနင်အဆီ ကို ပုရွက်ဆိတ်တွေ မုန်းပါတယ်။ လိမ္မော်ခွံတွေကို ဖျော်ရည်ဖျော်စက်နဲ့ ကြိတ်လိုက်ပါ။ ရေနည်းနည်း ထည့်ပေါ့။ ပုရွက်ဆိတ် ထွက်လာတဲ့ နေရာတွေကို လိုက်ဖျန်းပေးပါ။ တောင်တက်ခရီး တွေသွားရင် လိမ္မော်ခွံတွေကို ဘေးနားချထားပါ။ ပုရွက်ဆိတ် မလာပါဘူး။ ခြင်နဲ့ယင်တွေပါ ဒီအနံ့ကို မုန်းပါတယ်။

ရှောက်ခါးသီးအခွံက ကော်လက်စထရော ကို ကျစေပါတယ်။ သူ့မှာ ပက်တင်း လို့ခေါ်တဲ့ ဖိုင်ဘာတစ်မျိုး ပါပါတယ်။ ဒါပေမဲ့ ရှောက်ခါးသီးစားရင် အခွံကို လွှင့်ပစ်နေကြတာ ခက်ပါတယ်။ စားပုံစားနည်းက လွယ်ပါတယ်။ ရှောက်ခါးသီး အခွံကို ခြစ်ယူပါ။ အသုပ်တွေ လုပ်တဲ့အခါ ထည့်စားပါ။ ယိုထိုးပြီး စားတာကတော့ အကောင်းဆုံးပဲပေါ့။

မြေပဲခွံကို ကြောင်ချေးပန်းဖို့ သုံးနိုင်ပါတယ်။ မြေပဲခွံကို ရေစိမ်ပါ။ ဆပ်ပြာနည်းနည်း ရောပါ။ ဆိုဒါမှုန့် နည်းနည်းဖြူးပါ။ ကြောင်ချေး ပါတတ်တဲ့နေရာမှာ ချထားပေးပါ။ သူကိစ္စပြီးရင် အသာလေးလုံးပြီး ကျုံးလိုက်ရုံပဲ။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပါဘူး လို့ လေ့လာရေးသား လိုက်ရပါတယ်။

TMK ဘာသာပြန်သည်
ရတနာပုံနေ့စဉ်

No comments: